' အဖေများနေ့ '

' အဖေများနေ့ '





ဇွန်လရဲ့ တတိယမြောက် တနင်္ဂနွေနေ့ကို အဖေများနေ့အဖြစ် သတ်မှတ်ပြီး နိုင်ငံအတော်များများမှာ အဖေနေ့ (အဖေများနေ့) အထိမ်းအမှတ် အခမ်းအနားလေးတွေ ကျင်းပပြုလုပ်ကြလေ့ ရှိပါတယ်။ အဖေများနေ့ဆိုတဲ့အတိုင်း အဖေတွေကို တစ်နည်း ဖခင်တွေကို ဂုဏ်ပြုတာပေါ့လေ။ အများအားဖြင့်တော့ အမေတွေရဲ့ ကျေးဇူး၊ အမေတွေရဲ့ မေတ္တာကို ခမ်းခမ်းနားနား၊ တခုတ်တရ ဖော်ကျူးပြောဆို တတ်ကြပေမယ့် အဖေတွေရဲ့ အခန်းကဏ္ဍကိုတော့ မေ့လျော့နေတတ်ကြပါတယ်။

ကျွန်တော်တို့မြန်မာ့ယဉ်ကျေးမှုမှာတော့ မိဘနှစ်ပါးလုံးကို အနန္တောအနန္တငါးပါးထဲမှာ ထည့်သွင်းဂုဏ်ပြုထားပါတယ်။ အမေတွေမှာ မွေးကျွေးဇူးရှိသလို၊ အဖေတွေမှာလည်း ကျွေးကျေးဇူးရှိတယ်လို့ အလွယ်ပြောတတ်ကြပါတယ်။ ကျွန်တော့်အမြင်ပြောရရင်တော့ အဖေတွေရဲ့ ကျေးဇူးတွေဟာ ကျွေးကျေးဇူးဆိုတာထက် ပိုပါတယ်။ အနောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေအရ အဖေတွေကို နေရာမပေးတတ်ကြတာကို နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အရှေ့တိုင်းယဉ်ကျေးမှုမှာကတော့ အဖေနဲ့အမေရဲ့ ကျေးဇူးဟာ အတူတူပါပဲ။ ကျွန်တော်တို့တွေကို လူသားတစ်ယောက်အဖြစ် ဖြစ်တည်မှုပေးလိုက်ပြီဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် သူတို့ရဲ့ကျေးဇူးတွေဟာ ကျွန်တော်တို့တစ်ကိုယ်လုံးမှာ လွှမ်းခြုံထားပြီလို့ ကျွန်တော်က ဆိုချင်ပါတယ်။ အဖေနဲ့အမေရဲ့ သွေးသားတွေ ပေါင်းစပ်ပြီးမှသာ ကျွန်တော်တို့တွေ လူဖြစ်ခွင့် ရလာကြတာပါ။ အဲဒါကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ အဖေရဲ့သွေးရော၊ အမေ့ရဲ့သွေးပါ ပေါင်းစပ်ဖွဲ့စည်းထားတာသာဖြစ်လို့ နှစ်ဦးစလုံးရဲ့ ကျေးဇူးတရားတွေ ကျွန်တော်တို့အပေါ်မှာ ရှိနေတယ်ဆိုတာ ပြောစရာလိုအံ့မထင်ပါ။

ကျွန်တော့်ခံစားချက်အရ "အမေ" ဆိုတဲ့ စကားလုံးမှာ အေးချမ်းခြင်း၊ ချစ်ခင်ခြင်း၊ နှစ်လိုဖွယ်ရာရှိခြင်း၊ ရွှင်ပြုံခြင်း၊ နွေးထွေးခြင်း စတဲ့ ချစ်ခြင်းမေတ္တာတရားတွေ လွှမ်းခြုံနေတယ်လို့ ခံစားရပါတယ်။ ဒါဆိုရင် "အဖေ" ဆိုတဲ့ စကားလုံးမှာရော။ အားကိုးခြင်း၊ ယုံကြည်ခြင်း၊ လေးစားခြင်း၊ ရဲရင့်ခြင်း၊ ခွန်အားရှိခြင်းဆိုတဲ့ အရာတွေအားလုံး လွှမ်းခြုံနေတယ်လို့ ဆိုချင်ပါတယ်။

