' သမားတော်ဇီဝက - Venerable Doctor Jivaka Komarabhacca '

ဆေးဆရာဇီဝကသည် မြတ်စွာဘုရားရှင်လက်ထက်အခါ၌ ပေါ်ပေါက်ခဲ့သောနာမည်ကြီး ဆေးဆရာတစ်ဦးဖြစ်ခဲ့လေသည်။ သူသည် ဆေးကုသရာ၌ ကျွမ်းကျင်လိမ္မာရုံသာမက
ရတနာမြတ်သုံးပါးအားလည်း ကြည်ညိုကိုးကွယ်သူ စိတ်ထားမြင့်မြတ်သူ ဆေးဆရာဝန်ဖြစ်လေသည်။
ထိုဆေးဆရာဇီဝက ဘဝသည် မဂဓတိုင်း ရာဇဂြိုဟ်မြို့မှ အစပြုခဲ့ရ၏။ ဘဝစတင်ရရှိလာချိန်မှစ၍ ပန်းခင်းသောလမ်းကို စတင်လျှောက်လှမ်းခဲ့ရသည်မဟုတ်ပေ၊ထိုသို့မဟုတ်သော်လည်းကံကောင်းသူတစ်ယောက်ဟု ဆိုနိုင်ပေသည်။ဆေးဆရာဇီဝက ဘဝစတင်ရာကား....
အိန္ဒိယနိုင်ငံတွင်မြတ်စွာဘုရားရှင်လက်ထက်၌ထင်ရှားခဲ့သောတိုင်းကြီးတစ်ဆယ့်ခြောက်တိုင်းတွင်အပါအဝင်ဖြစ်သော မဂဓတိုင်း၏မြို့တော် ရာဇဂြိုဟ်မြို့တော်ဖြစ်၏။ ထိုရာဇဂြိုဟ်မြို့
တော်နှင့်ဝဇ္ဇီတိုင်း၏မြို့တော်ဝေသာလီမြို့တော်တို့သည် ခေတ်ပြိုင်ပေါ်ထွန်းလာခဲ့ကြသည်။
ဗိမ္ဗိသာရမင်းကြီး အုပ်ချုပ်သော ရာဇဂြိုဟ် မြို့တော်သည် စီးပွား ဓနဥစ္စာ ပြည့်စုံ ကြွယ်ဝချမ်းသာ
သကဲ့သို့ လိစ္ဆဝီမင်းသားတို့ စုပေါင်းအုပ်ချုပ်သော ဝေသာလီ မြို့တော်သည်လည်း အင်အားတောင့်
တင်းခိုင်မာသော နိုင်ငံဖြစ်သည်။ ရာဇဂြိုဟ်မြို့သည် ဂင်္ဂါမြစ်၏တောင်ဖက် ငါးယူဇနာ ဝေးကွာသော
အရပ်၌တည်ရှိပြီး ဝေသာလီမြို့ကား ဂင်္ဂါမြစ်၏ မြောက်ဖက်အရပ် သုံးယူဇနာကွာဝေးသောအရပ်၌
တည်ရှိလေသည်။ရေမြေ နယ်နိမိတ်ချင်း ဆက်စပ်နေသည့်နိုင်ငံ နှစ်ခုဖြစ်သည့်အလျှောက်
တစ်နိုင်ငံနှင့်တစ်နိုင်ငံမှာ စီးပွာဥစ္စာ ကုန်သွယ်ရောင်းဝယ်နေကြသူများလည်း အဆက်မပြတ်ရှိနေခဲ့ကြသည်။
တစ်နေ့သောအချိန်တွင် ရာဇဂြိုဟ်မြို့မှ ကုန်ရောင်းဝယ်ပြုသော ကုန်သည်ကြီးတစ်ဦးသည်
အရောင်းအဝယ်ကိစ္စဖြင့် ဝေသာလီမြို့သို့ ရောက်သွားလေသည်။ ကုန်သည်ကြီးသည် အိုးအိမ်တိုက်တာ အဆောက်အဦးများ ခမ်းနားကြီးကျယ်သော ဝေသာလီမြို့တော်ကြီးကို
မြင်ရလျှင် ရင်သပ်ရှုမော အံ့သြခဲ့ရသည်။မြို့ရိုး၊ကျုံး၊မြောင်း၊တူးမြောင်းတံတား စသည်တို့စနစ်တကျမြို့ပြအင်္ဂါရပ်များနှင့်အညီ
တည်ရှိပုံမှာ ရာဇဂြိုဟ်မြို့တော်နှင့် မထူးခြားအတူတူမျှပင်ဖြစ်
သော်လည်းခုနှစ်ထောင် ခုနှစ်ရာခုနှစ်ယောက်သော လိစ္ဆဝီမင်းသားတို့ နေထိုင်စံမြန်းရာ
နန်းပြသာဒ်ဆောင်များနှင့် စည်းဝေးတိုင်ပင်ရာ လွှတ်တော်အဆောက်အဦးမှာမူအသွင်တစ်မျိုး
ဆန်းကျယ်နေပေသည်။
ရာဇဂြိုဟ်မှကုန်သည်ကြီးသည် ထိုထက်ပို၍စိတ်ဝင်စားစရာကောင်းသော အချင်းအရာတစ်ရပ်ကိုလည်းတွေ့မြင်မိလေသည်။ ထိုအချင်းအရာကားအခြားမဟုတ်ပေ...
