" ထေရ၀ါဒ သို့မဟုတ်​ ​ထေရဝါရ ဗုဒ္ဓသာသနာတရားတော် ''

" ထေရ၀ါဒ သို့မဟုတ်​ ​ထေရဝါရ ဗုဒ္ဓသာသနာတရားတော် ''

ထေရဟူသည်.....

ထေရဆိုတဲ့စာလုံးဟာ ထိရ-ဆိုတဲ့စာလုံးက ပြောင်းလာတာ။ ထိရဆိုတာ ခိုင်ခံ့တယ်လို့ အဓိပ္ပါယ်ရတယ်။ ဘာတွေ ခိုင်ခိုင်ခံ့ခံ့ရှိသလဲဆိုရင် သုံးခု နှစ်လီရှိတယ်။

၁။ သီလ-သမာဓိ-ပညာ သုံးပါး။ သိက္ခာ သုံးရပ်ပါဘဲ။

၂။ ပရိယတ္တိ-ပဋိပတ္တိ-ပဋိဝေဓ သုံးပါး။ သာသနာ သုံးရပ်ပါဘဲ။

ခိုင်ခံ့တဲ့ ဂုဏ်အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်ကြီးတွေကို ထေရလို့ခေါ်တာ။ မထေရ်မြတ်ပါ။

အဲဒီ မထေရ်တို့ရဲ့ မူဝါဒကိုကျတော့ ထေရ၀ါဒ။
မထေရ်မြတ်ကြီးတို့ရဲ့ မူဝါဒ။ ဒါကို ထေရ၀ါဒ။
သိက္ခာသုံးရပ်၊ သာသနာသုံးပါး ဂုဏ်တို့ဖြင့် ခိုင်ခံ့တဲ့ မထေရ်မြတ်ကြီးတို့ရဲ့ မူဝါဒကို ထေရ၀ါရ။

ထေရာနံ ၀ါဒေါ ထေရ၀ါဒေါ။

ထေရာနံ၊ သီလ-သမာဓိ-ပညာ(သို့) ပရိယတ္တိ-ပဋိပတ္တိ-ပဋိဝေဓဂုဏ်အရည်အချင်းတွေနဲ့
ခိုင်ခံ့တဲ့အရည်အချင်းရှိတော်မူကြတဲ့ မထေရ်မြတ်တို့၏။ ၀ါဒေါ၊ ၀ါဒကို- မူဝါဒကို။ ထေရ၀ါဒေါတိ၊ ထေရ၀ါဒခေါ်တယ်လို့။ ဒဋ္ဌှေဗ္ဗာ၊ ကောင်းစွာမသွေ မှတ်ထိုက်ပါပေသတည်း။ ။

မထေရ်ကြီးတွေ ချမှတ်တဲ့ ၀ါဒကို ထေရ၀ါဒ။

ထေရ၀ါရမူဝါဒစနစ်ကို

၁။ ဘယ်အချိန်ကာလတုန်းက-
၂။ ဘယ်နေရာမှာ-
၃။ ဘယ်ပုံဘယ်နည်း ချမှတ်တော်မူခဲ့ပါသလဲ ? မေးခွန်းထုတ်ခဲ့လို့ရှိရင် ဒီအဖြေကို-

(၁) မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် (၃)လအကြာမှာ ဒီမူဝါဒကို ချမှတ်တော်လို့ အချိန်ကာလကို ဒီလိုပြောရမယ်။

(၂) ဘယ်နေရာမှာ မူစနစ်တွေကို ချမှတ်သလဲလို့ ဆိုရင်-
ရာဇဂြိုဟ်မြို့-ဝေဠုဝန်ကျောင်းတော်အနီး-ဝေဘာရတောင်ခြေမှာ ချမှတ်တော်မူခဲ့တယ်။

(၃) ဘယ်ပုံဘယ်နည်းချမှတ်တော်မူခဲ့ပါသလဲ-

သင်္ဂါယနာ.....

