' သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်ခါဆို လဝါဆို '

' သန္ဓေတောထွက် ဓမ္မစက် ဟောမြွက်ခါဆို လဝါဆို '

''ရာသီဇယ၊ ဝါဆိုလဟု၊ မှိုင်းမြရီမှောင်၊လျှပ်ရောင်ပြိုးပြက်၊ မည်းနက်ဖြူပြာ၊ ခိုးမိလ္လာနှင့်၊   စိမ်းဝါနီပြောင်း၊  ရွာသွန်းဆောင်၍၊ သဲသောင်ရေသွယ်၊ယှက်နွှယ်မြစ်ကမ်း၊ ပြည့်တင်းကျမ်းနှင့်၊ လွမ်း၍မအီ၊ သည်ရာသီတွင်'' ဟူ၍   ရှေးစာဆိုတော်ကြီး ဦးယာက လဝါဆိုကို လွမ်းဆွတ်ဖွယ်ဖြစ်အောင် ရေးဖွဲ့ခဲ့သည်။ ဝါဆိုလတွင် မိကျောင်းပန်းများ ဖွေးဖွေးလှုပ်ပွင့်ကြသဖြင့် ''ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး''ဟူ၍လည်း ရှေးသူဟောင်းတို့ဆိုကြသည်။ ထို့ပြင် မိုးများသည်းထန်စွာရွာသဖြင့်   လယ်ကွင်းပြင် တစ်ခုလုံးရေများ ဖွေးနေသောကြောင့် ''ဝါဆိုဝါခေါင်၊ ရေဖောင်ဖောင်''ဟု  ဆိုကြသည်။ ရှေးစာဆိုတော်ကြီး ဦးဖြေကလည်း ''တောတောင်မှောင်နက်၊  နတ်လျောင်းရက်မှာ၊  ပုန်းညက်မာလာ၊ ငုံဝိုင်းကာနှင့်၊ ရွှေညှာတစ်ဖုံ၊ ရေဝယ်သုန်လို့၊ ကမ်းခုံကျွန်းညို၊ ဒိုက်မျောထဲသိုတော့တယ်။   ငှက်ဖိုမမောင်မယ်လည်း  သိုက်မြုံဆောင်ဝါ၊ ရှောင်သုံးကယ်နှင့်  ထုံးချစ်လှယ်ကြိုး''ဟု သဘာဝကို ဖွဲ့ဆိုခဲ့သည်။

လဝါဆို၏အဓိပ္ပာယ်.....

ဝါဆိုလသည် မြန်မာလများတွင် စတုတ္ထမြောက်လဖြစ်ပြီး နွေဥတု၊ မိုးဥတုနှစ်မျိုးလုံး၌ ပါဝင်သည်။ နေ့ဝါဆို၊ ညပြာသိုဟုဆိုသည့်အတိုင်း  ဝါဆိုလတွင်  နေ့တာရှည်သည်။ ဝါဆိုလ မွန်းတည့်ချိန်၌ လူရိပ်မထွက်၊ နေပူတွင်ရပ်နေပါက လူရိပ်မှာ လူ့အောက်တွင် ပျောက်နေလေ့ရှိသောကြောင့်    ''ဝါဆိုလူ့အောက်၊ အရိပ်ပျောက်''ဟု ရှေးလူကြီးများက  ဆိုစမှတ်ပြုကြသည်။ ဝါဆိုလ၏ အဓိပ္ပာယ်နှင့် စပ်လျဉ်း၍ ဝေါဟာရလီနတ္ထဒီပနီ၌ ရဟန်းသံဃာတို့ ဝါဆိုဝါကပ်ပြုတော်မူသည့် လဖြစ်ခြင်း၊ မြန်မာလအမည်များ စာအုပ်တွင် ရဟန်းတော်များ မိုးသုံးလအတွင်း ကျောင်း၌နေပါမည်ဟု ရွတ်ဆိုလဟူ၍ ဖော်ပြထားသည်။ ပုဂံခေတ်ကဝါဆိုကို မလွတ်တာ၊ မြွယ်တာ၊ နွယ်တာဟု အမျိုးမျိုးခေါ်ဝေါ် ရေးသားခဲ့ကြသည်။ လယ်မြေတိုင်းတာသောလ၊ မြေတိုင်းလ၊ နွေရာသီ လွန်ပြီးသောလဟု အဓိပ္ပာယ်သက်ရောက် သည်။ အထူးသဖြင့် ဝါဆိုလဟူ၍ ပုဂံခေတ် အနော်ရထာမင်းကြီး လက်ထက်မှ စတင်ခေါ်ဆို ပညတ်ခဲ့သည်ဟု   ဆိုနိုင်သည်။  ပုဂံသို့ ပရိယတ္တိသာသနာ စာပေကျမ်းဂန်များ ရောက်ရှိချိန် ရဟန်းသံဃာတို့ ဝါဆိုဝါကပ် ပြုတော်မူကြသည်ကို အစွဲပြုခေါ်ဝေါ်ခဲ့ခြင်းပင် ဖြစ်သည်။ အင်းဝခေတ်ရောက်လာသောအခါ ဝါဆိုဟူသော ဝေါဟာရ တွင်ကျယ်လာခဲ့သည်။