ပြောတတ်ကြတဲ့ စကားလေးတစ်ခွန်း ရှိပါတယ်။ အဖေက "နေ"၊ အမေက "လ" တဲ့။ အများစုက သိပ်သဘောကျတဲ့ စကားလေးပါ။ ကျွန်တော်လည်း သဘောကျပါတယ်။ သေသေချာချာ တွေးကြည့်လေ၊ နှစ်ခြိုက်မိလေပါပဲ။ ကျွန်တော်တို့တွေ အချစ်ပိုနေကြတဲ့ အမေတွေဟာ အဖေဆိုတဲ့ နေမင်းကြီးကြောင့် အေးအေးချမ်းချမ်း၊ ငွါးငွါးစွင့်စွင့်နဲ့ သာနေနိုင်တာပါ။ ကျွန်တော်တို့တွေကို ပေးနေတဲ့ ချစ်ခြင်းမေတ္တာလရောင်တွေဟာ အဖေဆီကနေလာတဲ့ အရာတွေဆိုတာ ကျွန်တော်တို့တွေ ဘာကြောင့်များ မေ့လျော့နေခဲ့ကြပါသလဲ။

အဖေများနေ့ဆိုတာ သတ်မှတ်ချက်တစ်ခုပါ။ ဒီနေ့တစ်နေ့တည်းမှာပဲ အဖေတွေကို သတိရကြဖို့၊ အဖေတွေရဲ့ ကျေးဇူးတွေကို အောက်မေ့ကြဖို့ မဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်း သတိရနေမယ်၊ အလေးအမြတ် ပြုနေမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ မိမိရင်ထဲမှာ အဖေနဲ့ အမေဆိုတဲ့ မိဘနှစ်ပါး အမြဲတမ်းရှိနေဖို့ အရေးကြီးပါတယ်။ အဖေနဲ့ အမေဆိုတာ ခွဲခြားလို့ မရစကောင်းပါ။
_
အဖေများနေ့မှာ ကမ္ဘာပေါ်က ဖခင်များအားလုံးကို ဂုဏ်ပြုလိုက်ရပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)

≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈

' အဖေဆိုသည်မှာ.....

“ပုတ္တံ ပါတိ ရက္ခတီတိ ပိတာ။”
Father means a protector of his own children.
အဖေဆိုတာ သားသမီးတွေကို ကာကွယ်ပေးတဲ့သူပါ။ အဖေရှိနေရင် လုံခြုံတယ်။ အဖေရှိရင် ဘေးကင်း တယ်။ အဖေရှိရင် ဘယ်သူမှ လာအနိုင်မကျင့်ရဲဘူး။ အဖေရှိနေရင် ခွန်အားတွေအလိုလိုရှိလာတယ်။
ဘာဖြစ်လို့လဲဆိုရင် အဖေဟာ သားသမီးကို ရှေ့ကနေမားမားမတ်မတ် ကာကွယ်ပေးထားလို့ပါ။

ပုတ္တံ ပိယာယတီတိ ပိတု။
Father means a lover of his own children.
သားသမီးတွေကို ချစ်မြတ်နိုးတဲ့အတွက်ကြောင့် “အဖေ”လို့ခေါ်တယ်။
အဖေဟာ ပင်ပန်းစွာနဲ့ အလုပ် မှ ပြန်လာခဲ့သော်လည်း သားသမီးမျက်နှာလေးကို မြင်လိုက်ရတဲ့အခါ
အမောစိတ်တွေပြေပြီး ချစ်စိတ်တွေဝေကြရပါတယ်။