သင်္ဂါယနာဆိုသည်ကား ဘုရားရှင်၏ ပါဠိတော်တို့ကို သံပြိုင်ရွတ်ဆိုခြင်း
ဟု ဆိုလိုပါသည်။ ဤနေရာ၌ သံပြိုင်ရွတ်ဆိုခြင်းမှာ ရှေးအခါက ဘုရားရှင်၏ ပိဋကတ်တော်တို့ကို ယခုကဲ့သို့ စာလုံးအက္ခရာတို့ဖြင့် မှတ်တမ်းတင်ထားခြင်းမရှိပါ။ ခံတွင်းအတွင်း၌သာ အာဂုံဆောင်ထားကြပါသည်။
ပြဿနာတစ်ခုကြုံတွေ့လာခဲ့သော် ထိုပဿနာအမှား၊ အမှန်ကို ကျမ်းတင်စစ်ဆေးရပါသည်။ ထိုသို့ ကျမ်းတင်စစ်ဆေးရာ၌ စာလုံးဖြင့် အက္ခရာတင်ထားခြင်းမရှိသောကြောင့် သံပြိုင်ရွတ်ဆို၍ အမှားအမှန်စစ်ဆေးရပါသည်။ ဤသည်ကိုပင် သင်္ဂါယနာတင်သည်ဟုခေါ်ဆိုပါသည်။
ထို့ကြောင့် သင်္ဂါယနာတင်ခြင်းသည် သာသနာအတွင်း၌ ကွဲပြားမည့် ပြဿနာများ ပေါ်လာသောကြောင့် ထိုပြဿနာ ပြေငြိမ်းရန် ပြုလုပ်ခြင်းဖြစ်ပါသည်။

ပထမသင်္ဂါယနာသည် သုဘဒ္ဒရဟန်းကြီးကို အကြောင်းပြုပြိး တင်ရခြင်းဖြစ်တယ်။ သုဘဒ္ဒရဟန်းကြီးဟာ လူ့ဘ၀က ဆတ္တာသည်ဖြစ်တယ်။ အသက်ကြီး၍ မယားသေတဲ့အခါမှာ သားနှစ်ယောက်ကို သာမဏေကိုရင်ဝတ်စေ၍ မိမိကိုယ်တိုင်လဲ ရဟန်းပြုခဲ့ပါတယ်။

သုဘဒ္ဒရဟန်းကြီးသည် အာတုမပြည်သားဖြစ်တယ်။ အာတုမပြည်ကို ဘုရားရှင် ကြွချီလာသောအခါ ဘုရားရှင်နှင့်ရဟန်းတော်များအားဆွမ်းကပ်လှူလိုသဖြင့် သားငယ် သာမဏေနှစ်ပါးထံမှာသင်ဓုန်းဓားပေးပြီး မြို့ရွာအတွင်း ဆံမုတ်ဆိတ်ရိတ်စေသည်။

ဆတ္တာသည် အလုပ်ဖြင့် ရတဲ့ အခကြေးငွေဖြင့် ဆန်ဆီစသည်ဝယ်စေ၍ ဘုရားရှင်နှင့် သံဃာများကို ဆွမ်းလုပ်ကျွေးသည်။ အဲဒီအကြောင်း ဘုရားရှင် သိသောကြောင့် တရားနှင့်မညီသောဆွမ်းဖြစ်သည်ဟု သုဘဒ္ဒရဟန်းကြီးရဲ့ ဆွမ်းကို မခံယူဘဲ မြို့တွင်းသို့ ဆွမ်းခံကြွတော်မူသည်။

မိမိဆွမ်းကို မခံယူသောကြောင့်သုဘဒ္ဒရဟန်းကြီးသည် ဘုရားရှင်အပေါ်မကျေနပ်ချေ။ ရန်ငြိုးဖွဲ့ခဲ့တယ်။

အဲ့ဒီနောက် မြတ်စွာဘုရားရှင် ခန္ဓပရိနိဗ္ဗာန်ဝင်စံပြီ ဟု ကြားသိသောအခါ ငိုယိုနေကြသော ရဟန်းတော်များအား ‘“ငါ့ရှင်တို့ မငိုကြနဲ့။ ယခုအခါ ငါတို့သည် ဂေါတမလက်မှ လွတ်ခဲ့ကြပြီ။ ရဟန်းကြီးဂေါတမသည် ငါတို့အပေါ် အလွန်ချုပ်ချယ်၏။ ယခုမူကား ငါတို့ ပြုလိုရာကို ပြုနိုင်ကြပြီ””ဟု ပြောဆိုပါတယ်။

