' အာဇီဝဋ္ဌမကသီလ '
' အာဇီဝဋ္ဌမကသီလ '
အာဇီဝဋ္ဌမက သီလဆိုသည်မှာ ကောင်းသော အသက်မွေးမှုဖြင့် ပတ်သက်သော သီလဖြစ်သည်။ စားဝတ်နေရေး ပစ္စည်းရှာဖွေမှု လုပ်ကိုင်မှု ဟူသမျှကို 'အာဇီဝ = အသက်မွေးမှု'ဟု ခေါ်သည်။ မတရားနည်းဖြင့် ပစ္စည်းဥစ္စာရှာဖွေ အသက်မွေးမှုကို မိစ္ဆာဇီဝဟု ခေါ်သည်။ ထိုမှ ရှောင်ကြဉ်ကာ တရားသဖြင့် ပစ္စည်းဥစ္စာရအောင် ရှာဖွေ အသက်မွေးမှုကို သမ္မာအာဇီဝ ဟု ခေါ်သည်။ အသက်မွေးဝမ်းကျောင်း(အာဇီဝ) စင်ကြည်ဖို့ နည်းလမ်းများနှင့် စင်ကြယ်ခြင်း၏အကျိုးများကို မြတ်စွာဘုရား အထူး ဟောတော်မူထားသည်ဖြစ်၍ ဤ အာဇီဝဋ္ဌမကသီလကို လုံခြုံအောင် စောင့်ထိန်းသင့်သည်။
အာဇီဝဋ္ဌမကသီလ တောင်းပုံ.....
အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ အာဇီဝဋ္ဌမကသီလံ ဓမ္မံ ယာစာမိ၊ အနဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဘန္တေ - အရှင်ဘုရား၊ အဟံ - တပည့်တော်(တပည့်တော်မ)သည်၊ တိသရဏေန - သရဏဂုံ သုံးပါးနှင့်။ သဟ -တကွ၊ အာဇီဝဋ္ဌမကသီလံ - အာဇီဝဋ္ဌမကသီလတည်းဟူသော၊ ဓမ္မံ - သိက္ခာပုဒ်ကို၊ ယာစာမိ - တောင်းပါ၏။
(ဒုတိယမ္ပိ - နှစ်ကြိမ်မြောက်လည်း၊ တတိယမ္ပိ - သုံးကြိမ်မြောက်လည်း -စသည်ဆိုမြဲ။)
အာဇီဝဋ္ဌမကသီလယူပုံ.....
ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
အဒိန္နဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံသမာဒိယာမိ။
မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ပိသုဏဝါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ဖရုသဝါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သမ္ဖပ္ပလာပဝါစာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
မိစ္ဆာဇီဝါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ကာယဒုစရိုက်(၃)ပါး၊ ဝစီဒုစရိုက်(၄)ပါး၊ ဤ(၇)ပါး လုံခြုံလျှင် မိစ္ဆာဇီဝမှ ရှောင်ကြဉ်ပြီး ဖြစ်သည်။ သို့ရာတွင် မြဲရာသံပတ် ဆိုသကဲ့သို့ ရှေးသိက္ခာပုဒ်များဖြင့် ရှောင်ကြဉ်ဖွယ်ရာများ သာ၍ ခိုင်မြဲအောင် -
လက်နက် ကုန်ကူးခြင်း
လူ ကုန်ကူးခြင်း
အသား ကုန်ကူးခြင်း
အရက်သေစာ မူးယစ်ဆေးဝါး ကုန်ကူးခြင်း
အဆိပ် ကုန်ကူးခြင်း
ဟူသော ဥပါသကာများ မပြုကောင်းသော ကုန်သွယ်မှု ငါးမျိုးစသော မိစ္ဆာဇီဝများ အားလုံး မကျန်ရလေအောင် (၈)ခုမြောက် သိက္ခာပုဒ်အဖြစ် အထူးသတ်မှတ်၍ ဆောက်တည်ရသည်။ ဤသီလကို ဆောက်တည်ရာ၌ သံဃာတော်ထံမှာ တောင်းနေစရာလည်းမလို၊ မိမိတို့ဘာသာ ဆောက်တည်ပါ၏ ဆိုလျှင်လည်း ပြီးသည်။ မဆိုဘဲ ကြဉ်ရှောင်လျှင်လည်း ပြီးသည်။ တစ်ခါ ခံယူ ဆောက်တည်ထားလျှင် မကျူးလွန်သမျှ ကာလပတ်လုံး မပျက်ပြီ။ ကျူးလွန်မိပြန်လျှင်လည်း ကျူးလွန်မိသော သိက္ခာပုဒ်ကို သာ ထပ်၍ ဆောက်တည်ဖွယ် မရှိပြီ။ ထပ်၍ဆောက်တည်သော်လည်း အပြစ်မရှိ။ ခိုင်မြဲစေရခြင်း အကျိုးရှိ၏။ တစ်နေ့တစ်ခါ နေ့တိုင်းဆောက်တည်ပါလျှင်လည်း ကောင်း၏။ ဤအာဇီဝဋ္ဌမကသီလသည် ငါးပါးသီလကဲ့သို့ နိစ္စသီလမျိုး ဖြစ်၏။ ဥပုသ်နေ့မှာမှ ဆောက်တည်ရသော သီလမျိုး မဟုတ်ဟုလည်း မိန့်ဆိုတော်မူသည်။
ပိသုဏဝါစာ.....
