" အချိုမှုန့် ( Monosodium glutamate (MSG) အကြောင်း ''

" အချိုမှုန့် ( Monosodium glutamate (MSG)
အကြောင်း ''

.

ခေတ်မီသူတိုင်း အချိုမှုန့် ကြောက်ကြသည် လို့ ဆိုရလောက်အောင်
ကမ္ဘာတဝှမ်း အချိုမှုန့် ကြောက်လိုက်ကြတာ အမေရိကန် မြို့ကြီးများက
တရုတ်စားသောက်ဆိုင်ကြီးတွေမှာ အချိုမှုန့် မသုံးပါ ဆိုတဲ့ ဆိုင်းဘုတ်တွေ
လူမြင်အောင် ပြူးပြူးပြဲပြဲ ချိတ်ဆွဲထားတဲ့အထိ ဖြစ်ပါတယ်။

မြန်မာတွေမှာလည်း အချိုမှုန့်ကြောက်မှ ခေတ်မီတယ်ထင်ပြီး
အချိုမှုန့်ကို ကဲကဲဆတ် ကြောက်ပြနေကြတဲ့ လူတန်းစားတစ်ရပ်
ပေါ်ပေါက်လာနေပါပြီ ။

သူများ ပါးစပ် မှာ လမ်းမဆုံးရအောင် အချိုမှုန့်အကြောင်းလေး
တစေ့တစောင်း တင်ပြလိုက်ပါတယ်။

.

အချိုမှုန့်ကို Sodium glutamate လို့လည်းခေါ်ပါတယ်။
ဆိုဒီယမ်ဆား နဲ့ ဂလူတာမိတ် ဒြဗ်ပေါင်းဖြစ်ပါတယ်။

ဂလူတာမိတ် ဟာ သဘာဝအလျောက် ပေါများစွာတွေ့ရတဲ့
အမိုင်နိုအက်ဆစ်ဖြစ်ပါတယ် ။
လူ့ခန္ဓာကိုယ်ထဲမှာလည်း ထုတ်လုပ်ပါတယ် ။
လူ့ဦးနှောက် အာရုံကြောများမှာ သတင်းအချက်အလက်သယ်ပို့ပစ္စည်း
neurotransmitter  အနေနဲ့ အလုပ်လုပ်ပါတယ် ။

.

အချိုမှုန့် MSG ဟာ အစားအစာတို့ကို ထူးကဲတဲ့အရသာဖြစ်စေတဲ့အတွက်
အစားအသောက်ချက်ပြုတ်ရာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုပါတယ် ။
ချိုခြင်း ၊ ချဉ်ခြင်း ၊ ခါးခြင်း ၊ ငန်ခြင်း စတဲ့အရသာများကို
တပေါင်းတည်း ပေးစွမ်းနိုင်ပါတယ် ။
အသားများနဲ့ စွပ်ပြုတ်များကို အရသာထူးကဲစေပါတယ် ။

MSG ကို 1908 မှာ ဂျပန်ဇီဝဓါတုပညာရှင် ( Japanese biochemist )
ကီကူနေး အိုင်ကီဒ ( Kikunae Ikeda ) က
စားလို့ရတဲ့ ကျောက်ပွင့် seaweed ကနေ ထုတ်ယူနိုင်ခဲ့ပါတယ် ။

အမေရိကန် အစာနဲ့ဆေးဝါးကွပ်ကဲမှုဌာန
( The U.S. Food and Drug Administration )က
MSG ကို ဘေးဥပါဒ်မရှိ ( generally recognized as safe (GRAS) လို့
သတ်မှတ်ခဲ့ပါတယ် ။

MSG အများကြီးစားရင် မအီမသာဖြစ်တယ် ၊ ခေါင်းကိုက်တယ် ဆိုပြီး
တရုတ်စားသောက်ဆိုင် ရောဂါစု "Chinese restaurant syndrome” လို့
နာမည်တပ်ခဲ့ကြပါတယ် ။

