" မက္ခရာမြို့ဟောင်း ''
" မက္ခရာမြို့ဟောင်း ''
မက္ခရာမြို့ဟောင်း သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် တည်ရှိသည်။ မက္ခရာ သည် သိသူ၊ ရောက်ဖူးသူ နည်းသော၊ ဘုရင်ထီးနန်းစိုက်ခဲ့သော သမိုင်းဝင် မြို့တစ်မြို့ ဖြစ်သည်။ အနော်ရထာ မင်းကြီးလက်ထက် သက္ကရာဇ် ၃၉၅ ခုနှစ် တပေါင်းလဆန်း ၁၂ ရက် သောကြာနေ့တွင် တည်သော“ကင်း ၄၃ မြို့” မှာ တစ်မြို့ အပါအဝင်ဖြစ်၏။
ရှမ်းညီနောင် ၃ ဦးအနက် အလတ် ရာဇသင်္ကြန်သည် မက္ခရာကို နန်းစိုက်၍ သက္ကရာဇ် ၆၆၆ တွင် မင်းပြု၏။ နန်းသက်၅နှစ်ကြာခဲ့သည်။
မက္ခရာမြို့သည် မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဧည့်ပြ (အဲ့ဗျ) ကျေးရွာအုပ်စု၊ ဇော်ဂျီမြစ်ခေါ် မက္ခရာမြစ်နှင့် ဒုဋ္ဌဝတီမြစ်ခေါ်မြစ်ငယ်မြစ်တို့ဆုံရာ မြစ်နှစ်ခု၏ အရှေ့ဖက်ကမ်းတွင် တည်ရှိခဲ့သည်။ ယခင်က လမ်းခရီးခက်ခဲသောကြောင့် ဧည့်သည်၊ လေ့လာသူတွေ အရောက်အပေါက်နည်းကာ အခြား သမိုင်းဝင်မြို့များ ကဲ့သို့ ထင်ပေါ်မှု မရှိခဲ့ချေ။
ဒီနေ့အချိန်မှာတော့ မန္တလေးကနေလာရင် မန္တလေး ရန်ကုန်ကားလမ်းအတိုင်း စဉ့်ကိုင်မြို့ မရာက်ခင် ညောင်ပင်ကြီးလမ်းခွဲကနေ တအုံ ကွန်ပျူတာတက္ကသိုလ်ဆီ သွားတဲ့လမ်းအတိုင်း ဝင်လာရင် ၁၅မိနစ်ခန့်မောင်းရမည့် ခရီးနဲ့ ရောက်နိုင်ပြီ ဖြစ်၏။ လမ်းခရီး တစ်လျှောက်မှာ လယ်ကွင်းတွေ၊ ယာခင်းတွေ၊ ဥယျာဉ်ခြံမြေတွေ၊ အထက်အညာဒေသ လှပတဲ့ ကျေးရွာ ပတ်ဝန်းကျင်တွေနဲ့ စိမ်းစိမ်းစိုစို သာယာလှပါတယ်။ ဒီတစ်ချိန်က ထီးဖြူဆောင်း ထီးနန်းစိုက်ခဲ့တဲ့ မြို့မက္ခရာကား ကာလ အတော်ကြာ ကွယ်ပျောက်နေခဲ့ပြီး မြို့ဟောင်းမှာ မြို့ရိုးပျက် အနည်းငယ်၊ အလွန်တိမ်ကောနေတဲ့ ကျုံး၊ တစ်ချိန်က ရွှေရောင်တွေ လွှမ်းနေခဲ့မယ့် စေတီတော်များ၊ ဂူဘုရားတွေက နှစ်ပေါင်းများစွာ ချုံနွယ်ပိတ်ပေါင်းတွေအောက်မှာ ညှိုးငယ်စွာရှိခဲ့ရာမှ ကျောက်ဆည်မြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ကုသလာဘိဝံသ ဦးဆောင်ကာ ပြန်လည်ပြုပြင်မှုများကြောင့် အခုတော့ သမိုင်းဝင်နေရာလေးတစ်ခု အဖြစ် ဝင့်ကြွားလာရပါပြီ။