အမ္ဗပါလီအမည်ရှိသော ပြည့်တန်
ဆာမပင်ဖြစ်လေသည်။အမ္ဗပါလီသည် ငယ်ရွယ်နုနယ် အလှသွေးကြွယ်နေသူလေးဖြစ်ရုံမက၊အဆို
အကအနုပညာစသည်တို့ဖြင့် အမျိုးသားများ စွဲလမ်းနှစ်သက်အောင် ဆွဲဆောင်နိုင်သူလည်းဖြစ်
လေသည်။
အမ္ဗပါလီသည် ပြည့်တန်ဆာမဟုဆိုသော်လည်း သာမန်မဟုတ် ၊လီစ္ဆဝီမင်သားတို့ကိုယ်တိုင်၊
ဥယျာဉ်၊ရေကန်၊ဝင်းခြံ၊တိုက်တာ စသော အဆောင်အရောင်များဖြင့် တစ်ခမ်းတစ်နားမြှောက်စား
ပေးထားသူဖြစ်လေသည်။လိစ္ဆဝီမင်းများနှင့်၊သူဋ္ဌေးသူကြွယ်တို့အတွက် သီးသန့်ထားရှိသော၊
ပျော်တော်ဆက် အလှမယ်လေးဖြစ်သည်။သူအနုပညာဖြင့် တစ်ညတာ ပျော်ပါးလိုကြလျှင်၊
အသပြာငွေ ငါးဆယ်ပေးနိုင်မှ ပျော်ပါးခွင့်ရကြသည်။
ရာဇဂြိဟ်မြို့သားကုန်သည်ကြီးသည် ဝေသာလီမြို့၌ အရောင်အဝယ်ကိစ္စပြီးစီး၍ ရာဇဂြိုဟ်မြို့သို့
ပြန်လည်ရောက်ရှိလာသောအခါ၊ဗိမ္ဗိသာရမင်းထံဝင်ရောက်ခစားပြီး၊သူတွေ့မြင်လာခဲ့ရသော
ဝေသာလီမြို့တော်၏ ကြီးကျယ်စည်ကားပုံများကို လျှောက်ထားတင်ပြပြောဆိုပြီး ရာဇဂြိုဟ်မြို့
တော်၌လည်း၊ပြည့်တန်ဆာမတစ်ဦးထားရှိသင့်ကြောင်းတင်ပြလေသည်။ဗိမ္ဗိသာရမင်ကြီးသည်
ထိုသိုတင်ပြချက်ကိုလက်ခံ၍ မင်းမှုထမ်းတို့အား သင့်လျှော်သောအမျိုးသမီးတစ်ဦးကို ရှာဖွေခိုင်း
လေသည်။ထိုအခါ သာလာဝတီ အမည်ရှိ ငယ်ရွယ်နုပျို ပြီးအဆင်းလှ၍ အရည်အချင်းနှင့်ပြည့်စုံ
သောအမျိုးသမီးကိုရကြလေသည်။
ထို့နောက် သာလာဝတီအမျိုးသမီးအား ပြည်သူတို့က အပြာငွေနှစ်သိန်း၊မင်းကြီးက အသပြာငွေ
တစ်သိန်း ပေါင်းသုံးသိန်းကိုပေး၍ ရာဇဂြိုဟ်မြို့၏ ပြည့်တန်ဆာမယ်အဖြစ် ထားရှိကြလေသည်။
သာလာဝတီ၏တစ်ညတာ ဖျော်ဖြေမှုကို အလိုရှိသူသည် အသပြာငွေ တစ်ရာပေးရမည်ဟု
လည်းသတ်မှတ်ထားကြလေသည်။
သာလာဝတီအမျိုးသမီးသည် မကြာမြင့်မှီအချိန်တွင်ပင် ဗိမ္ဗိသာရမင်းကြီး၏သားတော်တစ်ပါးဖြစ်သော အဘယမင်းသားနှင့်ပျော်ပါး၍ ကိုယ်ဝန်ရရှိလာခဲ့လေသည်။ကိုယ်ဝန်ရင့်လာသော
အခါတွင် သာလာဝတီသည် အမျိုးသားများနှင့်အတွေ့မခံတော့ဘဲ အိမ်တွင်း၌ပင်နေလေသည်။
ဆယ်လပြည့်သောအခါ တင့်တယ်ရှု့ချင်စဖွယ်ကောင်းသော သားယောင်္ကျားလေးမွေးဖွားလာခဲ့ရာ သာလာဝတီအမျိုးသမီးသည် ကလေးနှင့် သူ၏အလုပ်သည်အဆင်မပြေဖြစ်မည်ကိုစိုးရိမ်
သောကြောင့် အလုပ်ကျွေး အမျိုးသမီးတစ်ယောက်အား သားလေးကို စွန့်ပစ်ခိုင်းလေသော်