ထို့ပြင် ဝါဆိုလကို ကရကဋ်ရာသီဟုခေါ်ပြီး ပြုဗ္ဗာသာဠ်နက္ခတ်သည် လပြည့်ဝန်းနှင့် အတူ ယှဉ်ပြိုင်ထွန်းပသကဲ့သို့ နေမင်းက ဖုသျှနက္ခတ်နှင့် ယှဉ်ပြိုင်လေ့ရှိသည်။ ဝါဆိုလ၏ ရာသီရုပ်မှာ ပုစွန်လုံးဖြစ်သည်။ ရှေးမြန်မာမင်းများ လက်ထက်က ဝါဆိုလ၏ ပွဲတော်မှာ ပဉ္စင်းခံရှင်ပြုပွဲတော်ဖြစ်သည်။ ရှေးမြန်မာမင်းများက ဗုဒ္ဓသာသနာတော် တိုးတက်ပြန့်ပွားရေးအတွက် ရည်ရွယ်ကာ ပဉ္စင်းခံရှင်ပြုပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။ ထို့နောက် ၁၈၈၅ ခုနှစ် ပဒေသရာဇ်ခေတ် ကုန်ဆုံးပြီးနောက် ဝါဆိုလပဉ္စင်းခံ ရှင်ပြုပွဲတော်မှာ ကွယ်ပျောက်ခဲ့ရသည်။ ယင်းနောက်ပိုင်း ဝါဆိုပွဲတော်သည် ရာသီပွဲတော်အဖြစ်သို့ ပြောင်းလဲရောက်ရှိကာ ရဟန်းသံဃာတော်များ ဝါဆိုဝါကပ်ပြုခြင်း၊ ဝါဆိုပန်းခူးခြင်း၊ ဝါဆိုပန်းကပ်ခြင်း၊ ဝါဆိုဆွမ်းကျွေးခြင်း၊ ဝါဆိုသင်္ကန်းကပ်ခြင်း၊ ဘိုးဘွားသက်ကြီးရွယ်အိုများ ပူဇော်ခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ကြသည်။

ထူးခြားသောဖြစ်စဉ်ကြီး လေးခု.....

ဗုဒ္ဓသာသနာတော် သမိုင်းတွင် ထူးခြားသော ဖြစ်စဉ်ကြီးလေးခုသည် ဝါဆိုလပြည့်နေ့များ၌ဖြစ်ပေါ်ခဲ့သည်။ ယင်းဖြစ်စဉ်ကြီး လေးခုမှာ-

(၁)     သက္ကရာဇ် ၆၇ ခုနှစ် ဝါဆိုလပြည့် ကြာသပတေးနေ့ သန်းခေါင်ယံအချိန်၌ ကပိလဝတ်ပြည်တွင် သုဒ္ဓေါဓနမင်းကြီး၏ ကြင်ယာတော် မဟာမာယာဒေဝီ မိဖုရားကြီး၏ ဝမ်းကြာတိုက်တွင် ဘုရားလောင်း သန္ဓေယူတော်မူခြင်း။

