' ဟွန်းတယော '
' ဟွန်းတယော '
မြန်မာနိုင်ငံထဲကို ဟွန်းတယောတွေ ရောက်မလာခင် ဗိုင်အိုလင် တယောပြားတွေက အရင်ဆုံး ရောက်ရှိလာခဲ့တယ်လို့ မှန်းဆရပါတယ်။ တိုင်းတပါးသားတွေနဲ့ အတွေ့အထိ ဆက်ဆံရေးတွေ အထူးများပြားလာတဲ့ ကုန်းဘောင်ခေတ် ဒုတိယပိုင်းအချိန်မှာတော့ ကမ္ဘာသုံး ဗိုင်အိုလင် တယောကို မြန်မာတွေနဲ့ မိတ်ဆက်ထားပြီး ဖြစ်ပေလိမ့်မယ်။
မြန်မာ စာပေကျမ်းဂန်တွေထဲမှာ ‘တယော’ ဆိုတဲ့ ဝေါဟာရကို တွေ့ရတာက ကုန်းဘောင်ခေတ် ဒုတိယပိုင်း ဘကြီးတော်ဘုရား ခေါ် စစ်ကိုင်းမင်း လက်ထက်၊ မုံရွေးဆရာတော် (မြန်မာ သက္ကရာဇ် ၁၁၂၈-၁၁၉၆) ရေးခဲ့တဲ့ နာရဒပျို့ ထဲမှာ ဖြစ်ပါတယ်။ မုံရွေးဆရာတော် က မြဝတီမင်းကြီး ဦးစ နဲ့ ခေတ်ပြိုင်စာဆိုလည်း ဖြစ်ပါတယ်။ စောင်း၊ ညင်း၊ မိကျောင်း၊ အောင်းကလေး၊ ပတ္တလား၊ တယော အငြိမ့် တူရိယာ ၆ မျိုးထဲမှာ တယောတူရိယာကို တမျိုးအဖြစ် မုံရွေးဆရာတော် က ထည့်သွင်း ရေးစပ်ထားပါတယ်။
မြန်မာတယော က ကမ္ဘာသုံး ကြိုး ၄ ချောင်းတပ် ဗိုင်အိုလင်၊ ဗီယိုလာ တယောတွေကို မွေးစားပြီး မြန်မာမှု ပြုထားတဲ့ တူရိယာဖြစ်လေရော့သလားလို့ စဉ်းစားယူဆနိုင်စရာ အကြောင်းရှိပါတယ်။ ဒါပေမယ့် လုံးဝဥဿုံ ပုံတူကူးထားတာမျိုးတော့လည်း မဟုတ်ပြန်ပါ။ အနောက်တိုင်း ဗိုင်အိုလင်၊ ဗီယိုလာ တယောတွေနဲ့ အကြမ်းအားဖြင့် ပုံစံချင်း ဆင်တူပေမယ့် မြန်မာတယောမှာက ကြိုး ၃ ချောင်းပဲ ပါပါတယ်။ တယောလက်တံကလည်း ဗိုင်အိုလင်၊ ဗီယိုလာ တို့ထက် ပိုပြီးတိုပါတယ်။
ဒီကနေ့ မွန်ရိုးရာ တီးဝိုင်းတွေမှာ ‘လခြမ်း ကြေးနောင်’၊ ‘မိကျောင်း’ တူရိယာတွေနဲ့အတူ ‘ထောင်တယော’ (Graw) ဆိုတဲ့ ကြိုး ၃ ချောင်းတပ် တယောကို သုံးစွဲနေပါသေးတယ်။ အဲဒီ မွန် ထောင်တယော က မြန်မာတယောနဲ့ ပုံစံချင်းတူပါတယ်။
ဒီကနေ့ မြန်မာတီးဝိုင်းတွေမှာ မတွေ့ရတော့တာကြောင့် မြန်မာတယောက ကြိုး ၃ ချောင်းရဲ့ အသံညှိပုံစနစ်ကို တပ်အပ် မပြောနိုင်ပေမယ့် မွန်ရိုးရာ ထောင်တယော နဲ့ တူညီနိုင်စရာ အကြောင်းရှိပါတယ်။ မွန် ထောင်တယောမှာပါတဲ့ ဘယ်သံကနေ ညာသံ ကြိုးသုံးချောင်းကို အက်ဖ်၊ စီ နဲ့ ဂျီ သံတွေ ညှိထားပါတယ်။ မြန်မာ့သံစဉ်ရဲ့ ၅ ပေါက်၊ ၁ ပေါက် သံမှန် နဲ့ ၄ ပေါက်သံတွေ ဖြစ်ပါတယ်။