ဗန်းငယ်တွင်ထည့်၍ လမ်းမဘေးရှိ အမှိုက်ပုံသို့သွားရောက်စွန့်ပစ်ထားလေသည်။
ထိုနေ့နံနက်စောစော အချိန်တွင် အဘယမင်းသားသည် နန်းတော်ဘုရင်မင်းမြတ်အား
အခစားဝင်ရန်ထွက်လာစဉ် လမ်းဘေးအမှိုက်ပုံအတွင်း၌၊ကျီးငှက်များဝိုင်းအုံနေသည်ကို မြင်၍ မိမိ နောက်မှလိုက်ပါလာသော မင်းချင်းယောက်ျားများကို သွားရောက်ကြည့်ရှုစေရာ
ကလေးငယ်တစ်ယောက်ဖြစ်ကြောင်းလျှောက်တင်ကြလျှင် "အသက်ရှင်ပါသေးရဲ့လား" ဟု
မေးလေသော် အသက်ရှင်နေသေးကြောင်းသိ၍ ကလေးငယ်ကိုကောက်ယူ၍၊အိမ်၌မွေး
စားထားလေသည်။"အသက်ရှင်ပါသေးရဲ့လား"ဟု မေးသည်ကိုအစွဲပြု၍ ကလေးငယ်၏
အမည်ကို "ဇီဝက"ဟု မှည့်ခေါ်ကြလေသည်။
ဇီဝကသည် အရွယ်သို့ရောက်လာခဲ့သော် မိမိ၌ မိဘများမရှိကြောင်း သိရှိလာခဲ့၏။ ထို့ကြောင့် "မိဘမဲ့ဖြစ်သောငါသည် အတတ်ပညာ တစ်ခုခုကို တတ်မြောက်မထားလျှင် အား
ကိုးအားထားပြုစရာရှိမည်မဟုတ် မည်သည့် အတတ်ပညာကို သင်ကြားထားရင် သင့်တော်
မည်နည်း" ဟုတွေးတောစဉ်းစားလေရာ မိမိဝါသနာပါသော လူအများ၏အသက်ကို ကယ်တင်နိုင်သော ဆေးအတတ်ပညာကိုသင်ကြားရန် စိတ်ဆန္ဒဖြစ်ပေါ်လာခဲ့လေသည်။
ထိုသို့စိတ်ဆန္ဒဖြစ်ပေါ်လာသည့်နေ့မှစ၍ ဇီဝကသည် ဆေးပညာကိုသင်ကြားပေးနိုင်မည့်ဆရာ
သမားကောင်းများကိုစုံစမ်းရှာဖွေနေခဲ့လေသည်။တစ်နေ့သောအခါတွင် တက္ကသိုလ်ပြည်မှရောက်လာ
ခဲ့သော ကုန်သည်များနှင့်တွေ၍ တက္ကသိုလ်ပြည်တွင် ဆေးပညာကို အထွဋ်ထိပ်ရောက်အောင်
ကျွမ်းကျင်တတ်မြောက်သော ဒိသာပါမောက္ခဆရာကြီး တစ်ဦးရှိကြောင်းစုံစမ်းသိရှိခဲ့လေသည်။
ထို့နောက် ဇီဝကသည် မိမိအားမွေးစားသော ဖခင် အဘယမင်းသားကိုပင် ပန်ကြားခြင်းမပြုဘဲ
ကုန်သည်များနှင့်အတူ တက္ကသိုလ်ပြည်သို့ ဆေးပညာ သင်ယူရန် လိုက်ပါသွားလေတော့သည်။
တက္ကသိုလ်ပြည်သို့ရောက်သောအခါ ဒိသာပါမောက္ခ ဆရာကြီးထံသို့ ချဉ်းကပ်၍ ဆေးပညာကို
သင်ကြားပေးပါရန်တောင်းပန်လေသော် ဆရာကြီးသည် အလွယ်တကူပင် လက်ခံခဲ့လေသည်။
ဇီဝကသည် ထိုအချိန်အခါမှစ၍ ဒိသာပါမောက္ခကြီးအထံ၌ ဆေးပညာအတတ်ကို ကောင်းစွာ ကြိုးစားလေ့လာ မှတ်သားသင်ယူလေသည်။
ဇီဝကသည် ပင်ကိုယ် ဥာဏ်ကောင်းသူဖြစ်၍ ကြိုး
စားလေ့လာမှုလည်းရှိသောကြောင့် ဒိသာပါမောက္ခကြီး၏ တပည့်များတွင် ပညာတော်ပြီး အထူးချွန်ဆုံးတပည့်တစ်ဦးဖြစ်လာခဲ့လေသည်။
အခြားသော တပည့်တို့သည် မင်းညီမင်းသား သူဋ္ဌေးသူကြွယ်၏ သားများဖြစ်ကြသောကြောင့်