သူနှစ်ယောက်တို့ ညီညွတ်နေရာ တစ်ယောက်အပြစ်ကို တစ်ယောက်ထံ ပြောကြားခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် အချစ်ပြယ်၍ ညီညွတ်မှု ကွဲပြားသွားတတ်သည်။ ထိုသို့သော ကုန်းတိုက်စကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ရသည်။
ပိသုဏဝါစာ ဖြစ်ရန် အင်္ဂါ(၅)ပါး.....
ညီညွတ်သူနှစ်ဦးရှိခြင်း
ကွဲပြားစေလိုသော စိတ်ရှိခြင်း၊ မိမိကို ချစ်စေလိုသော စိတ်ရှိခြင်း
ကွဲပြားအောင် လုံ့လပြု အားထုတ်ခြင်း
ထိုသို့ ပြောသည်ကို သူနှစ်ဦးတို့ နားလည်ခြင်း
ကွဲပြားကြခြင်း
ပိသုဏဝါစာ၏ အပြစ်ဆိုးကျိုးများ.....
မိတ်ဆွေနှစ်ယောက် ညီညွတ်မှုကို ကွဲပြားအောင် ကုန်းတိုက်သောသူသည် သေသည်၏အခြားမဲ့၌ အပါယ်လေးပါး၌ ဆင်းရဲကြီးစွာ ခံရသည်။ အပါယ်လေးပါးမှ လွတ်မြောက်ပြီးနောက် လူလာဖြစ်သော်လည်း အောက်ပါဆိုးကျိုးများကိုခံစားရပါသည်။ (ရှောင်ကြဉ်၍ ရရှိသော ကောင်းကျိုးများကို အပြန်နည်းအားဖြင့် မှတ်ယူပါ။)
အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့နှင့်
စိတ်ဝမ်းကွဲပြားရခြင်း၊
သူတပါးလုံ့လကြောင့် သေကျေပျက်စီးရခြင်း၊
အခြွေအရံ မဲ့ရခြင်း၊
သူတော်ကောင်းတရား၌ သက်ဝင်ယုံကြည်မှု သဒ္ဒါတရားမရှိခြင်း၊
မိတ်ဆွေ အပေါင်းအသင်း မတည်မြဲခြင်း၊
လူအများ အမုန်းခံရခြင်း၊
စိတ်ဓာတ် ညစ်ညမ်းခြင်း။
ဖရုသဝါစာ.....
မကြားဝံ့ မနာသာ အယုတ်တမာ ဆဲဆိုမှု၊ ကျွဲခတ်၍ သေပါစေ၊ ကားတိုက်၍ သေပါစေ၊ လောင်မီးကျပါစေ၊ မိုးကြိုးခပါစေ၊ ယုတ်ညံ့သော အင်္ဂါနှင့် တိုင်းပြီး ပြောဆိုခြင်း ကျိန်ဆဲခြင်းတို့သည် ဖရုသဝါစာ မည်ပါသည်။ တရားကိုယ်အားဖြင့် ဆဲဆိုလိုသော စေတနာသည် ဖရုသဝါစာမည်ပါသည်။ "ဖရုသဝါစာ၌ နှုတ်ထွက်ကြမ်းသည်ဖြစ်စေ၊ ချိုသာသည်ဖြစ်စေ စေတနာကြမ်းကိုသာ အကြမ်းဟု ဆိုရပါမည်။ ထို့ကြောင့် မိဘတို့က သားသမီးတို့ကို ကျိန်ဆဲရာ၌ ဖရုသဝါစာမဖြစ်၊ ဘုရင်မင်းမြတ်တို့သည် လူတစ်ယောက်ကို သတ်စေရာ၌ "ချမ်းသာစွာ အိပ်ပါစေ"ဟု ဆိုလိုက်သည်။ စကားအရာ ချိုသာသော်လည်း ဖရုသဝါစာထိုက်သည်။
ဖရုသဝါစာ မြောက်ရန် အင်္ဂါ.....
(၁) အဆဲခံရသူ ရှိခြင်း
(၂) အမျက်ထွက် စိတ်ဆိုးခြင်း
(၃) ဆဲရေးခြင်း
ဖရုသဝါစာ အပြစ်များ.....
ကြမ်းကြုတ်သော စကားကို ဆိုသောသူသည် သေသည်၏ အခြားမဲ့၌ အပါယ်လေးပါး၌ ဆင်းရဲစွာ ခံစားရသည်။ အပါယ်လေးပါးမှ လွတ်မြောက်ပြီးနောက် လူ့ဘဝရောက်သောအခါတွင်လည်း အောက်ပါ ဆိုးကျိုးများ ခံစားရပါသည် -
မနှစ်သက်သော အသံကို ကြားရခြင်း
အများ အမုန်းခံရခြင်း
ကဲ့ရဲ့ပြစ်တင်ခံရခြင်း
ဆင်းဆင်းရဲရဲ နေထိုင်ရခြင်း
သာယာနာပျော်ဖွယ်သော အသံ မရှိခြင်း
အလုံးစုံသော အသံအင်္ဂါ ပျက်ဆီးခြင်း(ဆွံ့အခြင်း)။
ဖရုသဝါစာ ရှောင်ကြဉ်ရကျိုး.....
