" ဗုဒ္ဓသာသနာနှင့် ဂိုဏ်းကွဲများ (၂) "
" ဗုဒ္ဓသာသနာနှင့် ဂိုဏ်းကွဲများ (၂) "
ထေရ၀ါဒ၊ မဟာယာနနှင့် ဟီနယာန
အေဒီ(၄၀) ခန့်တွင် ကုသျှန်လူမျိုးတို့သည် အိန္ဒိယပြည်အနောက်မြောက်ပိုင်းဒေသ ကြီးတစ်ခုလုံး ကို သိမ်းပိုက်လျက် ကုသျှန်မင်းဆက်ကို ထူထောင်ခဲ့ကြသည်။ ထိုကုသျှန်မင်းများ အနက် အေဒီ-၁၂၀ မှ ၁၆၂ အထိ စိုးစံခဲ့သော ကနိသျှကမင်းကြီးသည် ဘုန်တန်ခိုးအကြီးဆုံး ဖြစ်၏။ မင်းကြီးသည် မူလက ပါရှင်ဘာ သာ ၀င် တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်ဖြစ် လာခဲ့သည်။
ဗုဒ္ဓသာသနာထွန်းကားရေးကိုလည်း အထူးအားပေးခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ၀င်တို့က ဒုတိယ အသောကမင်းဟူ၍ ခေါ်ဆိုခဲ့ကြသည်။ ထိုမင်းသည် ထေရ၀ါဒဂိုဏ်းကွဲဖြစ်သော သဗ္ဗတ္တိဝါဒဂိုဏ်းရဟန်း တို့ ကို အဓိကထား၍ ကြည်ညိုကိုးကွယ်ခဲ့သည်။ ကနိသျှကမင်းလက်ထက် တွင် အိန္ဒိယပြည်၌ ဗုဒ္ဓဘာသာဂိုဏ်း ကွဲများ အရှိန်အ၀ါကောင်းနေဆဲ ဖြစ်၏။ ဂိုဏ်းအချင်းချင်း အယူအဆရေးရားများနှင့်ပတ်သက်၍ ညီညွတ်မှု မရှိကြပေ။ သဘောတရားရေးဆိုင်ရာမာလည်း အရှုပ် အထွေးများ ဖြစ်ပွားနေ၏။
ကနိသျှမင်းကြီးသည် ဤကဲ့သို့ဗုဒ္ဓဘာသာအချင်းချင်း ဂိုဏ်းဂဏများကွဲပြားနေမှုကို အား ရကြေနပ် မှုမရှိဖြစ်ခဲ့ရသည်။ ဂိုဏ်းအားလုံးကို ပေါင်းစည်းညီညွတ်ရန် ဆန္ဒရှိခဲ့သည်။ ထို့ကြောင့် သဗ္ဗတ္ထိဝါဒ ဂိုဏ်းမှ ဆရာတော် ၀သုမိတြမထေရ်ကို အကြီးအမှုးပြု၍ ဂိုဏ်းပေါင်းစုံမှ ရဟန်း(၅၀၀)တို့ဖြင့် သင်္ဂါ ယနာပွဲကို ကျင်း ပပြုလုပ်ခဲ့သည်။
ထိုသင်္ဂါယနာပွဲမှ သံဃာတော်တို့သည် သုတ်၊၀ိနည်း၊အဘိဓမ္မာ တို့၏ အဖွင့်ဖြစ်သော ၀ိဘာသာ ကျမ်းများကို ပြုစုခဲ့ကြ၏။ ယင်းတို့မှာ-
(၁) ၀ိနယပိဋကအဖွင့် ၀ိဘာသာကျမ်း (ဂါထာတစ်သိန်း)
(၂) သုတ္တန္တပိဋကအဖွင့် ၀ိဘာသာကျမ်း( ဂါထာတစ်သိန်း)
(၃)အဘိဓမ္မာပိဋကအဖွင့် ၀ိဘာသကျမ်း (ဂါထာတစ်သိန်း)တို့ဖြစ်၏။