အခကြေးငွေဖြင့် ဆရာအထံ၌ ပညာသင်ကြားကြလေသည်။
ဇီဝက မှာအခကြေးငွေမပေးနိုင်သောကြောင့် အားလပ်သည့်အချိန်များတွင် ဆရာ၏ အလုပ်ကိစ္စများစွာကို စိတ်ပါလက်ပါ အားပေးကူညီ လုပ်ကိုင်ပေးလေသည်။ထို့ကြောင့် ဆရာ နှင့်ဆရာကတော်တို့က ဇီဝကအား များစွာ
နှစ်သက်သဘောကျခဲ့လေသည်။ဆရာကြီးကလည်း ဇီဝကအား ဆေးပညာကို အထူးဂရုတစ်စိုက်
သင်ကြားပေးသောကြောင့် ခုနှစ်လအတွင်း၌ပင် ဆေးပညာကို ကျွမ်းကျင်စွာသင်ကြားတတ်မြောက်
လေသည်။ ထို့နောက် ဒိသာပါမောက္ခ ဆရာကြီးက ဇီဝကကို "တပည့် ဇီဝက ၊သင်သည် တက္ကသိုလ်
ပြည်၏ အရှေ့အရပ်တစ်ယူဇနာခွဲ၌ လှည့်လည်၍ ဆေးဖက်မဝင်သော အပင်ကိုသွား၍ရှာချေပါ" ဟု
စေခိုင်းသော် တူရွင်းကိုယူ၍ တစ်နေကုန်အောင် ဆေးဖက်မဝင်သော အပင်ကို
ရှာပါသော်လည်း ဆေးဖက်မဝင်သော သစ်ပင်ဟူ၍ တစ်ပင်မျှမတွေ့သဖြင့် ဆရာကြီးအားထို
ိုအကြောင်းကိုပြောကြားသိစေလေသည်။
ဆရာကြီးသည် နောက်တစ်နေ့ တွင်လည်း မြို့၏တောင်ဖက်အရပ် မြို့၏မြောက်ဖက် မြို့အနောက်ဖက်အရပ်များသို့လည်း ဆေးဖက်မဝင်သောအပင်ကို ရှာဖွေခိုင်းလေသည်။ဆေးဖက်မဝင်သောအပင်
တစ်ပင်မျှမတွေ့ခဲ့ကြောင်းတင်ပြပြောကြားလေသည်။ထိုအခါ ဒိသာပါမောက္ခဆရာကြီးက
"တပည့်ဇီဝက ဆေးပညာကို သင်ကောင်းစွာသင်ကြားတတ်မြောက်လေပြီ၊ဤဆေးပညာကို အမှီပြု၍ သင်သည် အသက်မွေးဝမ်းကြောင်း အမှုကို ပြုလေတော့" ဟုပြောဆို၍ ဇီဝကအား ရာဇဂြိုဟ်ပြည်သို့ ပြန်ခွင့်ပြုလိုက်လေတော့သည်။
ဇီဝကသည် ဒိသာပါမောက္ခ ဆရာကြီးပေးလိုက်သော ရိက္ခာအနည်းငယ်မျှဖြင့် တက္ကသိုလ်ပြည်ကြီးမှ ပြန်လည်ထွက်ခွာလာခဲ့ရာ သာကေတမြို့သို့ရောက်ရှိလာခဲ့လေသော
အခါ ပါလာသောရိက္ခာလည်းကုန်လေသဖြင့် မြို့တွင်း၌လှည့်လည်၍ ဆေးကုသခံလိုသောလူနာ
များကိုစုံစမ်းရှာဖွေလေသည်။
သာကေတမြို့မှ သူဋ္ဌေးကတော်တစ်ယောက်တွင် ခုနှစ် နှစ်တိုင်အောင်ခေါင်းခဲရောဂါစွဲကပ်
လျှက်ရှိရာ ငွေမြောက်များစွာအကုန်ကျခံ၍ ဆရာများစွာနှင့်ကုသပါသော်လည်း ရောဂါသည်မသက်သာဘဲရှိနေ၏။ ဇီဝကဆေးဆရာသည် ထိုသူဋ္ဌေးကတော်၏ သတင်းကိုကြားသိရသဖြင့်
ထိုအိမ်သို့သွားပြီးတံခါးစောင့်နှင့်မေးမြန်းဆွေးလေရာ၊တံခါးစောင့်ကသူဋ္ဌေးကတော်ထံသို့သွား၍ သူမ၏ရောဂါဝေဒနာကိုကုသပေးလိုသော ဆေးဆရာတစ်ယောက်ရောက်နေကြောင်းကိုပြောကြားလေသည်။ ဆရာ၏အသက်အရွယ်ကိုမေးလေသော်အသက်နှစ်ဆယ်ကျော်မျှသာရှိသေးကြောင်း
ပြောဆိုလေသော်.....
