" လိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ အမေးအများဆုံး မေးခွန်းများ ''
မေးခွန်းကတော့ လွယ်ကူပါတယ်။ အဖြေကသာရှုပ်ထွေးတာပါ။ ဘာလို့လဲဆိုတော့ သုတေသနတွေရှာဖွေတွေ့ရှိမှုတွေမှာကန့်် သတ်ချက်တွေရှိနေလို့ ပါပဲ။
လိင်ဆက်ဆံမှုဆိုတာကိုယ်လက်လှုပ်ရှားမှု တစ်ခုလား။
ဟုတ်ပါတယ်။ ဒါပေမယ့် ကိုယ်လက်လှုပ်ရှားမှု အများကြီးတော့လဲမဟုတ်ပါဘူး။ သင့်ရဲ့ ပုံမှန် လိင်ဆက်ဆံမှုတစ်ခုအတွင်းမှာကယ်လိုရီအများအပြားမလောင်ကျွမ်းနိုင်ပါဘူး။
ပုံမှန်ကိုငါးမိနစ်ကနေ ၁၅ မိနစ်လောက်အထိလို့ ယူဆကြရင်သင်ဟာတစ်မိုင်ကိုမိနစ်နှစ်ဆယ်နဲ့ လမ်းလျှောက်ခြင်းနဲ့ ညီမျှတဲ့ ကိုယ်လက်လှုပ်ရှားမှုကိုရရှိမှာဖြစ်ပါတယ်။ အပေါ်မှာနေတဲ့ လိင်ဆက်ဆံသူဟာ နှလုံးခုန်နှုန်း ၁၂၀ လောက်အထိရောက်ရှိနိုင်ပါတယ်။ အောက်မှာနေတဲ့သူကတော့ ၁၁၀ အထိရောက်ရှိနိုင်ပါတယ်။
နောက်တစ်မျိုးပြောရရင် လိင်ဆက်ဆံခြင်းကနေ နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်ကိုသာရရှိမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒါကိုသင့်ရဲ့ တစ်ခုတည်းသောလေ့ကျင့်ခန်းအဖြစ် မမှီခိုသင့်ပါဘူး။
ငါဟာပုံမှန်ရောဟုတ်ရဲ့လား။
လူတွေဟာသူတို့ရဲ့ ဆန္ဒတွေ၊ တုံ့ပြန်မှုတွေ၊ စိတ်ကူးယဉ်မှုတွေနဲ့ ကိုယ်ခန္ဓာတွေဟာထူးဆန်းမနေဘူးဆိုတာသေချာချင်ကြပါတယ်။ ဖြစ်နိုင်တာကတော့ လူအတော်များများဟာကလေးအရွယ်ကတည်းကလိင်ဆက်ဆံမှုဟာညစ်ညမ်းပြီး ခန္ဓာကိုယ်လိုအပ်ချက်တွေကိုမဆွေးနွေးသင့်ဘူးဆိုပြီးသင်ယူခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့အချိန်မှာတော့ ဒါဟာအဆင်ပြေတယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုကိုအလွန်အမင်းတောင့်တကြပါတယ်။ အဖြေကတော့ ဟုတ်ပါတယ်။ သင်ဟာပုံမှန်ပါပဲ။ သင့်လိင်မှုဘဝဟာသင့်ကိုလုံခြုံစေပြီးဘယ်သူ့ကိုမှ မထိခိုက်စေဘူးဆိုရင် သင့်ရဲ့ဆန္ဒတွေနဲ့ လိင်အင်္ဂါတွေရဲ့ ပုံပန်းသဏ္ဍာန်ကိုစိုးရိမ်ပူပန်စရာမရှိပါဘူး။ပုံမှန်ဆိုတဲ့အထဲမှာကွဲပြားခြားနားတဲ့ အပြုအမူတွေနဲ့ ခန္ဓာကိုယ် သဏ္ဍာန်တွေ ပါဝင်ပါတယ်။ သင့်ရဲ့ လိင်မှုဘဝနဲ့ ပတ်သက်ပြီးဖော်ထုတ်တာနဲ့ သာယာတာမျိုးနဲ့ ပတ်သက်ပြီးဘာမှ ရှက်စရာမရှိပါဘူး။ ဒီအရှက်အကြောက်တွေကိုလျှော့ချဖို့ ပထမနည်းလမ်းကတော့ ကျယ်ပြန့်တဲ့ “ပုံမှန်”ဆိုတဲ့ ဝေါဟာရ၏ အဓိပ္ပာယ်ကိုလက်ခံထားဖို့ပဲ ဖြစ်ပါတယ်။