သော ပိတာ ယောတု ပေါသကော။
Father means a supporter of his own children.
သားသမီးဇနီးမယားတွေကို ရှာဖွေကျွေးမွေးတာ အဖေပါ။ ကိုယ့်သားသမီးကို ၀မ်းဝအောင် ရှာဖွေကျွေးမွေး ရတယ်။ ခါးလှအောင် အ၀တ်ဆင်ပေးရတယ်။ ဘ၀လှအောင် ပညာတွေ သင်ပေးရတယ်။
ကိုယ့်သားသမီး ကို လမ်းမှားမရောက်အောင်၊ လိမ္မာယဉ်ကျေးအောင် ပြုံး၍ တစ်ဖုံ၊
အမုန်းခံ၍တစ်မျိုး ဆိုဆုံးမတတ်တယ်။ အဖေ့ခေါင်းထဲမှာ သားသမီးတွေကို ဘယ်လို
အမွေတွေပေးမလဲဆိုတာပဲ တွေးတယ်။ တစ်မိသားစုလုံးရဲ့ တာဝန်တွေကို ပုခုံးပေါ်ထမ်းကာ
ကြမ်းတမ်းတဲ့ဘ၀လမ်းကို လျှောက်လှမ်းနေတာ အဖေပါ။

ဒါပြင် ဖြောင့်မှန်တဲ့ မျိုးရိုးအမွေအနှစ်တွေကိုလည်း ထိမ်းသိမ်းတတ်အောင် သင်ပေးပါတယ်။
လောကမှာ ရှိတဲ့ အဖေအများစုကတော့ သားသမီးပေါ်ထားတဲ့စိတ် တူကြပါတယ်။
အချို့တာဝန်မကျေတဲ့ အဖေတွေ လည်း ရှိပါတယ်။ တာဝန်မကျေသော်လည်းပဲ သူရှိနေတာနဲ့ကိုပဲ
ဘယ်သူမှ လာမစော်ကားရဲပါဘူး။ သားသမီးကို ချစ်တဲ့စိတ်ကလည်း သူ့ရင်ထဲမှာ
ကိန်းအောင်းနေပါတယ်။

ဒါကြောင့် အဖေရှိသေးတဲ့သူရော ၊အဖေမရှိတော့တဲ့သူရော အဖေနေ့မှာ အဖေ့ကို သတိရပေးပါ။
အဖေကို ကျေးဇူးဆပ်ပေးပါ။ နွေးထွေးတဲ့ မေတ္တာလေးတွေ ပြန်ပေးပါ။
အဖေ့စကားလိုက်နာတဲ့အနေနဲ့ လူကောင်းဖြစ်အောင်ကြိုးစားပါ။

-
【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】
(တပေါင်းလပြည့်-အဖေနေ့ အမှတ်တရ)

≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈

' အမေနေ့နဲ့အဖေနေ့ '

မိဘတွေသည် သားသမီးတွေရဲ့အပေါ်မှာ ဖြူစင်ရှင်းသန့်တဲ့ မေတ္တာ၊ စေတနာ၊ အနွံတာ၊အနစ်နာခံမှုတွေနဲ့ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တာဖြစ်တဲ့အတွက် သားသမီးများက မိဘတွေ အိုမင်းမစွမ်း ခန္ဓာကိုယ်မလှုပ်ရှားနိုင်တဲ့အခါ စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ပြန်လည် လုပ်ကျွေးပြုစုစောင့်ရှောက်ခြင်းနှင့် ကျေးဇူးတွေကို ပြန်ပေးသင့်တယ်။ ပြန်ဆပ်ကြပါ။

မိဘတွေကို ကျေးဇူးဆပ်ကြတဲ့အခါမှာ-
၁။ မိဘတွေ မသေခင်ကာလအတွင်းမှာ စားဝတ်နေရေး၊ကျမ္မာရေးကိစ္စတွေကို ဆောင်ရွက်ပေးနိုင်ရမယ်။

၂။ မိဘတွေ မသေခင်ကာလအတွင်းမှာ ကုသိုလ်ပြုနိုင်အောင် ကုသိုလ်တရားတွေနဲ့ ပြည့်စုံအောင် ပြုလုပ်ပေးရမယ်။ ကုသိုလ်ဖြစ်အောင် တိုက်တွန်းနိုးဆော်ပေးရမယ်။
၃။ မိဘတွေ သေပြီးတဲ့ နောက်ကာလ ကောင်းသောသုဂတိဘုံဘဝသို့ရောက်အောင် ကုသိုလ်ပြု၍ အမျှပေးဝေရမယ်။ ဤအင်္ဂါ ၃ ရပ်နှင့် ပြည့်စုံညီညွတ်မှသာလျှင် မိဘတွေကို ကျေးဇူးဆပ်ရာ ရောက်ပါတယ်။

