" ဂီတနက်သန် ကိုစောညိန်း "

" ဂီတနက်သန် ကိုစောညိန်း "


ဂီတနက်သန် ကိုစောညိန်းကို ၁၂၈၆ ခုနှစ်၊ နှောင်းတန်ခူးလဆန်း၊ (၈)ရက်၊ အင်္ဂါနေ့ (၃၁.၃.၁၉၂၅) မှာမွေးသည်။တန်ဆောင်မုန်း လဆန်း (၁၄)ရက်၊ (၃၁.၁၀.၁၉၅၂) နေ့မှာကွယ်လွန်ခဲ့သည်။ သူ့အနေနဲ့ လူ့ဘဝမှာ (၂၇) နှစ်နဲ့ ခုနှစ်လတိတိပဲ နေထိုင်သွားခဲ့ရပါသည်။ သူ့ရဲ့အနုပညာ၊ သူ့ရဲ့အောင်မြင်မှု တွေဟာ သူကွယ်လွန်ပြီး နှစ်ပေါင်း (၆၀)ခန့်ရှိပြီဖြစ်သော ယနေ့အချိန်တိုင် ရှင်သန်နေဆဲပါပဲ။

ဂီတပါရမီ အပြည့်အဝပါလာခဲ့တဲ့ ကိုစောညိန်းဟာ ဂီတလောကထဲ ရောက်လို့ တစ်နှစ်ခွဲခန့် အတွင်းမှာပဲ သီချင်းပုဒ်ရေ(၄၀) လောက် ဖန်တီးသွားနိုင်ခဲ့ပါတယ်။ ကိုစောညိန်းဟာ ဂီတနဲ့ပတ်သတ်လို့ အောင်မြင်မှုတစ်သာ ရခဲ့ပေမယ့် သေသာ သေသွားရော စီးပွားရေးအရ မစံစားသွားရှာပေ။ သူ ကွယ်လွန်ခဲ့သည့်တိုင် မိဘနှစ်ပါးဟာ ပြောပလောက်အောင် အကျိုးမ ခံစားရဘူး။ ကိုစောညိန်းရဲ့ ခဏတာလူ့ဘဝလေးဟာကိုယ်၊ စိတ်နှစ်ပါး ညှိုးနွမ်းနုံးချည့်မှု တွေနဲ့သာ ပြည့်လွှမ်းခဲ့ရပါတယ်။ ဒါဟာ သူ့ရဲ့ကံတရားပါ။

"မိုးဦးသစ်ခဲ့ပြန်ပြီ ပြာပြာဝေဆိုင်း အုံ့ကာသာပဲ မှိုင်းတလဲ့လဲ့ သိုင်းဖွဲ့ရွှေပဇ္ဇုန်သည် ပြိုမလိုလိုနဲ့ တိမ်ညိုပြိုင်းပြိုင်း ဆိုင်းသွဲ့ဝေရီ မြစိမ်းစိုဖန့်ဖန့်ပြေ စုံပြေနံ့သာမြိုင်မဟီ မှုန်သိင်္ဂီရင့် ပင်ယံကြွင်း၊ ပန်တော်မီ ပိတောက်ကျန်ညှာချီ ရာသီခါလင့် ပွင့်ဝါသင်းလို့ တဝင်းဝင်းကြွေသက် တညင်းညင်းခြွေရက် လွမ်းပိုအောင် တောင်ပြန်လေသွေး စက်၍အေးတော့သည် "

အထက်ပါ တေးစာပိုဒ်ကား (၁၉၅၀) မေလ (၆)ရက်နေ့တွင်မြန်မာ့အသံလေလှိုင်းမှ ထုတ်လွှင့်ခဲ့သော “ဝသန်ခါဦး” တေးသီချင်းမှ ဖြစ်သည်။ သီဆိုသူမှာ ကိုလှထွန်းဖြစ်သည်။ သီချင်းစာသားများက မိုးဥတု၏ ရာသီသဘာဝအလှကို မျက်စိထဲ လင်းခနဲ၊ ထင်းခနဲ့ မြင်ယောင်လာစေရန် ဖွဲ့နိုင်စွမ်းရှိသည်။ မိုးယံကောင်းကင်ရှိ ဂဠုန်ရုပ်၊ နဂါးရုပ်၊ မကန်းရုပ်များ ကဲ့သို့ ဖြစ်နေသည်ဟု ဖွဲ့သည်။ ဤမျှလွမ်းမောဖွယ်ကောင်းသော ဝသန်ရာသီသည် ဒီမောင်အား လွမ်းအောင်ပူအောင် ဖန်နေပေပြီ။ အချစ်ရေး မညီသူကလေးအား မိုးနတ်ဆွေက သိလှည့်ပါဟု တိုင်တည်ထားသည်။

``ဝသန်ခါဦး´´ သီချင်းမှာ စာသားတစ်ခုတည်း၌ပင် နုရွလှပနေသည်မဟုတ်ပေ။ သံစဉ်ကလေးများ ကလည်း တစ်မျိုးတစ်ဘာသာ ဆန်းသစ်နေပေသည်။ပုံမှန်ကြားနေကျ တေးသွားမျိုးမဟုတ်ဘဲ သံဆန်းအကွန့်အလေးများထည့်ထားသည်။ ကြားရသူသောတရှင်တချို့ ကဤစာသား၊သေးသွား မျိုးကို မည်သူများရေးစပ်နိုင်ပါလိမ့်ဟု သိလိုလာကြတော့သည်။ တေးပြုစာဆိုကား ကိုစောညိန်း တစ်ယောက်ပင်ဖြစ်သည်။ သူရေးသားအသံလွှင့်ထုတ်လုပ်ခဲ့သော ``ဝသန်ခါဦး´´ သီချင်းသည်သူ၏အစအမွန်ဦးဆုံးလက်ရာ တစ်ပုဒ်ဖြစ်သည်။ သူသည်မိုးနှင့်ပတ်သတ်သောသီချင်းဖြင့် ဂီတလောကသို့စတင်ဝင်ရောက်လာ ခဲ့ပေသည်ဟု ဆိုနိုင်၏်။

