" ဗုဒ္ဓစာပေ ဖတ်နည်း ''

" ဗုဒ္ဓစာပေ ဖတ်နည်း ''

၁။ စာကို နောက်က လိုက်၍ဖတ်သူ.....
စာ၏ သဒ္ဒါအနက်ကိုသာ သိပြီး သဒ္ဒါအနက် အတိုင်း ခံယူ ကျင့်သုံးသူ ဖြစ်သည်။

၂။ စာကို ရင်ပေါင်တန်း၍ ဖတ်သူ.....
စာရေးသူ၏ စေတနာ ရည်ရွယ်ချက် နှလုံးသွင်းကို သိပြီး ယင်းအတိုင်း ခံယူကျင့်သုံးသူ ဖြစ်သည်။

၃။ စာကို ရှေ့က ကြို၍ ဖတ်သူ.....
စာရေးသူ၏ စေတနာ ရည်ရွယ်ချက် နှလုံးသွင်း တို့ကို ထွင်းဖေါက်၍ စာ၏အနတ္တအနက် တိုင်အောင် သိပြီး ယင်းအတိုင်း ခံယူကျင့်သုံးသူ   ဖြစ်သည်။

စာကို နောက်က လိုက်၍ဖတ်သူများနှင့် စာကို ရင်ပေါင်တန်း၍ ဖတ်သူများသည်လည်း လောက၏ အစီးအပွါးအတွက် သူ့နည်းသူ့ဟန်ဖြင့် ဆောင်ရွက်ကြသူများ ဖြစ်ကြသည်။

သို့ရာတွင် ယင်းသို့ ဆောင်ရွက်ရင်း ဆောင်ရွက်ကြသူများ၏ သန္တာန်၌ တပ်မက်မှုများ မောက်မာမှုများ ငါတကော, ကောမှုများ ပွါး၍ပွါး၍ လာတတ်ပါသည်။

   ထို့ကြောင့် ယင်းတို့ကို ပယ်သတ်နိုင်ရန် အလို့ငှါ စာကိုဖတ်သောအခါ စာ၏ အနတ္တအနက်တိုင်း သိဖို့ လိုအပ်ပါသည်။

---    ----    ---    ----    ----    ---

*တရား(ကုသိုလ်)သိနှင့် မတရား (အကုသိုလ်)သိသည် စာပေအမျိုးအစား ပေါ်တွင်လည်း မူတည်၏။ စာဖတ်သူများ၏ နှလုံးသွင်းနှင့် ပဋိဘာန် (ဉာဏ်ပညာ) အပေါ်၌လည်း မူတည်၏။

                စာပေကို ဖတ်ကြရာ စာသိပေသိ အဆင့်ထက် ကျော်လွန်ပြီး ခန္ဓာသိအဆင့်သို့ ရောက်အောင် ဖတ်နိုင်ပါက လောကသည် လည်းကောင်း၊ စာဖတ်သူသည် လည်းကောင်း တကယ်ပင် ငြိမ်းချမ်းကြပါ၏။…

                ခန္ဓာသိသို့ ရောက်အောင် ဖတ်နိုင်ပါက တရားသိ ဖြစ်၏။ ခန္ဓာသိသို့ ရောက်အောင် မဖတ်နိုင်ဘဲ စာပေသိ အဆင့်၌သာ ရှိပါက များသောအားဖြင့် မတရားသိ ဖြစ်၏။…

                 ကျမ်းဂန်များ၌ နှလုံးသွင်း `မနသိကာရ´ ကိုသာ တရား `ကုသိုလ်´နှင့် မတရား `အကုသိုလ်´ တို့၏ နီးသောအကြောင်း အဖြစ် ဆို၏။သို့ရာတွင် `ပဋိဘာန်´ ကိုလည်း ဝေးသောအကြောင်း အဖြစ် ယူနိုင်ပါသည်။… …

တရားစာပေကို ဖတ်သူတိုင်း `တရားအသိ´ ကို ရသည်မဟုတ်၊ နှလုံးသွင်းနှင့် ပဋိဘာန် ကောင်းပါမှ တရားသိကို ရ၏။ နှလုံးသွင်းနှင့် ပဋိဘာန် မကောင်းလျှင် တရားစာပေကပင် တရားစာပေ ဖတ်ရှုသူအား အန္တရာယ် ပြုတတ်ချေ၏။
                 အကယ်၍ မိမိဖတ်သော စာပေက `တရားသိ´ကို ပေးနိုင်သော စာပေမျိုး မဟုတ်လျှင်မူ `တရားသိ´ကို ရနိုင်ဖို့ ခက်ခဲပါ၏။

_
ဆရာကြီး ဦးရွှေအောင်(ဝဋံသကာ သိရောမဏိ)

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း