" ပထမ နဝဒေး (ပြည်နဝဒေးကြီး) ''
" ပထမ နဝဒေး (ပြည်နဝဒေးကြီး) ''
ပထမ နဝဒေး ခေါ် ပြည် နဝဒေး ကြီး မှာပြည်မြို့ လျှင် ဖွားရာဇာတိဖြစ်၍ သက္ကရာဇ် ၈၉၄ ခုနှစ် တွင် ပြည်မြို့  ကို မင်းပြုတော်မူသော နရပတိ ဘုရင် ၏ယောက်ဖ (နှမတော် နရပတိ မယ်၏ ကြင်ယာတော်) မင်းဘစော ၏ အထိန်းတော် ဖြစ်သည်။
လက်ျာ၊ ထောင်သင်း၊ နဝဒေး
ပြည်ဘုရင် နရပတိ သည် မင်းဘစော ကို ပွတ်လည် ရွာ တွင် ကွပ်မျက်၍ နှမတော် နရပတိ မယ် ကို စလင်း စည်သူကျော်ထင် သို့ ပေးလျှင် နဝဒေးကြီး လည်း စလင်း သို့ လိုက်ပါသွားရရာ စလင်း တွင် ပင် မင်းလက်ျာ ဟူသော ဘွဲ့ ကို ရသည်။
ထို့ နောက် စလင်း ပျက်၍ စစ်ကိုင်း တွင် သက္ကရာဇ် ၉၀၇ ခုနှစ်၌ စလင်း စည်သူကျော်ထင် မင်းပြု ရာ မင်းလက်ျာ လိုက်ပါ ခစားရ ပြန်၍ ထောင်းသင်း ကိုမှူးရသဖြင့် ထောင်သင်းမှူး ဟူသော ဘွဲ့  ကို ရပြန်သည်။
သက္ကရာဇ် ၉၁၃ သို့ ရောက်သော် စစ်ကိုင်း စည်သူကျော်ထင် သည် နရပတိစည်သူ ဟူသော အမည် ဖြင့် အင်းဝရွှေနန်း ကို သိမ်းမြန်းစိုးစံ၍ ၃ နှစ်အကြာသက္ကရာဇ် ၉၁၆ တွင် ဟံသာဝတီ ဆင်ဖြူများရှင် လုပ်ကြံ သဖြင့် အင်းဝ ပျက်လေလျှင် ဆင်ဖြူများရှင် မင်းတရားကြီး ၏ ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာ က ဆင်ဖြူများရှင် ထံ ထောင်သင်းမှူး ကို တောင်းယူ ၍ ပြည်မြို့ သို့  ခေါ်ဆောင်သွားရာ ပြည် မြို့ ၌ နေစဉ်ပင် နဝဒေး ဟူသော ဘွဲ့ ကို ရပြန်သည်။
ဤသို့ အားဖြင့် ပြည် နဝဒေးကြီး သည် ဘွဲ့ မည်ရည် သုံးပါးဖြင့် ကျော်ကြားထင်ရှားသော စာဆိုတော် တစ်ဦး ဖြစ်သည်။ ထို့ ကြောင့် ပင် ” စစ်ကိုင်း ထောင်သင်း၊ စလင်း လက်ျာ၊ ပြည် မှာ နဝဒေး” ဟု ပညာရှိ တို့ အမှတ်သညာ ပြု ကြကုန် သည်။
နဝဒေး ဘွဲ့ ရခြင်းအကြောင်း
ဟံသာဝတီ ဆင်ဖြူများရှင် မင်းတရားကြီးသည် မြို့ သစ်တည် သင့် ကြောင်းနှင့် မှူးတော်၊မတ်တော်များ လျောက်တင်ချက်အရ ၉၂၈-ခုနှစ် တန်ဆောင်မုန်း လဆန်း ၁၀ရက် ကြာသပတေး နေ့ မှစ၍ ဟံသာဝတီ နေပြည်တော်ကြီး ကို မြို့ အင်္ဂါ ခုနှစ်ပါး နှင့် ညီညွှတ်အောင် ပြန်လည်တည်ဆောက်တော်မူသည်။