ယင်းနောက် ``မှာလိုက်ပါရစေ´´(ငွေဝန်းသော်တာ) သီချင်းကို သူကိုယ်တိုင်ရေးသားသီဆိုအသံလွှင့် ခဲ့သည်။ သူ၏အသံမှာ အသံကောင်းမဟုတ်သော်လည်း ခပ်အေးအေး၊ကျစ်ကျစ်လစ်လစ်ရှိသည်။ ဟန်မှင်မောင်းကောင်းပြီး သီချင်းတစ်ပုဒ်ဆိုပြနေသည်ဟုမထင်ရ။

သူရဲ့သီချင်းတွေဟာ အဆွေးသီချင်းတွေ များပြားပြီး စာသားတွေကလည်း နူးညံ့နွဲ့ပျောင်းသလို ဂီတပရိဿတ်တွေကို တငြိမ့်ငြိမ့်လေးနဲ့ သူဆွဲခေါ်ရာ စီးမျောလိုက်ပါ သွားနိုင်အောင် ဆွဲဆောင်မှု ကောင်းလှပါတယ်။ ဂန္တဝင်မြောက် စာသားတွေနဲ့ ခေတ်ပေါ်သံစဉ်တွေကို တွဲဖက်ဖန်တီး ထားတာဖြစ်ပေသည်။

ကိုစောညိန်းဟာ စာသားတွေ၊ သံစဉ်တွေသာ ပါရမီပြည့်စွာ ဖန်တီးနှိုင်တာ မဟုတ်ပါဘူး။ ဂီတာ၊ စောင်း စတဲ့ တူရိယာတွေကိုလည်း ပီပီပြင်ပြင်နဲ့ ကျွမ်းကျွမ်းကျင်ကျင် တီးခတ် နိုင်တဲ့အပြင် သီချင်းသီဆိုရာမှာလည်း ဌာန်၊ ကရိုဏ်းကျအောင် သီဆိုနှိုင်ခဲ့ပါသည်။

နန်းညွန့်ဆွေ၏ မှတ်ချက်.....

နန်းညွန့်ဆွေက မိုးဂျာနယ်တွင် ကိုစောညိန်းကို ဤသို့ ဂုဏ်တင်ခဲ့သည်။ “ကိုစောညိန်း၏ အသက်မှာ (၂၇) နှစ် ကျော်မျှ ရှိပါသေးသည်။ ဂီတလုပ်သက်မှာ တစ်နှစ်ခွဲ၊ နှစ်နှစ်နီးပါသာ ရှိသေးသည်။ ဤမျှသူ၏ သီချင်းပုဒ်ရေ (၄၀)ခန့်မှာ မည်သူနှင့်မျှ မတူထူးခြားပြီး ဖန်တီးနိုင် စွမ်းရှိသောကြောင့်(Modern Classics) ခေတ်ပေါ် ဂန္တဝင်တေးများ ဖြစ်ခဲ့ရပါသည်။ သူ၏ အနုပညာစွမ်းအားမှာ ရသမြောက် တေးကဗျာများဟု ဆိုရမည် ဖြစ်ပါသတည်း။”

ကိုစောညိန်း နောက်ဆုံး အသံလွှင့်သော သီချင်းမှာ `မိုးသက်လေနှင်´ သီချင်းဖြစ်သည်။ ကိုစောညိန်းသည် အသက် ၂၇ နှစ်နှင့် ၇ လအရွယ်တွင် မှားယွင်း ရန်ပြုခံရသဖြင့် ကွယ်လွန်ခဲ့ရရှာသည်။

    ယနေ့ခေတ် ကိုစောညိန်း သီချင်းများကို မန္တလေးသိန်းဇော်မှ `ချစ်ပြုံးနှင်းဆီ´အမည်ဖြင့် ပြန်လည်သီဆိုထားလေသည်။

ဂီတနက်သန်ကိုစောညိန်း၏ တေးသီချင်းများ.....

၁။ ဝသန္ခါဦး
၂။ ငွေဝန်းသော်တာ
၃။ မြနဒီ
၎။ နွေနှောင်းဝသန်
၅။ နွေဦး
၆။ ဝိဇယ
၇။ ချစ်နှင်းမှုန်မှုန်
၈။ သစ္စာ
၉။ စံပယ်
၁၀။ ဝဏ္ဏပဘာ
၁၁။ ဆောင်းညဥ့်
၁၂။ ရွှေပွင့်လွှာ
၁၃။ စိန်
၁၄။ သည်ဆောင်းဟေမာန်
၁၅။ ဆည်းဆာ
၁၆။ ချစ်ပြုံးနှင်းဆီ
၁၇။ ရတုဘုရင်
၁၈။ ပွင့်ဦး
၁၉။ ဆောင်းနတ်မယ်
၂၀။ သပြေရွက်ရေ
၂၁။ မောင့်ချစ်နှင်းမှုန်
၂၂။ မိုးသက်လေနှင်

_
#WIKIPEDIA

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း