လိင်ဆက်ဆံမှုဟာသင့်နှလုံးအတွက် ကောင်းမွန်စေပါသလား။
သင့်ရဲ့ ပုံမှန် လိင်ဆက်ဆံမှုတစ်ခုအတွင်းမှာကယ်လိုရီအများအပြားမလောင်ကျွမ်းနိုင်ပါဘူး။
ဖြစ်နိုင်ပါတယ်။ ဥပမာလေ့လာမှုတစ်ခုကတစ်ပတ်ကို နှစ်ကြိမ် (သို့) နှစ်ကြိမ်ထက်ပိုပြီးလိင်ဆက်ဆံတတ်တဲ့ အမျိုးသားတွေဟာတစ်လကိုတစ်ခါ (သို့) ဒီ့ထက်ပိုပြီးလိင်ဆက်ဆံတဲ့ အမျိုးသားတွေထက် နှလုံးရောဂါ ဖြစ်ပွားမှု ပိုမိုလျော့နည်းတာကိုတွေ့ရှိရပါတယ်။ ဒီလိုသုတေသနတွေဟာအမျိုးသားတွေမှာ နှလုံးရောဂါပိုအဖြစ်များတဲ့အတွက် အမျိုးသားတွေကိုဦးတည်ထားတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဒါဟာအမျိုးသမီးတွေ အတွက်လည်းအတူတူပါပဲ။
ဒီလိုလေ့လာမှုတွေဟာလိင်ဆက်ဆံမှုဟာ နှလုံးရောဂါကိုကာကွယ်နိုင်တယ်ဆိုတာကိုတော့ သက်သေမပြနိုင်ပါဘူး။ ဒါပေမယ့် သူတို့ကလိင်ဆက်ဆံခြင်းဟာ နှလုံးအတွက် ကျန်းမာစေတဲ့ လူမှုဘဝနေထိုင်နည်းတစ်ခုပဲလို့ အကြံပေးကြပါတယ်။ လိင်ဆက်ဆံမှုကိုသင့်ကျန်းမာရေးရဲ့ အတိုင်းအတာတစ်ခုအဖြစ် စဉ်းစားကြည့်ပါ။ သင်လိင်ဆက်ဆံမှုပိုများရင် ပိုမိုကျန်းမာလာပြီးတော့ ပိုမိုသွက်လက်လာပါလိမ့်မယ်။ ဒါပေမယ့် လိင်ဆက်ဆံတာကိုသာယာဖို့ ခန္ဓာကိုယ်ကပျက်ယွင်းလွန်းနေမယ်ဆိုရင်တော့ ဒါဟာသင့်လူမှုဘဝနေထိုင်နည်းတွေကို ပြင်ဆင်ဖို့ လှုံ့ဆော်မှု တစ်ခု ဖြစ်နိုင်ပါတယ်။
လူအများစုဟာဘယ်လောက်တစ်ခါ လိင်ဆက်ဆံတတ်ကြပါသလဲ။
ကြောက်ရွံ့မှုတစ်ခုကတော့ တခြားသူတွေကသင့်ထက် လိင်ဆက်ဆံမှုပိုမိုများပြားနေလိမ့်မယ်လို့ ယူဆတာဖြစ်ပါတယ်။စိတ်ကိုဖြေလျော့ပါ။သုတေသနတွေကတော့ အမေရိကန်မှာလက်ထပ်တာ ကြာရှည်ပြီဖြစ်တဲ့ စုံတွဲတစ်တွဲဟာဖျားနာခြင်း၊ကိုယ်ဝန်ဆောင်ခြင်း၊ခရီးသွားခြင်း၊ငွေကြေးဆိုင်ရာစိတ်ဖိစီးမှုတွေမရှိဘူးဆိုရင် တစ်ပတ်ကိုတစ်ကြိမ်၊ နှစ်ကြိမ် လိင်ဆက်ဆံတတ်ကြပါတယ်လို့ ပြောပါတယ်။ စုံတွဲအသစ်တွေ အတွက်ကတော့ လိင်ဆက်ဆံမှု ပိုမို ဖြစ်ပေါ်နိုင်ပါတယ်။ ဒါပေမယ့် အကြိမ်အရေအတွက်ကတော့ အချိန်ကြာလာတာနဲ့ အမျှ လျော့ကျလာပါလိမ့်မယ်။
လိင်ဆက်ဆံမှုဟာ နှလုံးအတွက် ကောင်းမွန်တယ်ဆိုတဲ့ သက်သေပြချက်တွေ ရှိပါသလား။
မရှိလောက်ပါဘူး။ ဥပမာဆိုရင် လေ့လာမှုတွေကနေဆက်နွယ်မှုတွေ ရှာနိုင်ပေမယ့် အကျိုးအကြောင်းဆက်သွယ်ချက်ကိုသက်သေမပြနိုင်ခဲ့ပါဘူး။