တာဝန်း သုံးထောင့်လေးရာရှိသော ဟံသာဝတီ နေပြည်တော် သစ်ကြီးကား နန်းမ အဆောင်ဆောင်၊ တို့ ဖြင့်တင့်တယ် လှစွာဘိ၏။ ထိုအခါ ထောင်သင်းမှူး မင်းလက်ျာ သည် ဟံသာဝတီ သို့ မင်းမှုမင်းရေးနျင့် ရောက်သည့် အခိုက် ထို ဟံသာဝတီ နေပြည်တော် ကြီး၏ ရှုမငြီး နိုင်လောက်သော အဖြစ် တွေ့ မြင်လေရကား - ( ရာဇဌာနီ၊ ပြည်ကြီးပီ၍၊ တုသိတာမှ၊ ဘုံလျှင်ကျသို့ ….) အစချီသည့် ရတုပိုဒ်စုံ ကို ရေးသားကာ ဆင်ဖြူများရှင် မင်းတရားကြီးအား ဆက်သွင်း၏။ မင်းတရားကြီးလည်း အားရတော်မူ လွန်း၍ ထောင်သင်းမှူး အား နဝဒေး ဟူသော ဘွဲ့ ထူးဖြင့် ချီးကျူးမြောက်စားတော် မူ၏။
နဝဒေး ဘွဲ့ ၏ အဓိပ္ပါယ်-
နဝဒေး ဟူသော ဘွဲ့ ၏ အဓိပ္ပါယ် မှာ (အပြစ်ဆို စရာ မရှိသော ပညာရှိ စာဆို မှူးမတ်) ဟု ဝေါဟာရလီနတ္ထ ဒီပနီ တွင် ဆို၏။ မဟာရဟနီတိ၊ ဓမ္မနီတိ စသည် တို့ ၌ကား -
နဒီ တီရေ ခတေကူပေ၊
အရဏီ တာလဝန္တကေ။
န ဝဒါပါဒီ နတ္ထီတိ၊
မုခေစ ဝစနံ တထာ။ ။
နဒီတီရေ - မြစ်ကမ်းအနီး၌၊ ခတေ - တူးအပ်သော၊ ကူပေ- တွင်း၌၄င်း။ အရဏီ တာလဝန္တကေ - ပွတ်ခုံ ပွတ်ကျေ ထန်းရွက်ယပ်၌၄င်း၊ အာပါဒီ - ရေ၊မီး၊လေ တို့ သည်၊ နတ္ထီတိ - မရှိဟူ၍၊ န ဝဒေ - မဆိုရာ။ တထာ - ထို့ အတူ၊ မုခေစ - သုခမိန် တို့ ၏ ခံတွင်း၌ လည်း၊ ဝစနံ- ပျို့ ၊ ကဗျာ၊ လင်္ကာ၊ မော်ကွန်း၊ ရတု စသော စကားကောင်းသည်၊ နတ္ထီတိ - မရှိ ဟူ၍ န ဝဒေ - မဆိုရာ။
ယင်းသို့ လာရှိသည့်အတိုင်း ( မြစ်ကမ်းအနီး ၌ တူးအပ်သော လက်ယက်တွင်း မှာခပ်ယူတိုင်းရေ ထွက်သကဲ့သို့ လည်းကောင်း၊ ပွတ်ခုံ ပွတ်ကျေ ၌ ပွတ်လေ တိုင်း မီးရ သကဲ့သို့ ၎င်း၊ ထန်းရွက်ယပ်ဝန်း ၌ ခပ်လေ တိုင်း လေ ပါ သကဲ့သို့ ၎င်း၊ ထို့ အတူ စိန္တာ၊ သုတ၊ အတ္တ၊ ပဋိဘာ၊ လေးဖြာ ကဝိန် သုခမိန် တို့ ၏ နှုတ် ၌ လည်း ပျို့ ကဗျာ၊ လင်္ကာ၊ ဧချင်း၊မော်ကွန်း၊ ရတု၊ရကန်၊ အဲ၊ အန်၊ သီချင်းကစ၍ စာ ဆိုနည်း၊ စပ်နည်း၊ စီကုံးရေးသားနည်း၊ စကားကောင်းများ မရှိ ဟု မဆို နိုင်ရာ၊ လို တိုင်းရသည် ) ဟူသော သဒ္ဒပဝတ္တ နိမိတ် အကြောင်းဟိတ် ကို ထောက်သဖြင့် နဝဒေး ဘွဲ့ အမည် တွင် သည် ဟု မှတ်ရာသည်။
သုံးဘွဲ့ရနဝဒေးကြီး.....