(၂)     ဘုရားလောင်း သိဒ္ဓတ္ထမင်းသားသည် သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တွေ့ပြီးသောအခါ သက္ကရာဇ် ၉၇ ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့ ညသန်းခေါင်ယံ အချိန်တွင် တောထွက်တော်မူခြင်း။

(၃)     သိဒ္ဓတ္ထမင်းသားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် သက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့် စနေနေ့ နေဝင်စအချိန်တွင် ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာ တရား ဟောတော်မူခဲ့ခြင်း။

(၄)   သက္ကရာဇ် ၁ဝ၉ ခုနှစ် ဝါဆိုလပြည့်နေ့၌ ဗုဒ္ဓဘုရားရှင်သည် သာဝတ္ထိပြည်ရှိ သရက်ဖြူပင်ရင်းတွင် တိတ္ထိတစ်သင်းအား တန်ခိုးပြာဋိဟာ ပြတော်မူခဲ့ခြင်း စသည်တို့ပင်ဖြစ်သည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့ကို သန္ဓေ၊ တောထွက်၊ ဓမ္မစက်ဟူ၍ ဗုဒ္ဓဘာသာဝင်တို့ အမှတ်အသား ပြုကြသည်။ ထို့ပြင် ဝါဆိုလပြည့်တွင် ဂေါတမမြတ်စွာ ဘုရားရှင်၏ ထူးခြားမှုတစ်ခုရှိခဲ့သည်။ မဟာသက္ကရာဇ် ၁ဝ၉ ခုနှစ် ဝါဆိုလပြည့်နေ့၌ မြတ်ဗုဒ္ဓသည်  သာဝတ္ထိပြည် ကဏ္ဍမ္ဗသရက်ဖြူပင်ရင်းတွင် တိတ္ထိတစ်သင်းအား တန်ခိုးပြာဋိဟာပြရာ၌ ဗုဒ္ဓကိုယ်တော်မှ ထွက်သော မီးလျှံအဟုန်သည် အထက်သို့ဖြာတက်၍ လည်းကောင်း၊ ကိုယ်တော်အောက်ပိုင်းမှ ရေအလျဉ်သည် တစိမ့်စိမ့်ဖြာထွက်၍ လည်းကောင်း၊ လက်ယာမျက်လုံးတော်မှ မီးလျှံထွက်သောအခါ လက်ဝဲမျက်လုံးတော်မှ မီးလျှံဖြာထွက်၍ လည်းကောင်း၊ အထူးထူးသော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူခဲ့သည်။ ထို့ကြောင့် သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာဟု ဗုဒ္ဓသာသနာတော် သမိုင်းတွင် မှတ်တမ်းရေးထိုးခဲ့သည်။

ဓမ္မစကြာတရားတော်.....

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တဌာနတို့တွင် တစ်ဌာနလျှင် ခုနစ်ရက်စီ စုစုပေါင်း ၄၉ ရက်တိုင် တရားဓမ္မဖြင့် မွေ့လျော်တော်မူသည်။ ထို့နောက် သဟမ္ပတိဗြဟ္မာမင်းကြီး၏ တရား ဟောတော်မူရန် လျှောက်ထား တောင်းပန်ချက်ကို လက်ခံတော်မူ၍ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိဟူသော ပဉ္စဝဂ္ဂီငါးဦးနှင့်တကွ တစ်သောင်းသော လောကဓာတ်မှ နတ်ဗြဟ္မာ အပေါင်းတို့အား တရားဦးဟောတော်မူရန် မိဂဒါဝုန်တောသို့ ကြွတော်မူသည်။ ယင်းနေ့သည် ဝါဆိုလပြည့် စနေနေ့ဖြစ်သည်။ ညနေခင်း နေဝင်ဆည်းဆာအချိန်၌ ''ဒွေမေဘိက္ခဝေ အန္တာပဗ္ဗဇိတေန နသေဝိတဗ္ဗာအစရှိသော ဓမ္မစကြာတရားဦးကို ဟောတော်မူသည်။ တရားဦး၏ အမည်မှာ ပါဠိဘာသာအားဖြင့် ''ဓမ္မစက္ကပဝတ္တနသုတ်''ပင်ဖြစ်သည်။ မြန်မာအဓိပ္ပာယ်မှာ ဓမ္မ-သဘာဝတရား၊ စက္က-စက်ကို၊ ပဝတ္တန-လှည့်တတ်အောင်၊ သုတ္တ-ဖော်ပြသောစကားအစဉ်ဖြစ်သည်။ သဘာဝတရား စက်ကိုလည်အောင်၊လှည့်တတ်အောင် ဖော်ပြဆုံးမတော်မူသည့် စကားအစဉ်ပင်ဖြစ်ရာ တစ်နည်းအားဖြင့် တရားစကြာ လှည့်ခြင်းဟူ၍ ခေါ်ဆိုကြသည်။