အကျိုးအကြောင်းဆက်သွယ်ချက်ကိုသက်သေပြဖို့ဆိုရင် လိင်ဆက်ဆံမှုကနေအကြာကြီးရှောင်ကြဉ်ခဲ့တဲ့စုံတွဲအမြောက်အများကိုကျပန်းရွေးချယ်လေ့လာမှုတစ်ခုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါဟာမဖြစ်နိုင်ပါဘူး။ ဒါဟာလိင်ဆက်ဆံမှုဟာ နှလုံးအတွက်ကောင်းမွန်ကောင်းကောင်းမွန်နိုင်ပေမဲ့ သေချာအတပ်တော့မပြောနိုင်ရခြင်းအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
လက်ချောင်းဖြင့် (သို့) လက်ဖြင့် လိင်ဆက်ဆံခြင်းဟာကိုယ်ဝန်ရရှိခြင်း (သို့) လိင်မှတစ်ဆင့်ကူးစက်ရောဂါဖြစ်ပွားခြင်းတို့ကို ဖြစ်စေနိုင်ပါသလား။
လက်ချောင်းဖြင့် (သို့) လက်ဖြင့် လိင်ဆက်ဆံခြင်းမှ ကိုယ်ဝန်ရနိုင်ခြေမရှိပါဘူး။ တကယ်လို့ လူတစ်ယောက်ဟာညစ်ပတ်နေတဲ့ လက်နဲ့ အခြားသူတစ်ယောက်ရဲ့ လိင်အင်္ဂီါတွေကိုထိတွေ့မယ်ဆိုရင် ဘက်တီးရီးယားပိုးတွေ ပြန့်ပွားနိုင်ပါတယ်။ ဖြစ်တော့ဖြစ်နိုင်ပေမယ့် ဒီပုံစံနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါဖြစ်ပွားဖို့တော့ သိပ်မဖြစ်နိုင်ပါဘူး။ ပြီးတော့ သုက်ရည် ဟာလူတစ်ယောက်ရဲ့ လက်ချောင်းတွေပေါ် ရောက်ရှိပြီးချက်ချင်းမိန်းမကိုယ်ထဲကိုထည့်သွင်းလိုက်မယ်ဆိုရင်တော့ ကိုယ်ဝန်ရဖို့ အခွင့်အလမ်းအနည်းငယ် ရှိနိုင်ပါတယ်။ ဒါ့ကြောင့် လိင်ပိုင်းဆိုင်ရာထိတွေ့မှု မပြုလုပ်မီနဲ့ ပြုလုပ်ပြီးတို့မှာလက်ဆေးသင့်ပါတယ်။
လိင်စိတ်ပျောက်ဆုံးရတာဘာလို့ပါလဲ။
လိင်စိတ်ပျောက်ဆုံးတယ်ဆိုတာအမျိုးသမီးတွေမှာအသက်ကြီးလာပြီးသွေးဆုံးလို့ ဟော်မုန်းပြောင်းလဲရင် အဖြစ်များပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းပြောင်းလဲနေတဲ့ ဟော်မုန်းပမာဏတွေ ကြောင့်လဲဖြစ်နိုင်ပါတယ် (သွေးဆုံးခါနီးအချိန်တွေဟာလည်းအသက် ၃၅နှစ်လောက်တည်းကစတင်ဖြစ်တတ်ပါတယ်)။ ဒါပေမယ့် အိမ် (သို့) အလုပ်မှာစိတ်ဖိအားများခြင်း၊ စိတ်ကျရောဂါနဲ့ ကိုယ်ဝန်တားဆေးတွေ သောက်သုံးခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းနဲ့ အိပ်ရေးပျက်ခြင်းတို့ကြောင့်လည်းလိင်စိတ်ပျောက်ဆုံးတတ်ပါတယ်။ သင့်ဆရာဝန်ထံမှာစစ်ဆေးခြင်းအားဖြင့် ပြောင်းလဲနေတဲ့ ဟော်မုန်းပမာဏတွေကိုရှာဖွေတွေ့ရှိလာပါလိမ့်မယ်။ လိင်စိတ်လျော့နည်းခြင်းဟာဆေးအသစ်တစ်ခုခုကြောင့်လား၊ အိပ်ရေးဝအောင်မအိပ်လို့လား၊ လေ့ကျင့်ခန်းပုံမှန် မလုပ်လို့လားဆိုတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုမစားသုံးလို့လားဆိုတာဆန်းစစ် သင့်ပါတယ်။ ပြီးရင်တော့ သင့်စိတ်ဖိစီးမှု ပမာဏကိုလေ့လာပါ။ တကယ်လို့ သင့်တစ်နေ့တာအလုပ်တွေကအရမ်းများနေတယ်ဆိုရင် လူစွမ်းကောင်းမလုပ်ချင်ပါနဲ့။ အကူအညီရယူပါ။