မြို့ပမာဏမှာ တာပေါင်း ၄၇၀၊ နန်းမြို့ရိုးမှာ အရှေ့အနောက် ၁၂၀၀ပေ၊ တောင်မြောက် ၁၄၅၀ပေ၊ နန်းတော်ဝင်းမှာ တောင်မြောက် ၆၀၀ပေ၊ အရှေ့အနောက် ၄၅၀ပေ ရှိသည်။ မက္ခရာမြို့ဟောင်းတစ်ဝိုက်တွင် စေတီတော်များ၊ ဂူဘုရားများ ဘုရားပြို၊ဘုရားပျက်၊ ဘုရားကောင်းများ အဆူ ၇၀ ကျော် တွေ့ရှိရသည်။ သမိုင်း လေ့လာချက်တစ်ခုတွင် ၁၂၆ ဆူရှိသည်ဟု ဆိုသည်။ ဥစ္စနာ (ပင်းယဥဇနာ) မင်းကြီး၊ မင်းကြီးရန်နောင်တို့ တောထွက်ခဲ့ရာဒေသဖြစ်သည်။
မက္ခရာမြို့ဟောင်း မြောက်ဘက်တွင် အိမ်ခြေ ၈၀ ခန့်ရှိ မက္ခရာရွာငယ်လေးရှိသည်။ ထိုရွာ၏အနောက်ဘက် မလှမ်းမကမ်းတွင် စည်ကားသော အဲ့ဗျရွာကြီးရှိ၏။ မက္ခရာမြို့ဟောင်းရောက်ရင်လေ့လာစရာ ရှေးဟောင်း သာသနိက အဆောက်အဦးတွေ၊ ရှေးလက်ရာ ပန်းတမော့တွေ၊ နံရံဆေးရေးပန်းချီတွေ ရှိနေပါတယ်။ တစ်ချိန်က အဲဒီဒေသခံတွေက လှေသူကြီးဘုရားဆိုတဲ့ ရွှေရောင်တော်စေတီ (ရှေးစေတီကို ပြန်လည်ရှင်းလင်းပြုပြင်မှ ရွှေရောင်တော်စေတီဆိုတဲ့ ဘွဲ့တော်ကို ပြန်တွေ့)၊ အဲဒီ ရွှေရောင်တော်ဘုရားက မြန်မာ့နိုင်ငံမှာ မင်းကွန်းခြင်္သေ့ကြီး နှစ်ကောင်ပြီးလျှင် ဒုတိယ အကြီးဆုံး ဖြစ်နိုင်ခြေရှိတဲ့ ခြင်္သေ့ကြီး နှစ်ကောင် (ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက် လက်ရာ)၊ ငါးဆူဘုရား (ရွှေရောင်တော်ဘုရားဝင်း အတွင်းလက်ျာဘက်တွင်ရှိ)၊ အရှေ့ဖက် ရပ်တော်မူ ဘုရား၊ ရပ်တော်မူ ဘုရားနဘေး တစ်ဖက်တစ်ချက်စီမှ ဖောင်းကြွနဂါးကြီးများ (တစ်ကောင်နဲ့တစ်ကောင် မုတ်ဆိတ်၊ အမောက်၊ပါးစပ် ပုံသဏ္ဍန်မတူတဲ့ နဂါးကြီး လေးကောင်) စတဲ့ လေ့လာစရာတွေက များမှများပင်။
မက္ခရာမြို့ဟောင်းအပြင်ဘက် အနောက်တောင်ထောင့် နှစ်ဖာလုံခန့်ဝေးတဲ့နေရာမှာ ရွှေစည်းခုံ စေတီတော် နဲ့ ရွှေဇာတိရုပ် စေတီ (အရပ်အခေါ် ရွှေစာတီစေတီ) စေတီကြီးနှစ်ဆူ ရှိသည်။
_
ကိုးကား.....
(သမိုင်းကြောင်းအချက်အလက်များကို ကျောက်ဆည်မဟာဂန္ဓာရုံဆရာတော် အရှင်ကုသလာဘိဝံသ ရဲ့ မက္ခရာဝံသ နဲ့ ဆရာမကြီး ညွှန့်ညွှန့်(ကျောက်ဆည်) ပြုစုခဲ့တဲ့ မက္ခရာသမိုင်း စာအုပ်များမှ ရယူထားပါတယ်။)
ဓာတ်ပုံ …မြန်မာမှုဗိသုကာအဖွဲ့

Comments
Post a Comment