ထိုအခါ အရှင်မဟာကဿပ၏ စိတ်တွင်

““ယခုအခါ ဘုရားသခင်ပရိနိဗ္ဗာန်ဝင်စံတော်မူသည်မှာ (၇)ရက်မျှသာ ရှိသေး၏။ သို့ပါလျှက် ဘုရားရှင်၏ သာသနာတော်၌ ရန်ဆူး ရန်ငြှောင့် ပေါ်ပေါက်ခဲ့လေပြီ။ ထိုရန်ဆူးရန်ငြှောက်တို့သည် ကာလရှည်ကြာခဲ့ပါလျှင် (မတရားသူများ) တူရာပေါင်း၍ သန့်ရှင်းသော သာသနာတော် ဆုတ်ယုတ်ခဲ့ရာ၏””ဟု ဓမ္မသံဝေဂ ရတော်မူ၏။

ထိုဓမ္မသံဝေဂကြောင့် မြတ်စွာဘုရားရှင်၏ အဆုံးအမတော်ဖြစ်သော ပိဋကတ်တော်များ သန့်ရှင်းစင်ကြယ်စေရန် သင်္ဂါယနာ တင်တော်မူပါသည်။

ပထမသင်္ဂါယနာတင်ပွဲ ဆင်နွှဲပြီးသောအခါ အရှင်အာနန္ဒာက ““မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူခါနီးတွင် ဤသို့မိန့်တော်မူခဲ့ပါသည်။

ငါဘုရား ပရိနိဗ္ဗာန်ဝင်စံပြီးနောက် သံဃာညီညွတ်ခဲ့သော် သိက္ခာပုဒ်အငယ်စားများကို နှုတ်ပယ်ပစ်ကြဟု မိန့်ခဲ့ပါသည်။ ထို(သိက္ခာပုဒ်အငယ်စား)ဆိုသည်ကို တပည့်တော် မလျှောက်ထားမိပါ””ဟု သံဃာတော်အား လျှောက်ထား၏။
ထိုအခါ အချို့မထေရ်ကြီးတို့က ပါရာဇိကနှင့် သံဃာဒိသိသ်မှတပါး ကြွင်းသော သိက္ခာပုဒ်များကို သိက္ခာပုဒ်အငယ်စားဟု ဆိုကြ၏။
အချို့သော မထေရ်ကြီးတို့က ပါရာဇိက သံဃာဒိသိသ် အနိယတ နိဿဂ္ဂိမှတပါး ကြွင်းသော သိက္ခာပုဒ်များကို အငယ်စားဟု ဆိုကြ၏။
အချို့သော မထေရ်ကြီးတို့က ပါရာဇိကသံဃာဒိသိသ်အနိယတ နိဿဂ္ဂိပါစိတ်တို့မှကြွင်းကျန်သောသိက္ခာပုဒ်များကိုအငယ်စားဟုဆိုကြ၏။

ထိုအခါ အရှင်မဟာကဿပမထေရ်မြတ်က

၁။ မြတ်စွာဘုရား မပညတ်ခဲ့သည် သံဃာက အသစ်တဖန် မပညတ်ရန်။

၂။ ပညတ်ခဲ့ပြီးသည်ကို ဖြုတ်ပယ် ဖျက်ဆီးခြင်း မပြုရန်။

၃။ ပညတ်ပြီး သိက္ခာပုဒ်များကို ရိုသေစွာလိုက်နာ ကျင့်သုံးရန်။

တင်ပြတော်မူသည်ကို သင်္ဂါယနာတင် သံဃာတော်အားလုံးကအတည်ပြုတော်မူခဲ့ကြပါ
သည်။

ဒီမူဝါဒ သုံးချက်အရ သာသနာတော်ကြီးကို စောင့်ရှောက်သော​ထေရ၀ါဒဟုခေါ်ပါသည်။

၁။ ဘုရားရှင် မဟောခဲ့တာတွေကို ထပ်ပြီးတော့ ဟောမထည့်ကြပါနဲ့။
(အသစ်ကိုလဲ ထပ်မထည့်နဲ့)

