`` တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ´´
`` တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ´´
ပထမဆုံး “ကျောင်းသားများသမဂ္ဂ”သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (Rangoon University Student's Union) ဖြစ်သည်။ ၁၉၃၁-ခုနှစ်တွင် စတင်ပေါ်ထွန်းခဲ့သည်။ ဖွဲ့စည်းစ၌ တက္ကသိုလ် ကျောင်းသားများ၏ လူမှုရေး၊ ပညာရေး ဆက်ဆံပေါင်းသင်း ရေးဆိုင်ရာ အသင်းအဖွဲ့သဘောမျိုးလောက်သာ အသွင်ဆောင်နေရာက ကိုလိုနီပညာ ရေးစနစ်၏ ပျော့ကွက်ဟာကွက် လိုအပ်ချက် တွေကိုပါ ထောက်ပြ ဝေဖန်ဆန်းစစ်ပြီး ပညာရေး ပြုပြင်ပြောင်းလဲမှုများကို တောင်းဆိုလာခဲ့ကြသည်။ ထိုမှနေ၍ နောက်တဆင့် တိုင်းပြည်၏ လွတ်လပ်ရေးလှုပ်ရှားမှုများအထိ ပါဝင်လှုပ်ရှားလာခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အဆောက်အဦးကြီးကို သူဌေးဦးညို(ဒေါက်တာဦးညို)က ၁၉၃၁-ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့သည်။
📝 ခေါင်းဆောင်များ....
၁၉၃၁-ခုနှစ်တွင် ပထမဆုံးကျောင်းသား “တကသ”၏ ဥက္ကဋ္ဌသည် ကိုထွန်းစိန် ဖြစ်ပြီး အတွင်းရေးမှူးသည် မောင်ဗစိန် (နောင်-သခင်ဗစိန်) ဖြစ်သည်။ “တကသ”၏ နာမည် ပေါ်လွင်ထင်ရှားလာသည်မှာ ၁၉၃၆-ခုနှစ်၊ ဒုတိယ တက္ကသိုလ် ကျောင်းသား သပိတ်ကြီး အပြီးဖြစ်သည်။ ကိုနု၊ ကိုအောင်ဆန်း၊ ကိုရာရှစ်တို့နာမည်များနှင့်အတူ တကသ ယှဉ်တွဲပြီး ပေါ်လွင်လာခဲ့သည်။ ၁၉၃၈ -ခုနှစ်၊ ထောင့်သုံးရာပြည့်အရေးတော်ပုံကြီးအတွင်းမှာလဲ တကသ၏အခန်းသည် ‘ဗကသ’နှင့်အတူ ဂုဏ်ပြောင်စွာ ပါဝင်ခဲ့ပါသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဗမာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ထင်ရှားခဲ့ကြသော တကသ ခေါင်းဆောင်များမှာ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဗဆွေ၊ ကိုနု ၊ မြို့မ-ဦးသန်းကြွယ် ၊ အာဏာရှင် လှရွှေ တို့ဖြစ်သည်။ နယ်ချဲ့လက်အောက်ကနေ အမျိုးသား လွတ်လပ်ရေး လှုပ်ရှားမှု တိုက်ပွဲ အတွင်း “တကသ”၏ အခန်း ကဏ္ဍဟာ အရေးပါခဲ့သလို တကသ သမဂ္ဂအဆောက်အဦကြီး အတွင်း အရေးကြီး အစည်း အဝေး ကြီးများ သမိုင်းဝင် တွေ့ဆုံ ဆွေးနွေးမှုကြီးများ ကျင်းပနိုင်ခဲ့ပါသည်။ ဗမာပြည် နိုင်ငံရေးသမိုင်းမှာ ထင်ရှား လာကြမယ့် ခေါင်းဆောင် အများစုကြီးသည် တကသထွက်များ ဖြစ်ကြသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း ထင်ရှားခဲ့ကြသော ကျောင်းသား ခေါင်းဆောင်၊ တကသ ခေါင်းဆောင်များမှာ ကိုစိုးသိန်း၊ ကိုဘကောင်း၊ ကိုယု၊ ကိုဗဆွေလေး၊ ကိုညိုဝင်း၊ ကိုလှရွှေ (ဘိုကလေး)၊ ကိုလှကြည် (ဘိုကလေး) စသည်တို့ ဖြစ်ကြသည်။ ရန်ကုန် တက္ကသိုလ် တကသ၏ နောက်ဆုံး တရားဝင် ဥက္ကဋ္ဌမှာ ကိုဗဆွေလေးဖြစ်သည်။
📝 မန္တလေးတက္ကသိုလ်....