တချို့တချို့သော သားသမီးတွေက နံပါတ် ၁ အင်္ဂါနှင့်အညီ မိဘတွေကိုမသေခင် ပြုစုလုပ်ကျွေးမယ်ဆိုရာ၌ ရှိသမျှမိဘပစ္စည်း အကုန်လုံး သိမ်းကျုံးလက်ဝါးကြီးအုပ်ယူထားပြီး မိဘတွေကို စားဝတ်နေရေး ကျန်းမာရေးလောက်သာ ပြည့်စုံအောင် ကူညီထောက့်ပံ့ ကျွေးမွေးကြတယ်။

မိဝက်ကလည်း စီးပွားရေး၊ ကြီးပွားရေးတွေ မလုပ်နိုင်မကိုင်နိုင်တဲ့အရွယ် ရောက်နေလေတော့ ရှိသမျှ ပစ္စည်းဥစ္စာနှင့် လုပ်ငန်းကိစ္စအဝဝမှန်သမျှ သားသမီးတွေကို ယုံကြည်စိတ်ချစွာ လွှဲအပ်ပေးထားကြတယ်။

အဲဒီလို လွဲအပ်ပေးထားတော့ ရှေ့မှာဘာတွေဖြစ်ပေါ်လာသလဲဆိုတော့ မိဘတွေမှာ သူတို့ရဲ့လုပ်စာ ဝင်ငွေတွေမရှိကြတော့ သားသမီးတွေ ကျွေးသမျှကို စားရတယ်။ ကိုယ်ဝတ်ချင်တာလေးမှ မဝတ်ရ၊ကိုယ်သွားချင်တာလေးမှ ဒေသန္တရ ဘုရားဖူးလေးမှ မသွားနိုင်သူများတွေ၊ လှူချက်လို့မှ မလှူနိုင်၊ ကုသိုလ်ပြုချင်ပါသော်လည်း ပြုချင်တိုင်းမရ စသည်ဖြင့် မိဘတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ ဆုံးရှုံးနစ်နာရတယ်။

ဒီတော့ လိမ္မာတဲ့သားသမီး မှန်ကန်လို့ရှိရင် အလိုက်သိစွာဖြင့် မိဘတွေဘာစားချင်လဲ၊ ဘာဝတ်ချက်လဲ၊ ဘယ်သွားချင်လဲ၊ ဘယ်လိုကုသိုလ် အလှူဒါနတွေပြုချင်သလဲလို့ မကြာခဏ မိဘတွေစိတ်ချမသာအောင် မေးရမယ်။ ဆောင်ရွက်ပေးရမယ်။ ဒါမှသာလျှင် နံပါတ် ၂ အင်္ဂါနှင့်အညီ ကျေးဇူးဆပ်ရာ ရောက်မှာပါ။ မိဘတွေကို ဘယ်လိုကုသိုလ်မျိုးတွေပြုလုပ်ဖို့ တိုတ်တွန်းနိုးဆော်ပေးရမလဲဆိုလို့ရှိရင်-

၁။ သဒ္ဓါတရား (ရတနာသုံးပါး၊ ကံနှင့်ကံ၏အကျိုးတရားယုံကြည်မှု)မရှိကြတဲ့ မိဘတွေကို ရတနာမြတ်သုံးပါးကို ယုံကြည်အောင် တရားနာဖို့ တိုက်တွန်းနိုးဆော်ပေးရပါမယ်။
၂။ ဥပုသ်သီလ စောင့်ခိုင်းရပါမယ်။
၃။ နှမြောတွန့်တိုတဲ့ မိဘတွေကို ပေးကမ်းလှူဒါန်းမှုတွေနဲ့ ပြည့်စုံအောင် လှူဒါန်းပေးဖို့ တိုက်တွန်းရပါမယ်။
၎။ ဝိပဿနာ ပညာဉာဏ်ဖြစ်အောင် တရားအားထုတ်ဖို့ တိုက်တွန်းနှိုးဆော်ရပါမယ်။