ဤသို့အားဖြင့် ပြည်-နဝဒေးကြီးသည် ဘွဲ့မည်ရည်သုံးပါးဖြင့် ကျော်ကြားသော စာဆိုတော်ဖြစ်သည်။ စလင်းမြို့တွင်နေခိုက် “မင်းလက်ျာ” ၊ စစ်ကိုင်းမြို့တွင်ရှိခိုက် “ထောင်သင်းမှူး”၊ ပြည်မြို့တွင်ထမ်းခိုက် “နဝဒေး” ဟုတွင်လေသည်။ ထို့ကြောင့်လည်း “စစ်ကိုင်း-ထောင်သင်း၊ စလင်းလက်ျာ၊ ပြည်မှာ-နဝဒေး” ဟု အမှတ်သညာ ပြုကြလေကုန်သည်။
ထို့အပြင် သက္ကရာဇ် ၉၄၀ ခုနှစ်တွင် “နဝဒေးကြီး”ကိုယ်တိုင် စီရင်ရေးသားပြီးစီးသည့် ဇင်းမယ်ပဏ္ဏာသထွက် သုဓနုကုမာရဇာတ်ကို မြန်မာပြန်ဆို ရေးသားသည့် “ဗောဓိရတနာ၊သိင်္ဂါညွန့်ရှင်၊ ပလ္လင်ရွှေညောင်၊ ဗွေထိပ်ခေါင်ထက်” ချီ “မနောဟရီ” ပျို့နိဂုံး၌ “စစ်ကိုင်း-ထောင်သင်း၊မယွင်းမှန်စွာ၊ လက်ယာရှေ့ဖျား မင်းများသခင်၊ ကြည်လင် နက်လေး၊နဝဒေး-ဟု၊ပေးတုံမည်သာ၊မတ်ကြီးလျာလျှင်” ဟု စပ်ဆိုထားပေသည်။
နဝဒေး ၅ ဦး
စာပေလောက တွင် နဝဒေး ဟု ထင်ရှားကျော်ကြားသော စာဆိုတော်များ မှာ -
- ဇင်းမယ် နဝဒေး
- တောင်ငူ နဝဒေး
- စလင်း နဝဒေး
- ပြည် နဝဒေး
- ဝက်မစွတ် နဝဒေး
ဟု ၅ -ဦးရှိ လေရာ ပြည် နဝဒေး ကို ဟံသာဝတီ ဆင်ဖြူများရှင် မင်းတရားကြီးက ပထမ အကြိမ် နယဒေး ဘွဲ့ ကို ပေးသနားတော်မူသည်။ ဝက်မစတ် နဝဒေး ကို ဘိုးတော် ဘုရား က ဒုတိယ အကြိမ် နဝဒေး ဘွဲ့  ကို ပေးသနားတော် မူသည်။ကျန် နဝဒေး ၃ ဦး မှာကား အနုစာပေ လိုက်စားသူများ က ထို ပုဂ္ဂိုလ် တို့ ၏ အရေးအသား ပြောင်မြောက် သည် ကို လေးစားသော အားဖြင့် ချီးကျူးခေါ်ဆို ခြင်းမျှသာ ဖြစ်တန် ရာသည်။
ပထမ နဝဒေး ကြီး ရေးသားပြုစု ခဲ့သော စာပေ များမှာ -
- မနောဟရီ ပျို့ 
- မင်းတရား မယ်တော် ဧချင်း
- ယိုးဒယား မိဘုရား ဧချင်း
- ရာဇဗျူဟာ ပျို့ နှင့် ဘုရားတိုင်၊
- မြို့ ဘွဲ့ ၊ တောလား၊ ရေလား၊ မိုးတော၊ ကျေးစေ၊ မယ်ဘွဲ့ ၊ စစ်ရတု -
အစရှိသည့် ရတု ပေါင်း ၇ -အင်္ဂါ ကျော်၊ ပုဒ်ရေ ၄၀၀ ခန့် ဖြစ်လေသည်။
ပထမ နဝဒေး ခေါ် ပြည် နဝဒေးကြီး သည် အသက် ၉၀ ကျော် မှ ကွယ်လွန် အနိစ္စ ရောက်သော ဟူ၏။
..
( နဝဒေး ရတု ပေါင်းချုပ်၊ ဟံသာဝတီ တိုက်၊ ၁၉၆၄ )

Comments
Post a Comment