၂။ ဘုရားရှင် ဟောတော်မူခဲ့တာတွေကို ပယ်ခြင်း ဖြုတ်ခြင်း မလုပ်ကြပါနဲ့။
(အဟောင်းကိုလဲ ထုတ်မပစ်နဲ့)

၃။ ဘုရားရှင် ဟောထားတဲ့ ဒီတရားတွေကို ပုံစံသစ်တမျိုးနဲ့ ပြောင်းလဲပြီး မရေးလိုက်ကြပါနဲ့။ (ပုံစံပြောင်းလို့လဲ ပြန်မရေးနဲ့)

၁။ အတွေးအခေါ်သစ်တွေကိုလဲ မထည့်နဲ့။
၂။ ဟောတော်မူရင်းကိုလဲ ဖြုတ်ပယ် နှုတ်ပယ် မပစ်ပါနဲ့။
၃။ ပုံစံသစ်တမျိုးနဲ့လဲ ပြန်မရေးပါနဲ့။

ဗုဒ္ဓသာသနာမြတ်စွာဘုရားရှင်၏ အဆုံးအမတော်များသည် သာသနာပါဘဲ။

ပိဋကတ်တော်များ နိကာယ်ပါဠိတော်များ ဓမ္မက္ခန္ဓာ (၈၄၀၀) တို့သည် သာသနာ အဆုံးအမများပါဘဲ။

လိုရင်းအကျဉ်းချုပ်ကတော့

သီလကို ကျင့်ပါ။
သမာဓိကို ကျင့်ပါ။
ပညာကို ကျင့်ပါ။
ဒီသိက္ခာသုံးပါကို ပြည့်စုံအောင် ကျင့်ပါ လို့ နည်းမျိုးစုံနဲ့ ဟောကြားဆုံးမတော်မူခဲ့ပါတယ်။

သီလ, သမာဓိ, ပညာရဲ့ စွမ်းရည်

၁။ ကိုယ်နှုတ်နှစ်ပါး ကျူးလွန်တဲ့ပုဂ္ဂိုလ်ကို သီလနဲ့ ဆုံးမတယ်။
(သီလကျင့်သုံးရင် ကိုယ်နှုတ်မလွန်ကျူးတော့ဘူး  သီလပြည့်စုံတယ်)

၂။ စိတ်နဲ့ လွန်ကျူးတဲ့ပုဂ္ဂိုလ်ကို သမထနဲ့ ဆုံးမတယ်။
(သမာဓိကျင့်သုံးရင်စိတ်တည်ကြည်ငြိမ်သက်တယ်  သမာဓိပြည့်စုံတယ်)

၃။ စိတ်ညစ်တဲ့ပုဂ္ဂိုလ်ကို ၀ိပဿနာနဲ့ ဖြူစင်စေတယ် ပညာနဲ့ ဆုံးမတယ်။
(ပညာ ၀ိပဿနာကျင့်သုံးရင် ကိလေသာကင်းဝေးတယ် ပညာပြည်စုံတယ်)

ပွင့်တော်မူပြီးကြတဲ့ မြတ်စွာဘုရားရှင်အဆူဆူတို့သည် ဤအဆုံးအမသုံးမျိုးကို အကြိမ်ကြိမ် အခါခါ ဟောကြား ဆုံးမတော်မူခဲ့ကြပါတယ်။

အဲဒီ အဆုံးအမသုံးမျိုးကို သာသနာ ခေါ်တယ်။

 မြဲရာ သာသနာ.....

သရဏဂုံမြဲတဲ့သူဟာသရဏဂုံသာသနာတည်တယ်။

ငါးပါးသီလမြဲတဲ့သူဟာငါးပါးသီလသာသနာတည် တယ်။

သမာဓိမြဲတဲ့သူဟာ သမာဓိသာသနာတည်တယ်။

ပညာ ၀ိပဿနာမြဲတဲ့သူဟာ ပညာသာသနာတည် တယ်။

ဘာမှမတည်ရင် ဘာသာသနာမှ မတည်ဘူး။

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း