သစ္စာတရားရှာဖွေရာ၌ အစွန်းလွတ်ရန်.....

ဓမ္မစကြာတွင် ဓမ္မသည် သစ္စာလေးပါး အမှန်တရားဖြစ်ပြီး စကြာသည် အဆက်မပြတ် လည်ပတ်နေခြင်းဖြစ်ရာ သစ္စာတရားကို လည်ပတ်အောင်လည်စေပြီး လှည့်၍ဟောပြခြင်းသည် ဓမ္မစကြာဟု ခေါ်ခြင်းပင်ဖြစ်သည်။ သစ္စာတရား၊ အမှန်တရားကို ရှာဖွေတွေ့ရှိရန် အစွန်းမရောက်ဖို့လိုသည်။ အစွန်းလွတ်ရမည်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားရှင်က သစ္စာတရား ရှာဖွေသူသည် အစွန်းနှစ်ပါးကို ရှောင်ရသည်ဟု ဟောတော်မူခဲ့သည်။ အစွန်းနှစ်ပါးမှာ စည်းစိမ်ခံခြင်း၊ ဇိမ်ခံခြင်းဟူသော အစွန်းတစ်ပါးနှင့် ဆင်းဆင်းရဲရဲ၊ ချို့ချို့တဲ့တဲ့၊ ငတ်ငတ်ပြတ်ပြတ်ကျင့်ခြင်း ဟူသော အစွန်းတစ်ပါးပင်ဖြစ်သည်။ ထို့နည်းတူ လောဘ သို့မဟုတ် အချစ်သည် အစွန်းတစ်ဖက်ဖြစ်၍ ဒေါသ သို့မဟုတ် အမုန်းသည် အစွန်းတစ်ဖက်ဖြစ်သည်။ ထို့ကြောင့် အမှန်တရားကို ရှာဖွေသူသည် လောဘ၊ ဒေါသဖြင့် ရှာ၍မရသကဲ့သို့ ချစ်ခြင်း၊ မုန်းခြင်းတည်းဟူသောအစွန်းများကို လွတ်အောင်ရှောင်နိုင်မှသာလျှင် အမှန်တရားကို တွေ့ရှိမည် ဖြစ်သည်။ ထို့ကြောင့် ဓမ္မစကြာတရားတော်၏ အနှစ်သာရမှာ လမ်းစဉ်မှား အစွန်းနှစ်ခုကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါလမ်းစဉ်မှန် ကျင့်သုံးရေးတို့ပင်ဖြစ်သည်။

မဇ္ဈိမပဋိပဒါကျင့်စဉ်.....