ဒါပေမယ့် (double-blind tests ) နဲ့ လေ့လာတဲ့အခါမှာတော့
ဒီလိုမအီမသာဖြစ်တာဟာ အချိုမှုန့်ကြောင့် ဖြစ်ရတယ် ဆိုတာ
အထောက်အထား  မတွေ့ရှိခဲ့ပါဘူး ။
Double - blind test ဆိုတာ
စမ်းသပ်သူ Experimenters ရော စမ်းသပ်ခံ Participants ရော
ဘယ်သူဟာ ဘယ်ဆေးဝါးနဲ့ ဘယ်လိုစမ်းသပ်ခံနေတယ်ဆိုတာ
မသိရဘဲ စမ်းသပ်တဲ့ စမ်းသပ်မှုဖြစ်ပါတယ်။

ဥရောပသမဂ္ဂ ( The European Union ) က MSG ကို
အဖြည့်ပစ္စည်း ( food additive ) အဖြစ် အချို့အစားအစာမှာ
သတ်မှတ်ချက်အချိုးအစားနဲ့ ခွင့်ပြုခဲ့ပါတယ် ။

ဂလူတာမိတ် glutamate ဟာ
ကယ်လဆီယမ် calcium, ပိုတက်ဆီယမ် potassium,
အမိုနီယမ် ammonium, မဂ္ဂနီဆီယမ် တို့နဲ့လည်း ပေါင်းစပ်နိုင်ပါတယ် ။
ဒါပေမယ့် ၎င်း တို့နဲ့ပေါင်းစပ်တဲ့ ဂလူတာမိတ်ဟာ
ဖန်တွတွ အရသာ ( သတ္တုအရသာ  metallic taste ) ဖြစ်ပေါ်စေလို့
အသာအတွက် သုံးဖို့ မကောင်းပါဘူး ။
ဆိုဒီယမ်နဲ့ပေါင်းတဲ့ sodium glutamate ကသာ
ပျော်ဝင်လွယ်ပြီး most soluble,
ပိုအရသာကောင်း most palatable ဖြစ်ပြီး
ပုံဆောင်ခဲ easiest to crystallize ဖြစ်လွယ်ပါတယ် ။

အိုင်ကီဒါ Ikeda က သူ့ထုတ်ကုန်ကို monosodium glutamate လို့
မှတ်ပုံတင်ပါတယ် ။
ဆူဇူကီးညီအကိုများ the Suzuki brothers က ၁၉၀၉ ခုနှစ်မှာ
Aji-no-moto (味の素, "essence of taste") ဆိုတဲ့နာမည်နဲ့
စီးပွါးဖြစ်ထုတ်လုပ်ခဲ့ပါတယ် ။

MSG ဟာ ဥရောပအချက်အပြုတ် Western cooking လောကထဲ
ဝင်ရောက်လာတဲ့အခါ , လူမျိုးရေးခွဲခြားမှုအစွဲ  anti-Asian racism အခုအခံ နဲ့
အန္တရာယ်ရှိသယောင် ပြောဆိုလာပါတယ် ။

အစားအသောက်ဝေဖန်သူ ( Food critic )
ဂျက်ဖရီ စတိုင်းဂါတင် (Jeffrey_Steingarten)က MSG ကို ကြောက်ရွံ့မှုဟာ
ဥရောပရဲ့စိတ်အခုအခံ (Western-centric mindset) ကြောင့်
ဖြစ်ပြီး MSG ဟာ အရှေ့ဖျားအချက်အပြုတ်ကဏ္ဍ ( Far Eastern cooking ) မှာ
ထင်ရှားတဲ့ ပြဿနာမရှိတာကို သိနားလည်မှု မရှိခြင်း
( lacking awareness ) ကြောင့်လို့ ဝေဖန်ခဲ့ပါတယ် ။
MSG မှာ ပြဿနာရှိတယ်ဆိုရင်
ဘာကြောင့် တရုတ်ပြည်မှာ လူတိုင်းခေါင်းမကိုက်တာလဲလို့ မေးခွန်းထုတ်ခဲ့ပါသေးတယ် ။