သင့်မှာ နှလုံးရောဂါ ရှိရင် လိင်ဆက်ဆံမှုက အန္တရာယ်ဖြစ်စေပါသလား။
လူအတော်များများမှာတော့ မဖြစ်စေပါဘူး။ လူနာအတော်များများဟာ နှလုံးရပ်ခြင်း (သို့) နှလုံးရောဂါဖြစ်ကြောင်းသိရှိပြီးချိန်တွေမှာဒါကိုမေးမြန်းလေ့ ရှိကြပါတယ်။ တကယ်လို့သင်ဟာလိင်ဆက်ဆံလို့ရအောင် ကျန်းမာတယ်ဆိုရင်တော့ ဒါကိုအားပေးပါတယ်။
လိင်ဆက်ဆံချိန်မှာသွေးဖိအားတက်လာမှာဖြစ်ပါတယ်။ အများဆုံး ၁၆၀/၉၀ အထိဖြစ်နိုင်ပါတယ်။ ဒါဟာမိနစ်အနည်းငယ်ကြာအမြန်ပြေးပြီးနောက် ဖြစ်လာတာနဲ့ဆင်တူပါတယ်။ ပြီးရင်တော့ ပြန်ကျသွားတတ်ပါတယ်။
သင် အိမ်ထောက်ဖက် မဟုတ်သောသူကဲ့သို့ သောမရင်းနှီးသူနဲ့ လိင်ဆက်ဆံတာဟာ နှလုံးရောဂါရှိသောအမျိုးသားတွေအတွက် အန္တရာယ်ရှိတယ်ဆိုတာသက်သေရှိပါတယ်။ ရှားပါးပေမယ့် အမျိုးသားတွေဟာလိင်ဆက်ဆံရင်းနဲ့တောင် သေဆုံးခဲ့ဖူးပါတယ်။
လိင်ဆက်ဆံခြင်းဟာသင့်ယေဘုယျကျန်းမာရေးအတွက်ရောအကျိုးရှိပါသလား။
အကျိုးရှိနိုင်ပါတယ်။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု မဟုတ်တဲ့ တိုင်အောင် ပုံမှန်လိင်ဆက်ဆံမှုဟာယေဘုယျအားဖြင့် ကျန်းမာတဲ့ လူနေမှုဘဝပုံစံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါဟာသင့်ကိုပိုမိုပျော်ရွှင် အပန်းပြေစေပြီးစိတ်ဖိစီးမှု လျော့နည်းစေပါတယ်။
အရှင်းဆုံးပြောရရင် လိင်ဆက်ဆံမှုဟာသင့်နှလုံးနဲ့ ယေဘုယျကျန်းမာရေးကိုအထောက်အကူပြုနိုင်ပါတယ်။ ရှားပါးတဲ့ ကိစ္စရပ်တွေကလွဲရင် ဒါဟာသင့်နှလုံးကိုမထိခိုက်စေတာကြောင့် “အကျိုးရှိနိုင်တယ်” ဆိုတာဟာသင်လိုအပ်တဲ့ အဖြေဖြစ်ပါလိမ့်မယ်။
လိင်ဆက်ဆံဖို့ အချိန်ဘယ်လိုရယူကြပါလဲ။
အလုပ်များတဲ့ စုံတွဲတွေအတွက် အလုပ်များခြင်းနဲ့ ပင်ပန်းခြင်းကြောင့် လိင်ဆက်ဆံမှုကိုမေ့လျော့နေတတ်ကြတယ်ဆိုတာအဖြစ်များပါတယ်။ ဒါပေမယ့် သင်ဟာဘယ်လောက်ပဲအလုပ်ရှုပ်ရှုပ် သင့်အိမ်ထောင်နဲ့ လိင်မှုဘဝအတွက် အချိန်ပေးဖို့လဲအရေးကြီးပါတယ်။ သင့်အိမ်ထောင်ဆိုတာသင့်မိသားစုရဲ့ အခြေခံကျတဲ့အရာဖြစ်လို့ သင်အာရုံစိုက်ဖို့လိုအပ်ပါတယ်။ အားလပ်ချိန်တွေ အလိုအလျောက်ပေါ်လာဖို့ စောင့်ဆိုင်းမနေပဲကိုယ်တိုင် ဖန်တီးသင့်ပါတယ်။ လိုအပ်ရင် တခြားအရာတွေ ပြုလုပ်ရာကလိုအပ်တဲ့အချိန်ကိုခိုးယူပါ။ အပတ်စဉ် ချိန်းတွေ့ တဲ့ညတွေကိုအလေးအနက်ထားပါ။ အရေးပေါ်အခြေအနေမှလွဲ၍ အဲဒီအချိန်တွေကိုမပျက်ကွက်ပါစေနဲ့ ။ စေတနာ့ဝန်ထမ်းအလုပ်ကနေမိသားစုဝင် တွေ့ဆုံပွဲတွေအထိသင့်အချိန်ယူမယ့်အလုပ်တွေကိုစတင်ငြင်းဆိုပါ။ မိုးရွာတဲ့နေ့တွေအတွက် အိမ်သန့်ရှင်းရေး (သို့) အဝတ်လျှော်တာတွေကိုထားလိုက်ပါ။ အဆင်မပြေတဲ့ အိမ်ထောင်ရေးထက် ညစ်ပေနေတဲ့ ခြေအိတ်တွေ အိမ်မှာပုံနေတာကပိုကောင်းပါသေးတယ်။သင့်လိင်မှုဘဝနဲ့ ဆက်ဆံရေးကိုနံပါတ်တစ်ထားပါ။ အချိန်ကိုသေချာမစီစဉ်ဘူးဆိုရင် ဖြစ်လာမှာကိုမဟုတ်ပါဘူး။
သူငယ်ချင်းတစ်ယောက်နဲ့ လိင်ဆက်ဆံဖို့ အဆင်ပြေပါသလား။
တချို့ဆယ်ကျော်သက်တွေကလေ့ကျင့်ဖို့၊ သင်ယူဖို့၊ စိတ်ကူးယဉ်ဆန်တဲ့ ဆက်ဆံမှုတွေရဲ့အပြင်ဘက်မှာလိင်ဆက်ဆံဖို့ သူငယ်ချင်းနဲ့စမ်းသပ်လေ့ ရှိကြပါတယ်။ သူငယ်ချင်းအချင်းချင်းလိင်ဆက်ဆံခြင်းဟာပိုမိုသက်တောင့်သက်သာဖြစ်ပြီးတစ်ဦးနဲ့ တစ်ဦးရင်းနှီးပြီးသား ဖြစ်တာကြောင့်လည်း ဖြစ်ပါတယ်။
တစ်ခါတလေမှာသူငယ်ချင်းနှစ်ယောက်မှာလိင်ဆက်ဆံမှုအပြီးဒီဆက်ဆံမှုတွေနဲ့ ပတ်သက်တဲ့ မတူညီတဲ့ မျှော်လင့်မှုတွေဖြစ်တဲ့အခါ ပြဿနာတက် တတ်ပါတယ်။ လူတစ်ယောက်ကဒါဟာအချစ်ကိုဦးတည်နေတယ်လို့ ထင်ပြီးအခြားတစ်ယောက်ကတော့ အရာရာကိုပုံမှန်အတိုင်းပဲဖြစ်ချင်နေပါတယ်။ ဒါဆိုတစ်ယောက်ယောက်ကတော့ ခံစားရမှာပါ။
လိင်ပိုင်းဆိုင်ရာဆုံးဖြတ်ချက်တွေအတွက် သင်မပြုလုပ်မီလိင်ဆက်ဆံခြင်းအကြောင်းပြောဖို့ အရေးကြီးပါတယ်။ သင်တို့နှစ်ယောက် လိုချင်တဲ့အရာတူညီပါစေ။ ဖြစ်လာတဲ့ ရလဒ်တွေကိုအတူတာဝန်ယူပြီးကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။ ဒါတွေမှာမလိုချင်တဲ့ ကိုယ်ဝန်ရရှိမှုမှ ကာကွယ်ခြင်းနဲ့ လိင်မှုတစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကနေကာကွယ်ခြင်းတွေပါဝင်ပါတယ်။ ဒါ့အပြင် သင်မမျှော်လင့်တဲ့ ခံစားချက်တွေ လိင်ဆက်ဆံခြင်းကယူဆောင်လာခဲ့ရင် သင်ဘယ်လိုခံစားရလဲဆိုတာဆွေးနွေးသင့်ပါတယ်။
_
ရေးသားသူ … Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ … Dr. K Zin Thwe.
Credit … Hello Health Group

Comments
Post a Comment