ကနိသျှကမင်းကြီးသည် ထိုသင်္ဂါယနာမှ ထွက်ပေါ်လာသော ၀ိဘာသာကျမ်းများကို ကြေးပြားပေါ်တွင် သက္ကတဘာသာဖြင့် ရေးထိုးမှတ်တမ်းတင်၍ ကျောက်သေတ္တာကြီးများဖြင့် ထည့် သွင်းကာ ရှရီနဂရ်မြို့အနီးရှိ စေတီတစ်ဆူ၌ ဌာပနာခဲ့သည်။ ထိုဝိဘာသာကျမ်းအပြင် မဟာယာနဗုဒ္ဓ ဘာ သာ၏ မျိုးစေ့သဖွယ်ဖြစ်သော ဗုဒ္ဓစရိတကျမ်းကို အရှင်အဿဃောသက စီရင်ရေးသားခဲ့ သည်။ ကနိသျှက မင်းကြီး၏ ချီးမြှောက်မှုကြောင့် အိမ်နီးချင်းနိုင်ငံများသို့ ဗုဒ္ဓဘာသာပြန့်ပွားလာခဲ့ သည်။ မဟာယာနဗုဒ္ဓ ဘာသာဟူ၍လည်း ထင်ထင်ရှားရှား ဖြစ်ပေါ်လာခဲ့သည်။
မဟာယာနဗုဒ္ဓဘာသာဟူ၍ ပေါ်ထွန်းလာပြီးနောက် အရှင်အဿဃောသ၏ တပည့်များ ဖြစ်သော အရှင်နာဂဇုနနှင့် အရှင်ဝသုဗန္ဓတို့က ထိုမဟာယာနဗုဒ္ဓဘာသာကို ထွန်းကာပြန့်ပွားအောင် ဆောင် ရွက်ခဲ့ကြသည်။ ထိုထေရ်နှစ်ပါးသည် မြတ်ဗုဒ္ဓ၏ တရားဓမ္မများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နှုတ် ပယ်ခြင်း များကိုပြုလုပ်ခဲ့ကြ၏။
ဘုရားရှင်သည် ''သမ္မာသမ္ဗောဓိ၊ ပစ္စေကဗောဓိ၊ သာဝက ဗောဓိ''ဟု ဗောဓိသုံး ပါး ဟော ကြားထား၏။ ထိုကြောင့် မိမိတို့ကြိုက်နှစ်သက်ရာ ဗောဓိတစ်မျိုးမျိုးကို ကျင့်သုံးနိုင်၏။ သို့ရာတွင် ပစ္စေကဗောဓိနှင့် သာဝက ဗောဓိတို့သည် မိမိတစ်ဦးတည်း နိဗ္ဗာန် ရောက်ရန် ကျင့်ကြံသော ကြောင့် တစ်ကိုယ်ကောင်းဆန်သော လမ်းစဉ်ဖြစ်၏။ သတ္တ၀ါတို့ကို ကယ်တင်ရန် သမ္မာသမ္ဗောဓိ ကျင့်စဉ်ကို ကျင့်ကြံရမည်'' ဟု ဟောပြောရေးသား ကြ၏။ (ကမ္ဘာအရပ်ရပ်သို့ ဗုဒ္ဓသာသနာတော် ရောက်ရှိပြန့်ပွါးပုံ (ပထမပိုင်း))
ထို့အပြင် မဟာယာန ဂိုဏ်းသားတို့သည် မိမိတို့အယူဝါဒကို လက်ခံကျင့်သုံးမှုမရှိသော အခြား ဂိုဏ်း များ ကိုပြောင်လှောင်၍ ''ဟီနယာန''ဟု မှည့်ခေါ်ခဲ့ကြသည်။ သို့ဖြစ်၍ ထေရ၀ါဒသည်လည်း မဟာယာန၌ မပါဝင် သောကြောင့် ဟီနယာန၌ ပါဝင်သကဲ့သို့ ဖြစ်နေ၏။
ကနိသျှကမင်းကြီးလက်ထက် သင်္ဂါယနာတင်စဉ် အခါက ဂိုဏ်းပေါင်းစုံ တက်ရောက်ခဲ့သော် လည်း လုံးဝတက်ရောက်ခြင်းမရှိသော ဂိုဏ်းတစ်ဂိုဏ်းရှိခဲ့သည်။ ထိုဂိုဏ်းကား အသောကမင်း လက်ထက် သင်္ဂါ ယ နာ တင်ပွဲကို ဦးဆောင်ခဲ့ကြသော ထေရ၀ါဒ၀ိဘဇ္ဇ၀ါဒီဂိုဏ်း ပင် ဖြစ်၏။