ကျေးဇူးသိတတ် သားသမီးမြတ် ဆပ်တတ်နိုင်ဖို့ရာ
သဒ္ဓါနည်းပါး မိဘအား ဖြစ်ငြားသဒ္ဓါ တည်ပါစေ။
သီလနည်းပါး မိဘအား စောင့်ငြားသီလ တည်ပါစေ။
အလှူနည်းပါး မိဘအား ပေးကမ်းဒါန တည်ပါစေ။
ပညာနည်းပါး မိဘအား ထူးခြားပညာတည်ပါစေ။
ဤသို့ဆပ်လျှင် ကျေးဇူးပင် အစဉ်ကျေနိုင်တာ။

သားသမီးတွေကလည်း သားသမီးတွေရဲ့ တာဝန်တွေ ကျေပွန်အောင် ဆောင်ရွက်ရမှာဖြစ်သလို မိဘတွေကလည်း မိကောင်း ဖခင်တစ်ယောက်ဖြစ်ဖို့ရန် အလွန်အင်မတန် အရေးကြီးလှပါပေတယ်။ မိကောင်းဖခင်ဆိုတဲ့ ဂုဏ်နှင့်ပြည့်စုံစေဖို့ရန်အတွက် ဘာသာရေးကိုင်းရှိုင်းမှု ကိုယ်ကျင့်စာရိတ္တ ကောင်းမွန်မှုတို့နှင့် ပြည့်စုံစေဖို့ရန်အတွက် သီလစောင့်ထိန်းခြင်း၊ တရားဓမ္မအားထုတ်အားခြင်း၊ စားဝတ်နေမှု၊ လူမှုတာဝန်၊ နိုင်ငံ့တာဝန်၊ တွေကိုလည်း မလစ်ဟင်း ပြည့်စုံအောင် ကြိုးစားခြင်း ဒီဂုဏ်သိက္ခာတို့ကို ရရှိအောင်ပြုလုပ်နိုင်မှသာလျှင် မိကောင်း ဖခင်တစ်ယောက်ဖြစ်နိုင်ပါတယ်။ ဒီလိုကြိုးစားရာမှာလည်း ကိုယ့်ကိုယ်ကျိုး ကိုယ့်အရေးအတွက်သာမကပဲ သားသမီးတို့အကျိုး သားသမီးတို့ရှေ့ရေးကိုလည်း အဓိကထားပြီး မိကောင်းဖခင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားဖို့ အထူးလိုအပ်ပါတယ်။

ပြာသိုလပြည့်နေ့ကို အမေနေ့လို့ သတ်မှတ်ရခြင်းအကြောင်းရင်းက တစ်နှစ်၌ ၁၂ လရှိသည့်အနက်မှာ ပြာသိုလသည် အအေးဆုံး အချမ်းဆုံးဖြစ်လို့ စောင်ခြုံလို့မနွေးတဲ့ ပြာသိုလဖြစ်သလို မိဘမေတ္တာသည်လည်း သားသမီးတွေရဲ့အပေါ်မှာ ထားရှိတဲ့မေတ္တာသည် အမြဲတမ်းပူလောင်မှုမရှိ၊ အေးမြနေတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်လို့ပါပဲ။

