" ချိုတေးဆက် ကိုအောင်ကိုး ''

" ချိုတေးဆက် ကိုအောင်ကိုး ''

ချိုတေးဆက် ကိုအောင်ကိုးသည် အဘ ဦးဘိုကြီး(ပွဲစားကြီး)၊ အမိဒေါ်ရှင်တို့မှ မွေးဖွားသောမွေးချင်းငါးဦးအနက် ၁၂၈၈ခုနှစ်၊ တပို့တွဲလဆန်း ၅ရက်နေ့တွင် မွေးဖွားသည့် တတိယမြောက်သားဖြစ်သည်။ ညောင်တုန်းမြို့၊ ၁၂လမ်းတွင် မွေးဖွားပြီး ၁၉၄၅-၄၆ခုနှစ်တွင် ရန်ကုန်သို့ရောက်ရှိပြီး တပ်မတော်မှတ်တမ်းရုံးတွင် အမှုထမ်းစဉ် ဆာဂျင်မင်းဇော် အမည်ခံပြီး မှတ်တမ်းရုံးတီးဝိုင်းအတွက် အသံလွှင့်ရန် တေးသီချင်းများ ရေးပေးခဲ့သည်။ သူကိုယ်တိုင် ဆာဂျင်မင်းဇော် အမည်ဖြင့် သီချင်းဆိုသည်။ ထိုဝိုင်းတွင် ဆာဂျင်ကိုသောင်း၊ ဆာဂျင်ကိုလှကြူ၊ ရဲဘော်ထွန်းသောင်တို့နှင့် အသံလွှင့်ခဲ့သည်။ “တိုင်းပြည်အတွက် သင့်ကိုအလိုရှိသည်”သီချင်းကို ရဲဘော်ထွန်းသောင်အတွက် ရေးပေးရာ ဓာတ်ပြားရရှိခဲ့သည်။

တပ်မတော် မှတ်တမ်းရုံးတွင် တာဝန်ထမ်းဆောင်နေချိန်အတွင်း ချိုတေးဆက်ဝိုင်းကို တည်ထောင်ပြီး နှစ်ဆယ့်ငါးနှစ်တိုင်တိုင် (ငွေရတု) အထူးအစီအစဉ်ဖြင့် မြန်မာ့အသံတွင် အသံလွှင့်ခဲ့သည်။ ချိုတေးဆက်တူရိယာဝိုင်းသည် အပျော်တမ်းဝိုင်းဖြစ်ပြီး ကိုအောင်ကိုး၏ သီချင်းစာသားရေးမှု၊ သုံးစွဲသည့်သံစဉ် လှပသာယာမှု၊ အသံ (Key) ချိန်းမှုများသည် လူတကာနားဝင်ချိုပြီး ပရိသတ်စွဲလန်းနှစ်သက်ကြသည်။

ယင်းအချိန်သည် RECORDER CASSETTE များ မပေါ်သေးဘဲ ရေဒီယိုပင် အိမ်တိုင်းမရှိသေးသည့် အချိန်ဖြစ်ပြီး လက်ဖက်ရည်ဆိုင်များတွင် တိုးဝှေ့နားထောင်ကြရသည့်အချိန်ဖြစ်သည်။

စန္ဒရားလှထွတ် မကွယ်လွန်မီ ပြောသွားသော စကားတစ်ခွန်း မှတ်မိသေးသည်။ သီချင်းများကို Key ချိန်းတဲ့နေရာမှာ အဆင်ပြေဆုံးနဲ့ ချောမွေ့လှပခြင်းတွင် စန္ဒရားဆရာထဲမှာ အလွန်ရှားသည်။ သူကိုယ်တိုင်လည်း ကိုအောင်ကိုး၏ ပညာကို တလေးတစား အတုယူကြောင်းပြောဖူးသည်။

ချိုတေးဆက်ဝိုင်းတွင် အဆိုတော် များပြားမှုကြောင့် သီချင်းကောင်းများ အများအပြား ရေးသားနိုင်သည်။ ချိုတေးဆက်တွင် သီဆိုကြသော အဆိုတော်များမှာ ကိုကြည်ထွေး၊ တက္ကသိုလ်သိန်းလွင်၊ တက္ကသိုလ်ဘုန်နွယ်၊ ကိုမင်းနောင်၊ ကိုသစ်လွင်၊ ကိုလွမ်းဝေ၊ မောင်မောင်ကြီး၊ ခင်မောင်လွင်၊ မောင်သိန်းဝင်း၊ စန္ဒရားချစ်ဆွေ၊ မေကြာညွန့်၊ လီလီကြာညွန့်၊ ဂရေ့စ်ကြာညွန့်၊ မဉ္ဇူမြင့်၊ ရီလေး၊ နွဲ့လေး၊ သိင်္ဂီအေး၊ သဇင်ကြူ၊ အေဝမ်းတင်တင်လှ၊ နွယ်နီကျင်၊ နွယ်နီမြင့်၊ ခင်မျိုးတင့်တို့ ဖြစ်ကြသည်။