ထိုဂိုဏ်း သည် မူလထေရ၀ါဒနှင့် ပေါင်းစည်းခဲ့သောဂိုဏ်း ဖြစ်၏။ ဤမဟာယာနနှင့် ဟီနယာန ဂိုဏ်း ကွဲချိန်၌ ၀ိဘဇ္ဇ၀ါဒ(သို့မဟုတ်) ထေရ၀ါဒမှာ အိန္ဒိယပြည်၌ မရှိတော့ချေ။ ထို့ကြောင့်ပင် ကနိသျှကမင်း လက်ထက် သင်္ဂါယနာကို ထေရ၀ါဒက လက်ခံမှတ်တမ်းတင်ခြင်း မရှိခဲ့ပေ။
နောက်ပိုင်းကာလတွင် မဟာယာနဂိုဏ်းကြီး မှာတိဗက်၊ဆစ်ကင်း၊ဘူ တန်၊နီပေါ၊မွန်ဂိုလီယား၊တ ရုတ်၊ဗီယနမ်၊ ကိုရီယား၊ ဂျပန် စသော နိုင်ငံအသီးသီးသို့ရောက်ရှိပြန့်ပွားခဲ့သည်။
မူလက ''ဟီနယာန'' ဟု ခေါ်ဝေါ်သုံးစွဲမှုကိုခံခဲ့ရသော ဂိုဏ်းများမှာ အိန္ဒိယာနိုင်ငံ၌ တဖြည်းဖြည်း အားနည်းမှေးမှိန် ပျောက်ကွယ်သွားခဲ့ကြသည်။ ပင်မထေရ၀ါဒဂိုဏ်းမှာ သီရိလင်္ကာ(သီဟိုဠ်)၊ မြန်မာစသော နိုင်ငံများသို့ ရောက်ရှိပြန့်ပွားသွားခဲ့သည်။
ဇင် ၀ိပဿနာဂိုဏ်း
ယနေ့မျက်မှောက်ခေတ်တွင် ထေရ၀ါဒနှင့် မဟာယာနတို့ကဲ့သို့ ထွန်းကားနေသောဂိုဏ်းမှာ ဇင်ဝိပဿနာဂိုဏ်းပင် ဖြစ်၏။ ဂျပန်နိုင်ငံ၌ အထူးထင်ရှားသော မဟာယာနဗုဒ္ဓဘာသာဂိုဏ်းကွဲ တစ်ခု ဖြစ်၏။ ဇင်ဝါဒသည် ဂျပန်နိုင်ငံ၌သာ ထင်ရှားသည်မဟုတ်ဘဲ အနောက်နိုင်ငံများ၌လည်း လူသိများ၏။ ထိုဇင် ၀ိပဿ သနာကို အနောက်တိုင်းပညာရှင်အတော်များများ စိတ်ဝင်စားကြကြောင်း သိရှိရသည်။
''ဇင်သည် ပါဠိစကား''ဈာန'' နှင့် အနက်တူသော တရုတ်စကားမှဆင်းသက်လာသည်''ဟု ဆိုပါသည်။
(ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ (ဦးအေးမောင်) စာ-၃၆၀)
စင်စစ်အားဖြင့် ဇင်သည်ဘာသာဝါဒမဟုတ်ဘဲ ၀ိပဿနာကျင့်စဉ်သာ ဖြစ်၏။ ဗုဒ္ဓလက်ထက်မှစ၍ ရှင်မဟာကဿပနှင့် အခြားမထေရ်အဆက်ဆက်တို့ ဆောင်ခဲ့ကြ၍ ခြောက် ရာစုအတွင်း၌ ဗောဓိဓမ္မ မည်သော အိန္ဒိယနိုင်ငံသားမထေရ်တစ်ပါးနှင့်အတူ တရုတ်ပြည်နှင့် ဂျပန် ပြည်သို့ ရောက်ရှိလာခဲ့၏။
ထို 'ဇင်'၀ါဒသည် တရုတ်နိုင်ငံ၌ စတင်ပေါ်ပေါက်၍ ထေရ၀ါဒနှင့် မဟာယာနဗုဒ္ဓ ဘာသာဂိုဏ်း နှစ်ခုလုံးမှ ကောင်းနိုးရာရာ ၀ိနည်းဥပဒေများကို လိုက်နာကျင့်ကြံကြ၏။ ဤသို့အား ဖြင့် ဇင်ဗုဒ္ဓဘာသာ သည် မျက်မှေက်ခေတ်တွင် ဂျပန်နိုင်ငံ၌ ထင်ရှားနေသည်။
ထေရ၀ါဒ