ထိုပြာသိုလပြည့်နေ့မှာ ထွတ်ပေါ်လာတဲ့လသည် ကမ္ဘာလောကရှိ လူသားအားလုံးရဲ့အပေါ်မှာ အယုတ်အလတ်အမြတ်မရွေး လူမျိုးမရွေး၊ ဘာသာမရွေး ကြည်လင်အေးမြတဲ့ အလင်းရောင်ကို ပြည့်ပြည့်ဝဝကြီးပေးနေသလို ထို့အတူ မိဘတိုင်ူသည်လည်း သားသမီးတွေ ဘယ်နှစ်ယောက်ပဲရှိရှိ၊ ဘယ်သား ဘယ်သမီးရဲ့အပေါ်မှာမှ ဦးစားပေး ဘက်လိုက်မှုပေးပြီး ချစ်ခင်မှုမရှိ၊တပြေးတညီတည်း ပြည့်ပြည့်ဝဝ မေတ္တာတွေထားရှိနိုင်တယ်။ ထိုကဲ့သို့ ပြညသိုလပြည့်ညမှာ ထွက်ပေါ်လာသည့်လသည် ဝိုင်းဝိုင်းစက်စက် ပြည့်ပြည့်ဝဝရှိသလို မိဘတိုင်းသည်လည်း သားသမီးတွေ အားလုံးတို့ရဲ့အပေါ်မှာ တပြေးတညီထဲ ပြည့်ပြည့်ဝဝ ထားရှိနိုင်တဲ့အတွက်ကြောင့် ပြာသိုလ်လပြည့်နေ့ကို "အမေနေ့"လို့ ခေါ်ဝေါ်ပညတ် သမုတ်ထားကြတယ်။ အသိအမှတ်ပြုထားကြတယ်။
ထို့နောင်မှ

ပညာရှိဆရာတော်ကြီးများက "တပေါင်းလပြည့်"နေ့ကို အဖေနေ့လို့ သတ်မှတ် သမုတ်ထားကြပါတယ်။ တစ်နှစ်မှာ ၁၂လရှိတဲ့အနက်မှာ တပေါင်းလသည် အပူအအေးမျှတတဲ့လ ဖြစ်တယ်။ အဲဒီတပေါင်းလထဲမှာမှ လဆန်း၊ လဆုတ်ရက်တွေ ရှိတဲ့အထဲက"တပေါင်းလပြည့်"နေ့ကို "အဖေနေ့"လို့ သတ်မှတ်ရခြင်းရဲ့အကြောင်းရင်းကတော့ တပေါင်းလပြည့်နေ့ထွတ်တဲ့နေသည် ကမ္ဘာလောကမှာ ရှိရှိသမျှ လူအားလုံးကို အယုတ်အလတ်အမြတ်မရွေး တညီတညာတည်း အပူဓာတ်ပေးသလို ဖခင်တစ်ယောက်သည်လည်း သားသမီးတွေရဲ့အပေါ်မှာ စားဝတ်နေရေး၊ ပညာရေး၊ အန္တရာယ်ကင်းရေး၊ကျန်းမာရေး စသည်တွေကို အမြဲတမ်း ပူပန်ရတယ်။ ပူပန်ပေးရတဲ့အတွက်ကြောင့် တပေါင်းလပြည့်နေ့ကို အဖေနေ့လို့သတ်မှတ်ထားရခြင်းဖြစ်တယ်။

အဲ့ဒီလို ရေတွက်မရအောင်၊ အမေ့မေတ္တာ အမေ့ကျေးဇူးတွေ၊ အဖေ့မေတ္တာ အဖေ့ကျေးဇူးတွေ ရှိနေတာကို သိကြရအောင်၊ သတိရအောက့်မေ့အောင်၊ ကျေးဇူးမဆပ်နိုင်တောင်မှ "ပြာသိုလပြည့်နေ့သည် အမေနေ့"ပါလား၊ „တပေါင်းလပြည့်နေ့"ကို အဖေနေ့ပါလားလို့သိရှိသွားရင် ကျေနပ်လှပြီဆိုတဲ့ ရည်ရွယ်ချက်ဆန္ဒသဘောနဲ့ ပညာရှိဆရာတော်ကြီးများက အခုလိုပဲ သတ်မှတ်ခေါ်ဝေါ်ကြတာဖြစ်ပါတော့တယ်။

.
မောဠိစာစဉ်(၇)မှကောက်နှုတ်ချက်။
ပန်ချင်သူများခေါင်းဖြီးထားဆရာတော်-ဘဒ္ဒန္တဥတ္တမမောဠိ
စုစည်းပူဇော်-တင်ပြဖြန့်ဝေသူ
Donated by pupil

【အရှင်ပညာသာမိ ဗုဒ္ဓလက်ဆောင်】

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း