မန္တလေး တက္ကသိုလ် ခေါင်းဆောင်များထဲတွင် ကိုတင်ရွှေ၊ ကိုစောလွင်၊ ကိုကြည်အောင်၊ ကိုမိုးသူ၊ ကိုဇော်ဝင်း၊ ကိုစိုးဝင်းမောင်၊ ကိုအောင်သူ (မြင်းခြံ) စတဲ့သူများ နာမည်ထင်ရှားကြသည်။
📝 လှုပ်ရှားမှုများ....
ဗမာပြည် လွတ်လပ်ရေးကြေညာနိုင်ပြီးနောက်ပိုင်း ဖဆပလ၊ အိမ်စောင့်၊ ပထစအစိုးရတွေရဲ့အုပ်စိုးမှု ကာလ တလျှောက်လုံး မှာလဲ ပြည်သူတွေ နဲ့အတူ ရပ်တည်ကာ တော်လှန်တဲ့ကျောင်းသားထုရဲ့သမိုင်းကို ဂုဏ်ရောင်ပြောင်စွာ ဆက်လက် သယ်ဆောင် နိုင်ခဲ့ကြပါတယ်။ ဗမာပြည်မှာ ‘တကသ’ ရွေးကောက်ပွဲများ ဟာ အသန့်ရှင်းဆုံး အလွတ်လပ်ဆုံး ဖြစ်ခဲ့ ပါတယ်။ အုပ်စိုးသူ အစိုးရ အဆက်ဆက် က ‘တကသ’ အတွင်းမှာ အစိုးရ အလိုတော်ရိ ကျောင်းသား ခေါင်းဆောင် များ ပေါ်ထွက် နေရာ ယူနိုင်အောင် နည်းအမျိုးမျိုးနဲ့ ကြိုးပမ်း ခဲ့ကြပေမဲ့ ယေဘုယျအားဖြင့် အောင်မြင်မှုမရခဲ့ဘဲ ပြည်သူလူထု ဘက်က ရပ်တည်တဲ့ စစ်မှန်တဲ့ ကျောင်းသား ခေါင်းဆောင်များ သာ “တကသ” ရဲ့အလံကို ဂုဏ်ရောင် ပြောင်ပြောင် လွှင့်ထူ နိုင်ခဲ့ကြပါတယ်။
📝 ဗုံးခြဲခံရတာ နိဂုံးလား....
၁၉၆၂၊ မတ်လ-၂ ရက်နေ့မှာ မတရားအာဏာသိမ်းယူတက်လာခဲ့တဲ့ ဗိုလ်ချူပ်ကြီးနေဝင်းရဲ့ တော်လှန်ရေး ကောင်စီအစိုးရ ကို “တကသ” က ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ပါတယ်။ ၁၉၆၂၊ ဇူလိုင်-၇ ရက်နေ့မှာ သမိုင်းဝင် (၇) ရက်ဇူလိုင် အရေးတော်ပုံကြီး ပေါ်ထွက်လာခဲ့ပြီး စစ်အစိုးရက သွေးချောင်းစီးအောင် သတ်ဖြတ်ကာ “တကသ” ကို ဖျက်သိမ်း ပစ်ခဲ့သလို (၈) ရက်နေ့မှာ သမိုင်းဝင် တကသ သမဂ္ဂ အဆောက်အဦးကြီးကိုလဲ ဗုံးခွဲဖျက်ဆီးပစ်ခဲ့ပါတယ်။
📝 ပြန်လည်ပေါ်ထွန်းခြင်း....
တကသ ဟာ နည်းလမ်း ပေါင်းစုံနဲ့ ဆက်လက် ရပ်တည်ခဲ့ပြီး ကျောင်းသားထုရဲ့ ရင်ထဲ အဆက်မပြတ် ရှင်သန် နေခဲ့ ပါတယ်။ မဆလခေတ် တလျောက်လုံး မှာ ပေါ်ထွန်းလာခဲ့တဲ့ လူထုတိုက်ပွဲ ကျောင်းသားထု တိုက်ပွဲတွေ အတွင်းမှာ ပုံသဏ္ဍန် အမျိုးမျိုး နဲ့ ဆက်လက်ပေါ်ပေါက်နေခဲ့ပါတယ်။ ကျောင်းသား မျိုးဆက်တွေ ဘယ်လောက် ပြောင်းပြောင်း “တကသ” ဆိုတဲ့ ဂုဏ်ရောင်ပြောင်တဲ့ အမည်နာမ ဟာ လက်ဆင့်ကမ်း ပေါ်ထွန်းလာခဲ့ တာချည်းဖြစ်ပါတယ်။ ၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းမှာ ပြန်လည်ပေါ်ထွန်းလာခဲ့သည်။
_
ကိုးကား....
ဝင်းတင့်ထွန်း (၂၀၁၀၊ဩဂုတ်). ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း, ပထမ အကြိမ်. နေ့သစ်အင်အားစု၊ ဂျပန်

Comments
Post a Comment