မကြားဝံ့ မနာသာ ကြမ်းကြုတ်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်သည် ဖြစ်လေရာဘဝတိုင်း၌ အောက်ပါ ကောင်းကျိုးများကို ခံစားရပါသည် -
လူ သတ္တဝါများ၏ ချစ်ခင်မှု ခံရခြင်း
လူ သတ္တဝါများ၏ စိတ်နှလုံးကို နှစ်သက်စေနိုင်ခြင်း
ချမ်းသာစွာ နေရခြင်း
သာယာနာပျော်ဖွယ်သော စကားရှိခြင်း
လူအများ ချီးမွမ်းခံရခြင်း
အင်္ဂါရှစ်ပါးရှိသော အသံနှင့် ပြည့်စုံရခြင်း။
သမ္ဖပ္ပလာပဝါစာ......
စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော စကား အနက်အဓိပ္ပာယ်မရှိ ပြိန်ဖျင်းသော စကားကို ဆိုကြောင်းဖြစ်သော စေတနာသည် သမ္ဖပ္ပလာပမည်ပါသည်။ ယင်းစကားနှင့် ပတ်သက်၍ ပရမတ္ထစက္ခုကျမ်း၌ ဒီပဲယင်း ဆရာတော်ဘုရားကြီးက - "အနက်ဆံကင်းဆိုသည်မှာ ရာမမင်း၏ သီတာဒေဝီမိဖုရားကို ခေါင်းဆယ်လုံးရှိ ဘီလူးမင်းခိုးယူသည်။ ရွှေယုန်နှင့် ရွှေကျား သက်ကယ်ရိတ်သွားကြသည်။ ဤသို့ စသည့် ရှေ့က မဖြစ်ဘူး, မရှိဘူးသည်ကို ဖြစ်ဖူးရှိဖူးသကဲ့သို့ သူတပါး ရာဂပွားရန်, ဒေါသပွားရန်၊ မောဟပွားရန် ကြံဖန်ပြောဆိုသော စကားဟူသမျှ စပါးဖျင်းကဲ့သို့ အနက်ဆံ မပါသည်ကို ဆိုသည်။ သူ့ကို ဆုံးမရာ တရားဓမ္မဟောပြောရာ၌ ထင်လွယ်အောင် ဥပမာ ပုံပြ၍ ထည့်သွင်း ပြောဆိုရာတို့၌ သမ္ဖပ္ပလာပ မဖြစ်" ဟု ဖွင့်ဆိုထားပါသည်။
သမ္ဖပ္ပလာပဖြစ်ရန် အင်္ဂါ(၃)ပါး.....
(၁) အနက်ဆံကင်း ပြိန်ဖျင်းသောစကားကို ဆိုလိုသော စိတ်ရှိခြင်း
(၂) ပြိန်ဖျင်းသော စကားကိုဆိုခြင်း
(၃) သူတပါး ယုံကြည်ခြင်း
သမ္ဖပ္ပလာပ၏ မကောင်းဆိုးကျိုး.....
စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော စကား၊ အနက်အဓိပ္ပာယ်မရှိ ပြိန်ဖျင်းသော စကားကို ပြောဆိုသောသူသည် ခန္ဓာပျက်သည်၏အခြားမဲ့၌ အပါယ်လေးပါး၌ ဆင်းရဲကြီးစွာ ခံစားရသည်။ အပါယ်လေးပါးမှ လွတ်မြောက်ပြီးနောက် လူ့ဘဝရောက်သည့်အခါတွင်လည်း အောက်ပါ ဆိုးကျိုးများ ခံစားရပါသည် -
မိမိပြောဆိုသော စကားကို သူတပါး မယုံကြည်ခြင်း
မိမိကို လူအများ မုန်းတီးခြင်း
လူအများက မိမိကို အလေးမထားခြင်း
အများ ယုံကြည်ဖွယ်ဖြစ်အောင် မပြောတတ်ခြင်း
လာဘ်လာဘ နည်းပါးခြင်း
ဘုန်းတန်ခိုး အရှိန်အစော် အာနုဘော် နည်းပါးခြင်း
ပညာ သေးသိမ် မှေးမှိန်ခြင်း။
_
ကိုးကား.....
(၁) လယ်တီဒီပနီပေါင်းချုပ်(ပထမတွဲ) နှာ ၁၉၆ / ၁၉၈
(၂) ဗုဒ္ဓဘာသာတရားတော်(အထက်တန်းအဆင့်)၊ သာသနာရေး ဝန်ကြီးဌာန၊ ခရစ် - ၁၉၉၇၊ နှာ - ၃၁၉ - ၃၂၅

Comments
Post a Comment