"အချင်း-တံခါးစောင့်၊ အလွန်ဝါရင့်သော သမားတော်ကြီးများပင် ငါ၏ရောဂါကို ပျောက်ကင်း
အောင်ကုသနိုင်စွမ်းမရှိကြ၊ ဒီဆေးသမားတော်အငယ်လေးဆိုရင် ဘယ်လိုပျောက်ကင်းအောင်
ကုသနိုင်မည်နည်း ငွေကုန်ရုံသာ ဖြစ်ပေလိမ့်မည်"ဟုပြောဆိုသော သူဋ္ဌေးကတော်၏စကားကို
ဆေးဆရာ ဇီဝကအားပြန်၍ပြောကြားလေ၏။
ထိုအခါဇီဝကသည် "အသက်ငယ်ခြင်း ကြီးခြင်းသည်
အဓိကမဟုတ် ပညာသာလျှင်အဓိကဖြစ်ကြောင်း ရောဂါဝေဒနာမပျောက်ကင်းလျှင်ဆေးကုခ
တစ်ပြားတစ်ချပ်မျှပင်ယူမည်မဟုတ်ကြောင်းကို "ပြောကြားပြီးဆေးကုသခွင့်တောင်းလေသော်
သူဋ္ဌေးကတော်က ကုသရန်လက်ခံလိုက်လေသည်။
ဆေးဆရာဇီဝကသည် သူဋ္ဌေးကတော် ၏အထံသို့ သွား၍ ရောဂါဝေဒနာလက္ခဏာ၏ အခြေအနေ
ကို သေချာစွာမေးများလျှက် စမ်းသပ် ကြည့်ရှုပြီးနောက် တစ်လက်ဆွမ်းမျှ အနည်းငယ်သော ထောပတ်နှင့် အစွမ်းထက်သောဆေးများကို ရောသမ၍ ကောင်းစွာကြိုချက်လေသည်။ ဆေးကျက်သော
အခါ သူဋ္ဌေးကတော်အား အိပ်ယာထက်တွင် ပက်လက်လဲလျှောင်းစေလျှက် ထိုဆေးရည်ဖြင့် နှာနှပ်
လေသည်။ ဆေးအရည်သည် နှာခေါင်းပေါက်မှ ဝင်ပြီး ပါးစပ်မှအံထွက်လေရာ သူဋ္ဌေးကတော်က
ထိုအံထွက်လာသော ထောပတ်ဖြင့်ရောသောဆေးရည်များကို အိမ်ဖော်အမျိုးသမီးအား ဝါဂွမ်းဖြင့်
တို့၍ ယူစေသော အခြင်းအရာကို ဆရာဇီဝကမြင် လေလျှင် "သူဋ္ဌေးကတော်သည် အလွန်နှမြော
တတ်ဟန်ရှိလေသည် ရောဂါပျောက်ကင်းသော်လည်း ငါ့အားဆေးဖိုးအခ ပေးမည်မဟုတ်"ဟု
စဉ်းစားတွေးတော နေသည်ကို လိမ္မာပါးနပ်သော သူဋ္ဌေးကတော် မြင်လေသော်
"ဆရာဇီဝက စိတ်မချမ်းမသာမဖြစ်ပါလေနှင့်..