1995 မှာ
( Federation of American Societies for Experimental Biology (FASEB) က
( United States Food and Drug Administration (FDA) ကို
တင်သွင်းတဲ့ အစီရင်ခံစာမှာ
MSG ဟာ စားရိုးစားစဉ် ( eaten at customary levels ) မှာ
အန္တရာယ်ကင်းကြောင်း ဖေါ်ပြခဲ့ပါတယ် ။
အဝလွန်ခြင်း obesity , ပန်းနာရင်ကြပ်  asthma ဖြစ်ခြင်း တို့နဲ့လည်း မဆက်စပ်ပါဘူး ။

( Food Standards Australia New Zealand (FSANZ) က အစီရင်ခံစာက
MSG ကြောင့် ဆိုးဝါးတဲ့ ကိုယ်တွင်းထိခိုက်မှုများ မတွေ့ကြောင်း ဖေါ်ပြခဲ့ပါတယ် ။

.

ဂလူတာမိတ်များဟာ ငါး ၊ အသား ၊ ဥ ၊ ကြက်သား ဘဲသား ၊ နို့ထွက်ပစ္စည်း ၊
ပရိုတိန်းဓါတ်ကြွယ်ဝသည့် သီးနှံများ ၊ ပဲတောင့် ၊ ပဲစေ့ များနဲ့ မိခင်နို့မှာပင်
ပါဝင်နေပါတယ် ။

သြစတေးလျ / နယူးဇီလန်အစားအစာဘုတ်အဖွဲ့
( the Australia/New Zealand food board )နဲ့
ဂျပန် အန်ဂျီအိုတခု (a Japanese NGO ) တို့ တင်သွင်းထားတဲ့ အစီရင်ခံစာမှာ
၁၀၀ ဂရမ်ရှိတဲ့ စားစရာမှာ ဂလူတာမိတ် မီလီဂရမ်ပါဝင်မှုကို ဖေါ်ပြထားပါတယ် ။

ပင်လယ်မှော် Kelp: 230-3380 mg /100g
ကျောက်ပွင့် Seaweed: 550-1350 mg
ငံပြာရည် Fish sauce: 727-1383 mg
ပဲငံပြာရည် Soy sauce: 400-1700 mg
ဒိန်ခဲအမာ Parmesan cheese: 1200-1680 mg
ဒိန်ခဲ cheese: 1280 mg
ရှီတာကီ မှိုခြောက် Dried shiitake mushrooms: 1060 mg
ခရုဆီ Oyster sauce: 900 mg
လက်ဘက်ခြောက် Green tea: 220-670 mg
ငါးပါးနီ Anchovies: 630 mg
ကင်မွန်ငါးဆားနယ် Salted squid: 620 mg
ဝက်ပေါင်ကြပ်တင်ခြောက် Cured ham: 340 mg
ဆာဒင်း Sardines: 10-280 mg
ဂရိတ်ဖရု Grape juice: 258 mg
ကင်ချီ Kimchi: 240 mg
အဝါရောင်ဒိန်ခဲမာ Cheddar cheese: 180 mg
ခရမ်းချဉ်သီး Tomatoes: 140-250 mg
ခုံးကောင် Clams: 210 mg
ပဲ Peas: 200 mg
အာလူး Potatoes: 30-180 mg
ခုံးကောင် Scallops: 140-159 mg
ပြည်ကြီးငါး Squid: 20-146 mg
ကမာကောင် Oysters: 40-150 mg
ပြောင်း Corn: 70-130 mg

ဒီ စားစရာတွေဟာ ဂလူတာမိတ် ပါဝင်နေတယ်ဆိုတာ မသိဘဲ
စားသုံးနေတဲ့ အစားအစာများ ဖြစ်ပါတယ်။
ဒါတွေတော့ စားနေပြီး ဂလူတာမိတ် အချိုမှုန့် ကြောက်တယ်ဆိုတာ
ဖြစ်သင့် မဖြင့်သင့် စဉ်းစားဖို့ လိုပါတယ်။
တန် ဆေး လွန် ဘေး ဆိုတာ သဘောပေါက်ဖို့ပဲ လိုအပ်တယ် ထင်မိပါကြောင်း။

.

ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
13 May 2018

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း