မန္တလေးမြို့သူ မြို့သားတွေက ဘုရားကြီး လို့ခေါ်ကြတဲ့ မဟာမြတ်မုနိဘုရားကြီးရဲ့ အရှေ့မုခ် မြောက်ဘက်မှာ လိပ်ကန် ဆိုတဲ့ အုတ် အင်္ဂတေကန်ကြီးတခု ရှိပါတယ်။ ဘုရားကြီးလိပ်ကန် လို့ ခေါ်ကြတယ်။ ဘုရားဖူးတွေက အဲဒီ လိပ်ကန်ထဲက လိပ်ကြီးတွေကို ပေါက်ပေါက်ဆုပ်၊ ပေါင်မုန့်ခြောက်၊ ကန်စွန်းရွက် စတဲ့ အစာတွေကျွေးကြရင်းနဲ့ ကန်ဘေးမှာ အပန်းဖြေ ထိုင်နေလေ့ရှိကြတယ်။
ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင် အချိန်လောက်တုန်းက အဲဒီ ဘုရားကြီးလိပ်ကန်ရဲ့ဘေးမှာ ယောကျာ်းက မြန်မာတယောကြီးကိုထိုးပြီး ဇနီးသည်က သီချင်းဆိုလို့ နားထောင်သူပရိသတ် သဒ္ဓါကြေး ပေးကမ်းစွန့်ကျဲကြတာကို စားကြရရှာတဲ့ သက်ကြီးရွယ်အို စုံတွဲ ရှိခဲ့ဖူးတယ်။ အဲဒီ စုံတွဲက မြန်မာ့ရိုးရာ တယောပညာရှင်ကြီး တယောဘိုးကျန် တို့ ဇနီးမောင်နှံဖြစ်ပါတယ်။ သူတို့မှာ ဝါးပတ္တလား တလက်၊ မြန်မာတယောကြီး တလက်၊ စည်း နဲ့ ဝါးတို့ ရှိကြတယ်။ တယောဘိုးကျန်က မျက်စိမမြင်ရှာတော့ ဒုက္ခိတ ဘဝမှာ တယောတလှည့် ပတ္တလားတလှည့် တီးပြီး တတ်တဲ့ပညာနဲ့ ဝမ်းစာရှာဖွေ အသက်မွေးကြရတဲ့ပုံပါပဲ။ အဲဒီအချိန်မှာ လျှမ်းလျှမ်းတောက် နာမည်ကျော်ကြားနေပြီဖြစ်တဲ့ နေမျိုးဗလကျော်သူဘွဲ့ရ ရွာစားကြီး စိန်ဗေဒါ က တယောဘိုးကျန်ကို ငွေကြေးကန်တော့လို့ သီချင်းတွေ အတီးခိုင်းပြီး ရိုရိုသေသေ နားထောင် မှတ်သား ပညာယူတတ်ပါသတဲ့။ ဒုတိယကမ္ဘာစစ်ကြီးပြီးခါစ ၁၉၄၆-၁၉၅၄ ခုနှစ်လောက်အထိ တယောဘိုးကျန် က သီချင်းဆိုရင်း သူ့မြန်မာတယောကြီးကို ထိုးပြီး တကိုယ်တည်းပဲ မန္တလေးလမ်းဘေးတွေမှာ ဖျော်ဖြေနေခဲ့တယ်။ ဂီတပါရမီဖြည့်ဖက် ဇနီးသည် ကွယ်လွန်ခဲ့ပြီးတဲ့နောက်ပိုင်းကတော့ တယောဘိုးကျန်ရဲ့ ဘဝနေဝင်ချိန် ကာလပါပဲ။ တယောဘိုးကျန် က အဲဒီမြန်မာတယောကြီးမျိုးကို နောက်ဆုံး ထိုးခဲ့တဲ့သူပဲ ဖြစ်ပေလိမ့်မယ်။ ၁၉၅၆-၅၇ လောက်မှာ တယောဘိုးကျန် ကွယ်လွန်သွားခဲ့တယ်လို့ ဘိုးကျန် ကို ကိုယ်တိုင်ကိုယ်ကျ တွေ့လိုက်ရဖူးတဲ့ ပန်းချီ၊ ဒါရိုက်တာ ဦးဝင်းဖေ က ဘီဘီစီ အသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်၊ ဝင်းဖေလွယ်အိတ် ကဏ္ဍမှာ ပြောပါတယ်။ ဘိုးကျန် ကွယ်လွန်ပြီးချိန်ကတော့ ကမ္ဘာသုံး တယော ဗိုင်အိုလင်လောက်တောင်မှ အသံထွက် မမြည်တဲ့ မြန်မာတယောတွေရဲ့ ဇာတ်သိမ်းခန်းလို့ပဲ ဆိုရပါမယ်။ အဲဒီအချိန်မှာ ကမ္ဘာသုံးတယော ဗိုင်အိုလင်တွေထက် ပိုပြီးအသံကျယ်ကျယ်မြည်တဲ့ ဟွန်းတယောတွေက မြန်မာ့ကာလပေါ်တီးဝိုင်းတွေထဲကို ဝင်ရောက်နေနှင့်ပါပြီ။ မြန်မာနိုင်ငံကို ရောက်လာတာကတော့ ဟွန်းအကြီးတလုံး နဲ့ ဟွန်းအသေးတလုံးပါတဲ့ ပုံစံပါ။ တယောထိုးတဲ့သူရဲ့ နားဘက်ကိုလှည့်ထားတဲ့ ဟွန်း အသေးတခုနဲ့ ရှေ့ဘက်ကို လှည့်ထားတဲ့ ဟွန်း အကြီးတလုံး ပါလေ့ရှိပါတယ်။
မြန်မာ ဂီတ၊ တူရိယာ ပညာရှင်တွေရဲ့ ထူးခြား ပြောင်မြောက်တဲ့ စွမ်းရည်တခုက မြန်မာ့ ဇာတိဖွား မဟုတ်တဲ့ နိုင်ငံခြား တူရိယာ အမျိုးမျိုးကို မြန်မာမှုပြုပြီး မွေးစားတဲ့အခါမှာ မူရင်းတူရိယာတွေအတိုင်း ပုံတူကူးယူတာမျိုးမဟုတ်ဘဲ မြန်မာ့ဂီတကို တီးမှုတ်နိုင်တဲ့ မြန်မာကြိုက် မြန်မာ့တူရိယာတွေအဖြစ် ဖန်တီးယူကြလေ့ရှိပါတယ်။ မြန်မာ ဟွန်းတယောကလည်း ဒီသဘောမျိုးပါပဲ။ မူရင်း စထြော ဟွန်းတယော ကြိုးညှိစနစ်က ဒီကနေ့ ကမ္ဘာသုံး ဗိုင်အိုလင်အတိုင်းပဲ ကြိုးလေးချောင်းမှာ G D A E ဖြစ်ပါတယ်။ မြန်မာမှုပြုထားတဲ့ ဟွန်းတယောမှာတော့ မြန်မာသီချင်းတွေတီးဖို့ အဆင်ပြေတဲ့ G C G C အတိုင်း ညှိထားတယ်လို့ မှတ်သားဖူးပါတယ်။ မြန်မာကြိုက် တယောကြိုးညှိစနစ်မှာတော့ တီးတဲ့ပညာရှင်စိတ်ကြိုက်အတိုင်း ညှိထားတဲ့ တခြားမူကွဲတွေလည်း ရှိနိုင်ပါတယ်။
မြန်မာဟွန်းတယောတချို့က မြန်မာပြည်ထဲမှာ ကိုယ်ထူကိုယ်ထ ဆင်ယူထားကြတွေပါ။ တယောလက်တံကို သစ်မာ တမျိုးမျိုးနဲ့ လုပ်ပါတယ်။ ဒန်အိုး ဒန်ခွက်လုပ်တဲ့ ဒန်သတ္တုကို ပုံလောင်းပြီး အချောကိုင်ထားတဲ့ အသံအိုး နဲ့ ကြိုးတင်ခုံ ကို တယောလက်တံမှာ တပ်ထားပါတယ်။ အဲဒီအသံအိုးမှာ တယောထိုးတဲ့သူရဲ့ နားဘက်ကိုလှည့်ထားတဲ့ ဟွန်း အသေးတခုနဲ့ ရှေ့ဘက်ကိုလှည့်ထားတဲ့ ဟွန်းအကြီးတလုံး ပါလေ့ရှိပါတယ်။
မြန်မာ သက္ကရာဇ် ၁၂၈၈ မှာ မြန်မာညွန့် ဦးချစ်မောင်တည်ထောင်တဲ့ မြန်မာ အငြိမ့်အဖွဲ့က တူရိယာတွေထဲမှာ ဟွန်းတယော နှစ်လက်နဲ့ ဘင်ဂျို တလက် ပါဝင်နေတာကို တွေ့ရပါတယ်။ ရှေးခေတ် မြန်မာ့ကာလပေါ် တီးဝိုင်းတွေမှာ ဟွန်းတယော ကို အတီးများကြတယ်လို့ မှတ်သားရပါတယ်။ ခရစ်နှစ် ၁၉၂ဝ ဝန်းကျင် မြန်မာပြည်ထဲကို အသံတိတ် ဓာတ်ရှင် (ရုပ်ရှင်) တွေရောက်လာကြတဲ့ခေတ်က