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အစွန်းလွတ်သော ကျင့်စဉ်ကို ချပြတော်မူသည်။ ထိုကျင့်စဉ်သည် မဇ္ဈိမပဋိပဒါ ကျင့်စဉ်ပင်ဖြစ်သည်။ အလယ်အလတ်ကျင့်စဉ်ဆိုသည်မှာ-

(၁)     အမြင်မှန်ရရန်အားထုတ်ခြင်း=သမ္မာဒိဋ္ဌိ
(၂)     ကောင်းမြတ်သော  ကုသိုလ်အကြံအစည်များကိုသာ ကြံစည်ခြင်း= သမ္မာသင်္ကပ္ပ
(၃)     ကောင်းမြတ်သောစကားကိုသာပြောဆိုခြင်း= သမ္မာဝါစာ
(၄)     ကောင်းမြတ်သောအပြုအမူကိုသာ ပြုလုပ်ခြင်း= သမ္မာကမ္မန္တ
(၅)     အပြစ်မရှိစင်ကြယ်သော အသက်မွေးမှုဖြင့် အသက်မွေးခြင်း=သမ္မာအာဇီဝ
(၆)     မှန်ကန်သော မြတ်သော အားထုတ်မှုကိုသာပြုလုပ်ခြင်း= သမ္မာဝါယာမ
(၇)     မှန်ကန်သောအမှတ်ရမှု သတိရမှုကို ပြုလုပ်ခြင်း= သမ္မာသတိ
(၈)     မှန်ကန်သော    စိတ်တည်ကြည်မှု သမာဓိရရန်  အားထုတ်ခြင်း=
သမ္မာ သမာဓိတည်းဟူသော အကျင့်ကောင်း အကျင့်မြတ်ပင်ဖြစ်သည်ဟု
ဗုဒ္ဓမြတ်စွာ ဘုရားရှင်က ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။

ဓမ္မစကြာတရားတော်၏ အနှစ်သာရ.....

အထက်ဖော်ပြပါ မဇ္ဈိမပဋိပဒါကျင့်စဉ်သည် ဓမ္မစကြာတရားတော်၏ အနှစ်သာရ ဖြစ်သည်။    ဗုဒ္ဓဝါဒ၏တိကျခိုင်မာသော သဘောတရားမှာ ဓမ္မစကြာတရားတော်၌ ထင်ထင်ရှားရှား    ပေါ်လွင်လျက်ရှိသည်။ ထိုကဲ့သို့    အနှစ်သာရနှင့်ပြည့်စုံနေသော ဗုဒ္ဓတရားပီပီ  ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အာရုံစူးစိုက်ပြီး ရွတ်ဖတ်သရဇ္ဈာယ် တော်မူကြသည်။ ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ အဖြစ် အလေးအနက်ထား သတ်မှတ်ခဲ့သည်။ ဗုဒ္ဓမြတ်စွာဘုရားက    ပဉ္စဝဂ္ဂီငါးဦးတို့ကို ဟောကြားတော်မူပြီးနောက်  ပဉ္စဝဂ္ဂီငါးဦး အနက်  (၁)ဝါဆိုလပြည့်နေ့၌ အရှင်ကောဏ္ဍည၊  (၂) ဝါဆိုလပြည့်ကျော် ၁ ရက်တွင် အရှင်ဝပ္ပ၊  (၃)ဝါဆိုလပြည့်ကျော် ၂ ရက်၌ အရှင်ဘဒ္ဒိယ၊  (၄) ဝါဆိုလပြည့်ကျော် ၃ ရက်တွင် အရှင်မဟာနာမ်၊  (၅) ဝါဆိုလပြည့်ကျော် ၄ ရက်တွင်  အရှင်အဿဇိတို့သည် နေ့ရက်အစဉ်၊ ထေရ်အစဉ်ဖြင့် သောတာပန် ဘွဲ့ထူးဂုဏ်ထူးများ ရရှိခဲ့ကြသည်။

သို့ဖြစ်၍ ဝါဆိုလပြည့်ဓမ္မစကြာ အခါတော်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အတွက် နေ့ထူးနေ့မြတ် ဖြစ်သကဲ့သို့ ဝါတွင်းသုံးလသည်လည်း ဗုဒ္ဓဘာသာဝင်တို့အဖို့ ဒါနကုသိုလ် အထူးပြုကြသော ကာလဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။  ။

_
credit … တက္ကသိုလ် ပွင့်သူအောင်




Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း