ကိုအောင်ကိုးသည် ရန်ကုန်သို့ ပြောင်းလာချိန်တွင် အခန်းအမှတ်(၃)၊ တိုက်အမှတ်(၇)၊ ရန်ကင်းမြို့နယ်တွင် နေထိုင်သော ပြည့်သူ့လွှတ်တော်ရုံးတွင် တာဝန်ထမ်းဆောင်သော ညောင်တုန်းသူ ဒေါ်ခင်ဖြူနှင့် အိမ်ထောင်ကျပြီး သမီး၆ဦး မွေးဖွားခဲ့သည်။ ခင်မမ (မမ)၊ အေးအေးအောင် (တူးတူး)၊ နွယ်နီအောင် (ဂျူးဂျူး)၊ နှင်းနှင်းအောင် (ထူးထူး)၊ သင်းသင်းအောင် (ဇူးဇူး)၊ နွယ်မျိုးအောင် (ကုကျူး) တို့ ဖြစ်သည်။

ကိုအောင်ကိုးသည် ရေဒီယိုသီချင်းများသာမက လွတ်လပ်ရေး၊ ပြည်ထောင်စု၊ တောင်သူလမ်းသမား၊ အလုပ်သမား၊ တပ်မတော်နေ့ စစ်ရေးစစ်ချီ သီချင်းများ၊ မြေပဒေသာ (သစ်သီးဝလံ ပန်းမာလ်ပြပွဲ) အစရှိသောသီချင်းများကို ရေးစပ်ခဲ့သည်။ ရုပ်ရှင်တေးသီချင်း အများဆုံး ရေးသားခဲ့သူလည်းဖြစ်သည်။ ရှုမဝရုပ်ရှင်၊ တော်ဝင်ထွန်းရုပ်ရှင်၊ မော်လမြိုင်ရုပ်ရှင်၊ သာဓုရုပ်ရှင်၊ပုသိမ်ရုပ်ရှင်၊ မဟာဗောဓိရုပ်ရှင်၊ ပန်းသာဖလင် ရွေဟင်္သာရုပ်ရှင်ကုမ္ပဏီမှ အများဆုံးသုံးသော ဂီတစာဆိုဖြစ်သည်။

သူရေးသားခဲ့သော သီချင်းများအနက် အဆိုတော် ကိုကြည်ထွေးအတွက် “ပြုံးမျက်ရည်”၊ တက္ကသိုလ် ဘုန်းနွယ်အတွက် “စိမ်းလဲ့ညို”၊ တက္ကသိုလ် သိန်းလွင်အတွက် “ဘယ်မှာလဲ အချစ်ရယ်”၊ “မေပုလဲ”၊ ကိုမင်းနောင်အတွက် “ဖော်မဲ့တေးသံ”၊ “ဘဝဟူသည်”၊ ကိုသန်းလှိုင်အတွက် “မမေ့တဲ့နိုင်”၊ စန္ဒရားချစ်ဆွေအတွက် “ချစ်သူ့ဝိညာဉ်”၊ အေဝမ်းတင်တင်လှအတွက် “ခင်တို့အရွယ်”၊ တင်မိုးခိုင်အတွက် “ရွှေရင်တံခါး”၊ မောင်မောင်ကြီးအတွက် “တန်ပါ့မဖုရား”၊ ခင်မောင်လွင်အတွက် “နှောင်းဝသန်၏ ဇာတ်သိမ်းခန်း”၊ လွမ်းဝေအတွက် “မူပိုင်မေတ္တာ”၊ မဉ္ဇူမြင့်အတွက် “စေချင်ရဲ့မယ့်စာခွေ”၊ ရီလေးအတွက် “ဘာရမလဲ သာဝရာ”၊ “သိပ်ချစ်”၊ ဂရေ့စ်ကြာညွန့်အတွက် “သီတာကြောမှာ”၊ ခင်သန်းနုအတွက် “နှောင်”၊ လီလီကြာညွန့်အတွက် “တရူမော”၊ နွဲ့လေးအတွက် “မောင်ကြီးသစ္စာ”၊ သဇင်ကြူအတွက် “မောင်ဟာမေ့အတွက်ပါကွယ်”၊ သိင်္ဂီအေးအတွက် “ဆောင်းရက်နွေဝင်”၊ မာမာအေးအတွက် “တင့်တင့်တို့အရွယ်” စသည့် သီချင်းများကို ရေးပေးခဲ့သည်။

ကိုအောင်ကိုးသည် လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယအဆင့်ဖြစ်ပြီး ရန်ကင်းမြို့နယ် တရားသူကြီးအဖွဲ့ဝင်၊ မြန်မာ့အသံ ခေတ်ပေါ်တေးဂီတစိစစ်ရေးအဖွဲ့ဝင် ဖြစ်သည်။

၁၂ရက်၊ ၁လ၊ ၁၉၉၇ခုနှစ်တွင် အထက်ပါ နေအိမ်၌ပင် ကွယ်လွန်ခဲ့သည်။ ရေးသမျှ သီချင်းများထဲတွင် “မမေ့တဲ့နိုင်” သီချင်းကို အကြိုက်ဆုံးဖြစ်ပြီး သူသေဆုံး၍ ဂူသွင်းသည့်အခါ “မမေ့တဲ့နိုင်”စာတမ်းထိုးပေးရန် မှာထားခဲ့သည့်အတွက် ရေဝေးသုဿာန်တွင် ဂူသွင်းကမ္ဗည်းထိုးထားကြောင်း သိရပါသည်။

_
#WIKIPEDIA

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း