ရုပ်ရှင်ပြချိန်မှာ သရုပ်ဖော်တီးကြတဲ့ တီးဝိုင်းတွေမှာလည်း ဟွန်းတယောကိုပဲ သုံးကြပါတယ်။ အပျော်တမ်း တီးကြသူတွေကလည်း ဟွန်းတယောကိုပဲ တီးတတ်ကြတာ အဲဒီအချိန်ကာလရဲ့ အလေ့အထပဲ ဖြစ်ပေလိမ့်မယ်။ ကျနော့်အဖေ လူပျိုတုန်းက တီးခဲ့တဲ့ ဟွန်းတယောကြီး နံရံမှာချိတ်ထားတာကို ကျနော် မူလတန်းကျောင်းရောက်ချိန်လောက်အထိ ရှိနေသေးတာ မှတ်မိနေပါတယ်။ တယောပြားတွေရဲ့ အသံထွက်က ညင်သာပါတယ်။ တီးဝိုင်းထဲမှာ အတူတူတီးကြတဲ့အခါ တယောသံကို တခြားတူရိယာသံတွေက လွှမ်းမိုးသွားတတ်ပါတယ်။ ဒါကြောင့်ပဲ အသံကျယ်ကျယ်ထွက်စေဖို့ တီထွင်ထားတဲ့ ဟွန်းတယောကို ကမ္ဘာအရပ်ရပ်မှာ သုံးခဲ့ကြတာပါပဲ။ အသံကျယ်ပေမယ့် ဟွန်းတယောရဲ့ အသံထွက်ကတော့ ကြမ်းပါတယ်။ အသံချဲ့စက်တွေ တိုးတက်ထွန်းကားလာတဲ့အခါမှာတော့ ဟွန်းတယောတွေ တဖြည်းဖြည်းနဲ့ ခေတ်ကုန်သွားပြီး တယောပြားတွေ ပြန်ပြီး ခေတ်စားလာတာ ဒီကနေ့အထိပါပဲ။ မြန်မာတယောပညာရှင် တယော ဦးတင်ရီ တယောပြားတွေ ပြန်ပြီး ခေတ်စားလာပြန်တော့ ထပ်ဆင့် တီထွင်မှုတွေပါ တပြိုင်နက်တည်း ထွန်းကားလာပြန်တယ်။ ခရစ်နှစ် ၁၆၈ဝ ကနေ ၁၇၂၅ အတွင်းမှာလုပ်ခဲ့တဲ့ အန်တိုနီယို စထရာဒီဗာရီ Antonio Stradivari ရဲ့လက်ရာ ကမ္ဘာကျော် စထရာဒီဗာရီယပ်စ် Stradivarius တယောရဲ့ အသံထွက်ကို ဘယ်သူမှ မတုပနိုင်ဘူးလို့ ဆိုရိုးစကား ရှိပါတယ်။
ဒီကနေ့ အီလက်ထရစ် တယောတွေ ပုံစံအမျိုးစုံနဲ့ တီထွင်လာကြပြီး မိရိုးဖလာ တယော ဗိုင်အိုလင်တွေကို ယှဉ်ပြိုင်ဖို့ ကြံစည်နေကြတယ်။ ကမ္ဘာအရပ်ရပ်က ကျော်ကြားတဲ့ တယောပညာရှင်တွေကြားမှာလည်း အီလက်ထရစ် တယောတွေကို သုံးတဲ့သူတွေ ရှိလာတယ်။
တခေတ် တချိန်တုန်းက အသုံးတွင်ကျယ်ခဲ့တဲ့ ဟွန်းတယောတွေကို ဒီကနေ့ မြန်မာ့ကာလပေါ်တီးဝိုင်းတွေမှာ မသုံးကြတာ ကြာပြီဆိုတော့ ဟွန်းတယောသံကို ကြားဖူးဖို့ မဆိုထားနဲ့ မြင်ဖူးတဲ့သူတောင်မှ တော်တော်ပဲ နည်းပါးလာပါတယ်။ ရှေးခေတ်က မြန်မာတယောကြီးတွေ၊ ဟွန်းတယော တယောကြီးတွေ၊ ဗိုင်အိုလင်တွေ၊ နောက်ဆုံးပေါ် အီလက်ထရစ် တယောတွေနဲ့ မြန်မာသီချင်း၊ မြန်မာဂီတကို တီးကြတယ်ဆိုရင်ဖြင့် လက်ဖျားသံနှောတဲ့ မြန်မာတယော ဂီတလို့ပဲ ခေါ်ကြရပါလိမ့်မယ်။
#wikipedia

Comments
Post a Comment