အေဒီ (၁၂)ရာစုတွင် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာပျောက်ကွယ်သွားခဲ့၏။ ထိုအချိန်တွင် အာရှတိုက် တစ်ခွင်၌ ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားနေပြီ ဖြစ်၏။ အာရှတိုက်ဒေသအချို့တွင် အသော ကမင်း လက် ထက်၊ (သိုမဟုတ်) ထိုမင်းလက်ထက်မတိုင်မီ အခါကာလကပင် ဗုဒ္ဓဘာသာရောက်ရှိ ပြန့်ပွား နေခဲ့၏။
ထိုတွင် မဟာယာနဗုဒ္ဓဘာသာသည် မြောက်ပိုင်းဒေသ နိုင်ငံကြီးများ၌ စည်ပင် ပြန့်ပွားနေသကဲ့သို့ ထေရ၀ါဒ ဗုဒ္ဓဘာသာသည်လည်း တောင်းပိုင်းဒေသ အသီးသီးတို့၌ ထွန်းကား ပြန့်ပွားနေ၏။ ထေရ၀ါဒ နိုင် ငံ များမှာ သီရိလင်္ကာ၊မြန်မာ၊ထိုင်း၊ ကမ္ဘောဒီးယား နှင့် လော(လာအို)နိုင်ငံတို့ဖြစ်၏။
ထေရ၀ါဒဟူသည်မှာ''မထေရ်အဆက်ဆက်တို့ မပျောက်မပျက်ရအောင် ဆောင်ထား အပ်သော ထိန်းသိမ်းအပ်သော ဘုရားစကားတော်အစဉ်''ဟု အဓိပ္ပါယ်ရသည်။ တနည်းအားဖြင့် အရှင်မဟာကဿပ အစရှိသော မထေရ်အဆက်ဆက်တို့ မူရင်းမပျက် သံဂါယနာတင်လျက် ထိန်းသိမ်းစောင့်ရှောက်ထားအပ် သောဘုရားစကား ပါဠိတော်အတိုင်း ကျင့်ကြံနေထိုင်သော အယူဝါဒကို ''ထေရ၀ါဒ''ဟု ခေါ်သည်ဟူ၍ (၀ိ၊ဋ္ဌ၊၁၊၁၇ )ဖွင့်ဆိုထားသည်။
ထေရ၀ါဒရဟန်းတော် များသည် မြတ်ဗုဒ္ဓ၏ ဓမ္မဒေသနာတော်တို့ကို ပြင်ဆင်ခြင်း ၊ဖြည့်စွက် ခြင်း၊ နှုတ် ပယ်ခြင်း မပြုဘဲ မူရင်းအတိုင်း ထိန်းသိမ်းခဲ့သော ပင်မ ဗုဒ္ဓဘာသာ ဖြစ်၏။
ထေရ၀ါဒ ရဟန်းတော်တို့သည် မြတ်ဗုဒ္ဓ၏ ဓမ္မက္ခန္ဓာဒေသနာတော်များကို ပါဠိဘာသာဖြင့် မူရင်းအတိုင်း နှုတ်ဆင့်ကမ်း၍လည်းကောင်း၊ စာမှတ်တမ်းဖြင့်လည်းကောင်း ထိန်းသိမ်းလာခဲ့ကြ၏။ ဘုရား ရှင်၏ သာသနာတော်ငြိုးမှိန် ပျက်စီးဖွယ် ရာ ဤအကြောင်း ပေါ်ပေါက်လာသည့်အခါ မြတ်စွာဘုရား ဟော ဖော် တရားတော်များကို နှုတ်တက်ဆောင်ခြင်း၊ ပေထက်အက္ခရာ၊ကျောက်ထက်အက္ခရာ ပုံနှိပ်အက္ခရာတို့ ဖြင့် ရေးသား၍ သံဂါယနာတင်ခဲ့ကြရာ (၆)ကြိမ်တိုင်တိုင်ပင် ရှိခဲ့၏။ ထိုမြတ်ဗုဒ္ဓ၏ ဓမ္မက္ခန္ဓာ ဒေသနာ အရပ် ရပ်ကို စုပေါင်း၍ '' ပိဋကတ်တော်''ဟုခေါ်ဆိုခဲ့ကြ၏။
-
ဓမ္မစာပေများ

Comments
Post a Comment