ဤအံထွက်ကျလာသော ထောပတ်ဆေးများဟာ ခြေပူနာလိမ်းသုတ်ရန်ဖြစ်စေ ဆီးမီးညှိထွန်းရန်ဖြစ်စေ အသုံးဝင်လှပါသေး၏။
ဒါကြောင့်အလကားမဖြစ်သွားအောင် ဝါဂွမ်းဖတ်ဖြင့်တို့ယူစေခြင်းဖြစ်ပါသည် အကျွန်ုပ်၏ ရောဂါ ပျောက်ကင်းသော် ဆရာ၏ကျေးဇူးကို ထိုက်တန်စွာပေးဆပ်ပါမည်" ဟုပြောဆိုလေသောစကားကိုကြားသည် ရှိသော် ဆရာ ဇီဝကသည်
"ဤ သူဋ္ဌေးကတော်သည် စဉ်းစား ဆင်ဥာဏ်နှင့်ပြည့်စုံပေသည်" ဟုတွေးတောမိလေသည်။
သူဋ္ဌေးကတော်၏ ခေါင်းကိုက်(ခေါင်းခဲ)ဝေဒနာမှာ တစ်ကြိမ် နှာနှပ်လိုက်ရုံဖြင့်ပင် ပျောက်ကင်း
သက်သာသွားခဲ့လေရာ သူဋ္ဌေးကြီးနှင့်တစ်ကွ မိသားစုအားလုံး ဝမ်းမြောက်ဝမ်းသာဖြစ်ကြရလေ
သည်။ ထို့ကြောင့် ဆေးဆရာ ဇီဝကအား ဆေးဖိုးအဖြစ် သူဋ္ဌေးကြီးမှ အသပြာငွေလေးထောင်
သူဋ္ဌေးကတော် နှင့် သား ချွေးမတို့က အသပြာငွေလေးထောင်စီ ပေးကြပြီး စီးနင်းရန် မြင်းလေး ကောင်ကသော ရထားတစ်စီးနှင့် အလုပ်အကျွေးအမှုလုပ် ယောင်္ကျား မိန်းမ နှစ်ယောက်စီကိုလည်း ပေးလိုက်လေသည်။
ဆေးဆရာဇီဝကသည် ဆေးကုသ၍ရရှိသော အသပြာ တစ်သောင်းခြောက်ထောင်ကိုယူဆောင်၍ အမှုလုပ်များခြံရံလျှက် မြင်းရထားဖြင့် ရာဇဂြိုဟ်မြို့သို့ ပြန်လာခဲ့လေရာ ရာဇဂြိုဟ်မြို့သို့ရောက်လျှင် မွေးစားဖခင် အဘယမင်းသားထံသို့ ချဉ်းကပ်ပြီး "အရှင် ဖခင်မင်းသား ၊အကျွန်ုပ်ထံ၌ ယခုပါလာသော ငွေကြေးပစ္စည်းဥစ္စာတို့သည် ပထမဦးဆုံး ဆေးကု၍ ရရှိခဲ့သော ပစ္စည်းဥစ္စာများသာဖြစ်ပါသည်။ အကျွန်ုပ်အား ကျွေးမွေးစောင့်ရှောက်ခဲ့သော ကျေးဇူးအထူးကို ပေးဆပ်သောအားဖြင့် အရှင်မင်းသားအား အပ်နှင်းပါသည်၊ လက်ခံ၍ယူတော်မူပါ" ဟုပြောဆို၍လေသည်။ အဘယမင်းသားသည် ထိုပစ္စည်းဥစ္စာများကို ဆေးဆရာဇီဝအားပင် ပြန်လည်ပေးအပ်လိုက်လေသည်။
တစ်နေ့ သောအခါတွင်လည်း ဗိမ္ဗိသာမင်းကြီးတွင် မြင်းသရိုက်နာစွဲကပ်နေသောကြောင့်
သူ၏ဝတ်ဆင်သောအဝတ်များ၌ သွေးများပေကျံနေသည်ကို မြင်ကြ၍ မိဖုရားငယ်များ မောင်းမများက
ပြောင်ကျီစယ်ကြလေသောကြောင့် စိတ်မချမ်းမြေ့ဖွယ် ဖြစ်နေရလေသည်။
ထိုအခါ ဗိမ္ဗိသာရမင်းကြီးက သားတော် အဘယမင်းသားကိုခေါ်၍ သူ၏အနာရောဂါဝေဒနာ
ပျောက်ကင်းစေနိုင်သော ဆေးဝါးကောင်းများကို ရှာဖွေပြီးဆက်သရန် မိန့်ကြားလေသည်။
အဘယမင်းသားက ဆေးဆရာ ဇီဝကကို မင်းကြီးအထံ စေလွှတ်ပြီး ကုသစေရာလက်သည်း
တစ်ဖျားစာခန့်ရှိ ဆေးမှုန့်ကိုလိမ်းပေးလိုက်ရုံဖြင့်ပင် အနာရောဂါဝေဒနာ ပျောက်ကင်းသက်သာ သွားခဲ့ရလေသည်။
ဗိမ္ဗိသာရမင်းကြီးသည် ဝမ်းမြောက်ဝမ်းသာ ရှိသောကြောင့် မောင်းမငါးရာတို့ဝတ်ဆင်သော
