” ဓမ္မစကြာဟောရာမှာ လကို လက်ယာ နေကို လက်ဝဲ ဘာ့ကြောင့်ထား”

” ဓမ္မစကြာဟောရာမှာ လကို လက်ယာ နေကို လက်ဝဲ ဘာ့ကြောင့်ထား”
( ၀ါဆိုလပြည့်နေ့၏ ထူးခြားချက်များ )

ဓမ္မစကြာ ဟောတော်မူစဉ်အခါ နေမ၀င်သေးဘူး၊လ,က​ထွက်စ။ နေ နဲ့ လ အပြိုင်သာနေချိန်မှာဓမ္မစကြာ တရားဦး ဟောခဲ့တာ။ ဘုရားရှင်သည်ကား
ပဉ္စ၀ဂ္ဂီတို့ ခင်းကျင်း ပေးထားသော ကျောက်ဖျာပေါ်သို့ တက်၍ မြောက်ဘက်သို့ မျက်နှာမူလျက်က ၀င့်ထည်စွာထိုင်တော်မူပါချေ၏။

ထိုသို့ ထိုင်တော်မူရာ၌ အတက်ဖြစ်သော လသည် လက်ယာဘက်တော်မှ ခစားစေ၏။အကျဖြစ်သော နေသည်ကား လက်ဝဲဘက်တော်မှ ခစားစေ၏။ဤသို့ လျှင် လ၊ နေ တို့ သည်  အသီးသီး နေရာယူမိကြလေ၏။လက်ယာဘက်သို့ နေရာပေးထားသော လသည်
အအေးဓာတ်ကို ဆောင်ယူဖြန့် ဝေပေးဘိသို့  ဘုရားရှင်၏ မေတ္တာဓာတ်သည်လည်းလကဲ့သို့ ပင် သတ္တ၀ါတို့ အပေါ် အအေးဓာတ်
ဖြန့် ကျက်လျက် ပေးဝေတော့မည်ဖြစ်ကြောင်းသိစေတော်မူ၏။ လက်ဝဲဘက်သို့ နေရာပေးထားသောနေသည် အပူဓာတ်ကို  ဆောင်ယူ ဖြန့် ဝေပေးဘိသို့ ဘုရားရှင်၏ ကရုဏာတော်ဓာတ်သည်လည်းနေကဲ့သို့ ပင် သတ္တ၀ါအများအပြား အစားစားတို့ အပေါ်
အနွေးဓာတ်ဖြန့် ကျက်၍ ပေးဝေတော့မည်ဖြစ်ကြောင်း သိစေတော်မူ၏။နေလနှစ်ပါးသည် အရောင်ချင်းဆိုင်လျက်က
မဲမှောင်ထူထဲသော တောအုပ်ကြီးကို အုပ်မိုးထွင်းဖောက်နေဘိသို့  ဘုရားရှင်၏ သစ္စာဓာတ်၊ မေတ္တာဓာတ်နှစ်ပါးသည်လည်း
ဝေနေယျာတို့ အပေါ် မောဟ အမိုက်တိုက်ကိုအုပ်မိုးထွင်းဖောက်လျက်က သစ္စဥာဏ်၊ကိစ္စဥာဏ်၊ ကတဥာဏ်တည်းဟူသော
အလင်းရောင်များ တောက်ပစေရန်ပို့ လွှတ်ဆောင်ကြဉ်းတော့မည်ဖြစ်ကြောင်း သိစေတော်မူ၏။

လသည် အေးမြသော အသွင် ဆောင်လျက်ကလက်ယာဘက်မှ တည်နေဘိသို့  ဘုရားရှင်၏ ပညာတော်သည်လည်း အေးမြသော
မေတ္တာဖြင့် မွှမ်းထုံလျက်ကသာ ဝေနေယျတို့ အားထူးကဲ အံ့အဲသော သစ္စာဥာဏ်ကို ပွင့်စေတော်မူမည်ဖြစ်ကြောင်း သိစေတော်မူ၏။

နေသည် နွေးထွေးသော အသွင် ဆောင်လျက်ကလက်ဝဲဘက်မှ တည်နေဘိသို့ ဘုရားရှင်၏တန်ခိုးတော်သည်လည်း နွေးထွေးသော
အာတာပီ ၀ီရိယဖြင့် လွှမ်းခြုံလျက်ကသာဝေနေယျတို့ အား ထူးကဲ အံ့အဲသော သစ္စာဥာဏ်ကို ပွင့်တော်မူမည်ဖြစ်ကြောင်း
သိစေတော်မူ၏။နေသည် အကျဘက်မှ နေ၍ လကို အတက်ဘက်မှထားသည်ကား အလောင်းတော်၏ ကျင့်ဆဲကာလ၌ကား
နေတက်သစ္စာကိုသာ အခြေခံပြီး ယခုဝေနေယျတို့ အတွက်ကားမေတ္တာသက်သက်ကိုသာ ကျင့်သုံးတော့မည် ဖြစ်၍
နေကားအကျ၊ လကိုကား အတက်မှနေရာပေးတော်မူခြင်း ဖြစ်၏။တဖန် လသည် လက်ယာဘက်တော်မှ၊
နေသည် လက်ဝဲဘက်တော်မှ ဖြစ်လျှင် ဘုရားရှင်၏မျက်နှာတော်မြတ်သည် မြောက်ဘက်သို့ သာမူလျက်ရှိကြောင်း သိသာ၏။ ထိုမြောက်ဘက်သို့ 
မျက်နှာမူခြင်းသည်ကား ဥတ္တရကုရုကျွန်းသည် ကျွန်းကြီးလေးကျွန်းတွင် အမြတ်ဆုံး ဖြစ်ချေရကား နောင် ပရိနိဗ္ဗာန်စံဝင်သောကာလ မြောက်သို့ သာ
ဥက္ခောင်းမူမည် ဖြစ်ကြောင်း သိစေတော်မူ၏။

_
မဟာဗောဓိမြိုင်ဆရာတော်ကြီး
(ဆရာမောင်သွေးချွန် စုစည်းသော
ဘာ့ကြောင့် ၁+၂ ပေါင်းချုပ် မှ)

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း