ကမ္မဋ္ဌာန်း ထိုင်ခြင်းဣရိယာပုထ်
“ဣဓ ဘိက္ခဝေ ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ။ သော သတော၀ အဿသတိ၊ သတော၀ ပဿသတိ။”
“ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ဖြစ်စေ တင်ပလ္လင် ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ သတိကို (ကမ္မဋ္ဌာန်းသို့) ရှေ့ရှုဖြစ်စေလျက် ထိုင်၏။ ထိုရဟန်းသည် သတိရှိလျက်သာလျှင် ထွက်သက်လေကို ရှိုက်၏၊ သတိရှိလျက်သာလျှင် ၀င်သက်လေကို ရှူ၏၊” (မဟာသတိပဋ္ဌာနသုတ်)
အဘယ်ကြောင့် ထိုင်ခြင်းဣရိယာပုထ်
ကို အဓိကထား၍ ညွှန်ပြသနည်းဟူမူ--“ဤဆိုခဲ့သည့်အတိုင်း ထိုယောဂီရဟန်းအား ဥတုသုံးပါးနှင့်လျော်သည့်ပြင် သလိပ်စသော ဓာတ်သုံးပါး, မောဟစသော စရိုက်သုံးပါးနှင့်လည်း လျော်သည်ဖြစ်၍ အာနာပါနဿတိဘာ၀နာအားလျော်သော (တောအစရှိသော)ကျောင်းကို ညွှန်ပြပြီးလျှင် မတွန့်ဆုတ်ခြင်း, မပျံ့လွင့်ခြင်း အဖို့ရှိသော ငြိမ်သက်သော ဣရိယာပုတ်ကို ညွှန်ပြတော်မူလို သောကြောင့် “ထိုင်နေ၏” ဟု မိန့်တော်မူပေသည်။ ထို့နောင် ထိုယောဂီအား ထိုင်ခြင်း ဣရိယာပုတ်၏ ခိုင်မြဲခြင်းကို၎င်း၊ ၀င်လေ ထွက်လေတို့ကို ဖြစ်စေရန် ချမ်းသာလွယ်ကူခြင်း ကို၎င်း၊ အာရုံသိမ်းဆည်းကြောင်း နည်းကို၎င်း ပြတော်မူလိုသည်ဖြစ်၍ “ထက်၀ယ်ဖွဲ့ခွေကာ” စသည်ကို မိန့်တော်မူလေသည်။
ထိုစကားရပ်၌ (ပလ္လင်္ကံ) ထက်၀ယ် ဟူသည်ကား ထက်၀န်းကျင်မှ ပေါင်တို့ကို ဖွဲ့ယှက်၍ ထိုင်ခြင်းပေတည်း။ (အာဘုဇိတွာ) ဖွဲ့ခွေ၍ ဟူသည်ကား ဖွဲ့၍၊ ဥဇုံ ကာယံ ပဏိဓာယ-ဟူသည်ကား အထက်ပိုင်း ကိုယ်ကို ဖြောင့်စွာထား၍။ တဆဲ့ရှစ်ခုသော ကျောက်ဆူးရိုးတို့ကို အစွန်းအချင်းချင်း တည့်တည့် မတ်မတ် ဖြစ်စေ၍ (ဟု ဆိုလို၏)။
အကျိုးကား- ဤသို့ အထက်ပိုင်း ကိုယ်ကို ဖြောင့်မတ်စွာထား၍ ထိုင်နေသော ယောဂီအား အရေ အသား အကြောတို့သည် ညွတ်မကျကုန်၊ ထိုအခါယောဂီအား ထိုအရေ အသား အကြောတို့၏ ညွတ်ကျခြင်းကြောင့် ခဏတိုင်းခဏတိုင်း ဖြစ်နိုင်ကုန်သော ဒုက္ခဝေဒနာတို့သည် မဖြစ်ပေါ်လာကုန်၊ ထိုဒုက္ခဝေဒနာတို့ မဖြစ်ပေါ်ကုန်လတ်သော် စိတ်သည် တစ်အာရုံတည်းရှိလျက် တည်ကြည်၏၊ ကမ္မဋ္ဌာန်းသည် မလျောကျပေ၊ ကြီးပွါးခြင်းသို့ ရောက်ပေ၏။” (ဝိသုဒ္ဓိမဂ် မြန်မာပြန်၊ ဒု-၈၂)