လက်ရတနာများကို ပေးလေသော် ဆေးဆရာဇီဝကသည် လက်ခံခြင်းမပြုပဲ "အရှင်မင်းကြီး
မင်းကြီးသည် အကျွန်ုပ်၏ ဘိုးတော်ဖြစ်ပါသည် ဆေးကုသခပေးရန်မလိုပါ ကျေးဇူးကိုသာ
အစဉ်သတိရတော်မူလျှင်ကျေနပ်ပါပြီ"ဟု ပြောဆို လျှောက်တင်လေသည်။
ထိုအခါ မင်းကြီးသည် ဆေးဆရာ ဇီဝကအပေါ်၌ ပို၍ နှစ်သက်ကျေနပ်အားရတော်မူသဖြင့်
နန်းတွင်းဆေးသမားတော်ကြီးအဖြစ်ဖြင့် ခန့်အပ်ထားပြီး တစ်နှစ်လျှင်အခွန်ငွေတစ်သိန်း
ထွက်ရှိသော ရွာကြီးတစ်ရွာနှင့် သရက်ဥယျာဉ် တစ်ခုကို အပိုင်စားပေးခဲ့လေသည်။
ထိုနောက် ရာဇဂြိုဟ်မြို့၏ မြောက်ဖက်အရပ်ရှိ မြို့ငယ်တစ်မြို့မှ မဟာသာလသူဋ္ဌေးကြီး
တွင်လည်း ခေါင်ကိုက် ခေါင်းခဲရောဂါဝေဒနာစွဲကပ်ပြီး ရောဂါဝေနာ ပြင်းထန်စွာခံစား
နှိပ်စက်လေသောကြောင့် ဆေးသမားတော်များစွာကို ပင့်ဆောင်၍ ကုသပါသော်လည်း
ရောဂါဝေဒနာမှာ မသက်သာခဲ့ပေ။ အချို့သမားတော်များက"ဤသူဋ္ဌေးကြီးသည် ရောဂါ
ဝေဒနာကြောင့်၊ခုနှစ်ရက်အတွင်းသေလိမ့်မည်" နောက်ဆရာတချို့ကလည်း"ငါးရက်အတွင်း
သေလိမ့်မည်"ဟု အမျိုးမျိုးပြောဆိုနေကြသည်ကို ကြားသော သူဋ္ဌေးကြီး၏ မိတ်ဆွေတစ်ဦးက ဗိမ္ဗိသာရမင်းကြီးထံသွားရောက်၍ သမားတော်ကြီး ဆရာဇီဝကကို ပင်ခေါ်လာခဲ့ပြီးရောဂါဝေဒနာကို စမ်းသပ် ကြည့်ရှုစစ်ဆေးလေသော် "သူဋ္ဌေးကြီး၏ ရောဂါဝေဒနာ ပျောက်ကင်းလေလျှင် အကျွန်ုပ်အား ဆေးကုခ မည်မျှပေးနိုင်မည်နည်း "မေးလေ၏။ သူဋ္ဌေးကြီးကလည်း ရောဂါဝေဒနာ အလွန်နာကျင်ခံခက် နှိပ်စက်ဖိစီးလှသဖြင့် ကုသ၍ပျောက်ကင်းလျှင် "အကျွန်ုပ်မှာ ရှိသမျှ ပစ္စည်းများအားလုံးပေးပြီး အကျွန်ုပ်ကိုယ်တိုင် မိသားစုနှင့်တစ်ကွ ဆရာ့ထံမှာဆရာ၏ အမှုကိစ္စများကို ကူညီဆောင်ရွက်ပေးပါမည်"ဟု ဝန်ခံပြောကြားလေသည်။
ထိုအခါ ဆေးဆရာဇီဝကသည် စတင်ကုသလေရာ သူဋ္ဌေးကြီးအား "အိပ်ယာထက်၌ ညာဖက်သို့
စောင်း၍ ခုနှစ်လ ဘယ်ဘက်သို့ စောင်း၍ ခုနှစ်လ ပက်လက်အနေအထားအိပ်၍ ခုနှစ်လ တို့အိပ်နိုင်
ပါမည်လား"ဟုမေးမြန်းလေသော်၊ ရောဂါဝေဒနာပျောက်ကင်းသက်သာမည်ဆိုပါက "အိပ်နိုင်ပါသည်"ဆရာ ဟုဖြေကြားလေသည်။
ထိုအခါ သမားတော်ဇီဝကသည် သူဋ္ဌေးကြီးကို အိပ်ယာထက်တွင် ညာဘက်သို့ စောင်းလျှက်
အနေအထား လဲလျှောင်းခိုင်းပြီးလျှင် အိပ်ဆေးတိုက်လေသည်။ သူဋ္ဌေးကြီးအိပ်ပျော်သွားလျှင်
ဦးခေါင်းရေကိုဓားငယ်ဖြင့် ခွဲစိတ်ပြီး ဦးနှောက်အတွင်းသို့ ရောက်နေသော ပင့်ကူကောင်မျှ
အရွယ်ပမာဏရှိသော ပိုးကောင် နှစ်ကောင်ကို ထုပ်ယူ ပြသ၍ " ဤ မှာကြည့်ကြပါကုန်လော့..