အဘယ့်ကြောင့် အိပ်ခြင်း-ရပ်ခြင်း-သွားခြင်း ဣရိယာပုထ်တို့ကို မညွှန်ပြသနည်းဟူမူ-
“အိပ်ခြင်း ဣရိယာပုထ်ကား ပျင်းရိခြင်း ကောသဇ္ဇအဖို့ ရှိ၏၊ အာနာပါနဘာ၀နာ လုပ်ငန်းရပ်မှ စိတ်ဓာတ် တွန့်ဆုတ်သွားတတ်၏။ ရပ်ခြင်း, စင်္ကြံလျှောက်ခြင်း ဣရိယာပုထ် တို့ကား စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စအဖို့ ရှိကုန်၏။ အာနာပါနအာရုံမှ စိတ်ပျံ့လွင့်နေတတ်၏။ ထိုင်ခြင်း ဣရိယာပုထ်ကား ထိုကဲ့သို့ ပျင်းရိခြင်း, ဘာ၀နာလုပ်ငန်းမှ စိတ်ဓာတ်ကျဆင်းခြင်း, တွန့်ဆုတ်ခြင်း, စိတ်ပျံ့လွင့်ခြင်းများ မဖြစ်တတ်ပေ။ သို့အတွက် ထိုင်၍ အားထုတ်ရန် ဘုရားရှင် ညွှန်ကြားတော်မူပေသည်။” (မဟာဋီ-၁-၃၁၆။)
ထိုင်ခြင်းဣရိယာပုထ် တစ်ခုတည်းဖြင့်သာ အားထုတ်နိုင်ပါသလောဟူမူ-
“ထက်၀ယ်ဖွဲ့ခွေ ထိုင်နေမှုသည် ကမ္မဋ္ဌာန်းအလုပ်နှင့် အထူးသင့်လျော်သောကြောင့် “ပလ္လင်္ကံ အာဘုဇိတွာ” ဟူ၍ ဟောကြားတော်မူသည်။ စင်စစ်သော်ကား ဣရိယာပုထ် လေးပါး၌ပင် စွဲမြဲရမည်ဖြစ်၏။” (အာနပါနဒီပနီ)
အထက်ပါ ဒေသနာအရပ်ရပ်ကို ထောက်ဆ၍ မြန်မာပြည်၌ သမထ ဝိပဿနာ ဘာ၀နာ ကမ္မဋ္ဌာန်း စီးဖြန်းကြိုးကုတ် အားထုတ်ခြင်းအမှုကို အပြုအများဆုံး အသင့်လျော်ဆုံး ကို ထောက်ဆ၍ ‘တရားထိုင်ခြင်း’ ဟု သုံးနှုန်းစေကာမူ ထိုင်ပြီးရှုမှတ်နိုင်မှ မဟုတ်ပါ။ လျောင်း-ထိုင်-ရပ်-သွား ဣရိယာပုထ် လေးပါးလုံးဖြင့် (ကြိုက်သည့် ဣရိယာပုထ်ဖြင့်) ရှုမှတ်နိုင်ပါသည်။ ထို့ကြောင့် ဒူးနာလို့ ခါးနာလို့- တရားမထိုင်နိုင်ပါ-ဟု ဆင်ခြင်ပေးစရာ မရှိပါ။
သို့ရာတွင် “ကာယဝေဒနာစိတ္တဓမ္မေသု ကဉ္စိ ဓမ္မံ အနာမသိတွာ ဘာ၀နာ နာမ နတ္ထိ” (ဒီ၊ဋ္ဌ၊၂၊ ၃၃၉)
“ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့၌ တစ်စုံတစ်ခုသော တရားကို မသုံးသပ်ဘဲ တရားဘာ၀နာ ပွားများအားထုတ်ခြင်းမည်သည် မရှိ။” ဟူသည်နှင့်အညီ ရုပ်နာမ်ဓမ္မသင်္ခါရတို့၌ ဖြစ်ပျက်မြင်အောင် မရှုမှတ်မပွားများပဲ၊ အနိစ္စ ဒုက္ခ အနတ္တသာဟု မသုံးသပ် မဆင်ခြင်ဘဲ တရားအားထုတ်သည်ဟူ၍ကား မခေါ်ဆိုနိုင်ပါ။ တရားအားထုတ်ခြင်း ရှုမှတ်ပွားများခြင်း မရှိလျှင်လည်း မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါ။
ယောစ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။
ယောစ၊ အကြင်သူသည်ကား။ ဥဒယဗ္ဗယံ၊ အဖြစ်အပျက်ကို၊ အပဿံ၊ မမြင်ပါပဲ၊ ဝဿသတံ၊ အနှစ်တစ်ရာ တစ်သက်တာပတ်လုံး၊ ဇီဝေ၊ ပကတိအတိုင်းသာ အသက်ရှင်လျက် နေရ၏၊ တဿ၊ ထိုသူ၏၊ တတော-ထိုအနှစ်တစ်ရာပတ်လုံး အသက်ရှင်ရသည်ထက်၊ ဥဒယဗ္ဗယံ၊ အဖြစ်အပျက်ကို၊ ပဿတော၊ မြင်သောသူ၏၊ ဧကာဟံဇီဝိတံ၊ တစ်နေ့တစ်ရက်မျှ အသက်ရှင်ရခြင်းသည်၊ သေယျော-သာ၍ ကောင်းမြတ်ပေ၏။ (ဓမ္မပဒပါဠိတော်)
“ဖြစ်ပျက်နှစ်ဖြာ၊ မမြင်ပါပဲ၊ တစ်ရာအသက်၊ ရှည်သည်ထက်လည်း၊ ဖြစ်ပျက်နေဟန်၊ ရုပ်နှင့်နာမ်ကို၊ အမှန်မြင်လျက်၊ ဉာဏ်စဉ်တက်၍၊ တစ်ရက်တာမျှ၊ သက်ရှည်ရသော်၊ လောက လူ့ရွာ၊ ကောင်းမြတ်သာသည်၊ မြတ်စွာဗုဒ္ဓ မိန့်ခွန်းတည်း။”
(မဟာစည်ဆရာတော်) ဟူသည်နှင့်အညီ ရုပ်နာမ်တို့၏ ဖြစ်ပျက်နေဟန်ကို အမှန်အတိုင်း ရှုသိနိုင်သူဖြစ်ပါက လူဖြစ်ကျိုးနပ်သူဟု ခေါ်ဆိုနိုင်ပါလိမ့်မည်။ ထို့ထက်တက်၍ ရုပ်နာမ်တို့၏ အကြောင်းအကျိုး အမှန်တို့ကို ရှုမြင်နိုင်သူဖြစ်ပါက-
‘ရုပ်နာမ်နှစ်၀, ကြောင်းကျိုးမျှ, သိက စူသောတာ။
ဂတိမြဲရ, ပါယ်မကျ, မိန့်ဟ ဝိသုဓ်မှာ။’ ဟူသည်နှင့်အညီ လာမည့်ဘ၀တွင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်သော စူဠသောတာပန် ဖြစ်နိုင်ပါသည်။
ထို့ထက် ရင့်ကျက်အောင် အားထုတ်နိုင်ပါလျှင် ဤဘ၀မှာပင် မဂ်ဖိုလ်နိဗ္ဗာန်ကို ဧကန်ရောက်ရှိနိုင်သည်ဟု ယုံကြည်လျက် ဆက်လက်ကြိုးစားကာ ပွားများ အားထုတ်နိုင်ကြပါစေ။
_
အရှင်ကောဝိဒ (ယော)
Comments
Post a Comment