ဤ ပိုးနှစ်ကောင်မှ ကြီးသေားပိုးကောင်က ဦးနှောက်ကို စားလိုက်လျှင်ငါးရက်အတွင်း ကုန်သွားပါ
လိမ့်မည်။ ငယ်သောပိုးကောင်က စားလျှင် ခုနှစ်ရက်နှင့် ကုန်သွားလိမ့်မည် ဤအကြောင်းကို သိမြင်ကြသော ဆေးဆရာများက သူဋ္ဌေးကြီးငါးရက်နှင့်သေလိမ့်မည် ခုနှစ်ရက်နှင့်သေလိမ့်မည် ဟူ၍ပြောဆိုနေကြခြင်း ဖြစ်ပါတယ် အလွန်တော်ကြတဲ့ ဆရာများဖြစ်ကြပါပေတယ်"ဟု ပြောဆို ပြသ
လေသည်ကို မြင်ကြရသူတို့သည် ဆေးဆရာ ဇီဝက၏ ပညာအစွမ်းကို အံ့သြချီးကျူး၍ မဆုံးဖြစ်ကြ
ရလေသည်။
ဆေးဆရာဇီဝကသည် သူဋ္ဌေးကြီး၏ရောဂါဝေဒနာကို ခုနှစ်ရက် သုံးပတ်ခန့်မျှဖြင့် ပျောက်ကင်းအောင် ကုသနိုင်မည်ဟု ကြိုတင်၍ သိရှိထားပြီးဖြစ်သော်လည်း ဆေးဆရာ၏စကားကို ဝေဒနာရှင်သည် ကောင်းစွာနားထောင်လိုက်နာစေရန် အတွက်သာ "ခုနှစ်လ သုံးလီ မျှအိပ်နိုင်ပါမည်နည်း "
ဟု မေးမြန်းခဲ့ခြင်း ဖြစ်လေသည်။ ရောဂါပျောက်ကင်းသွားသောအခါ သူဋ္ဌေးကြီးသည်၊ သူဝန်ခံကတိပြုခဲ့သည့်အတိုင်း၊ ရှိသမျှစည်းစိမ် ဥစ္စာများနှင့်တစ်တကွ မိသားစုအားလုံးကို ဆေးဆရာဇီဝကထံ အပ်နှံခဲ့လေသည်ကို လက်မခံပဲ သူ့အတွက် အသပြာငွေတစ်သိန်း၊နှင့် ဗိမ္ဗိသာရမင်းကြီးအတွက်အသပြာငွေ တစ်သိန်းမျှကိုသာ လက်ခံယူပြီး၊နန်းတော်သို့ ပြန်လာခဲ့လေသည်။
ထိုမှနောက်တွင်လည်း ဗာရာဏသီပြည်မှ သူဋ္ဌေးသားတစ်ယောက်သည် ကျွမ်းထိုး၍ ကစားရာ
မှ အူထုံးသည့်ရောဂါဝေဒနာ ရရှိခံစားပြီး မစားနိုင်မသောက်နိုင်ဖြစ်၍ စားလိုက်သမျှအစာအာဟာရများ သည်ဝမ်းတွင်းသို့
မရောက်ဘဲအပြင်သို့သာအန်ထွက်လာလေသည်။ ဆီး၊ဝမ်းများလည်း မသွားနိုင်သဖြင့် တစ်နေ့တစ်ခြား
အသွေးအသားများခန်းခြောက်လာပြီး ပိန်ချုံးလာခဲ့လေသည်။သူ၏ဖခင်သည် ဗာရာဏသီပြည်ရှိ ထင်ရှားသောသမားတော်များ ပင့်ဆောင်၍ ကုသပေးပါသော်လည်း
ရောဂါဝေဒနာမှာ မသက်သာဘဲ တစ်နေ့တစ်ခြား ပို၍သာ ဆိုးလာခဲ့လေသည်။ထို့ကြောင့်
သူဋ္ဌေးကြီးသည် ဗိမ္ဗိသာရမင်းကြီးအား သမားတော် ဇီဝကကို လွှတ်ပေးရန် တောင်းပန်လေသည်။
ဆေးဆရာ သမားတော်ဇီဝကသည် ဗိမ္ဗိသာရမင်းကြီး၏ အမိန့်ဖြင့် ဗာရာဏသီပြည်သို့ရောက်လာပြီး သူဋ္ဌေးသား၏ ရောဂါကို စမ်းသပ် ကြည့်ရှုစစ်ဆေးလေသည်။ ထို့နောက် မေ့ဆေးပေးပြီး
ဝမ်းဗိုက်ကို ခွဲစိတ်ကာ ထုံးနေသော အူကို ထုတ်ပြလေသည်။ထိုသို့ပြပြီးနောက် ထုံးနေသောအူကိုဖြေ၍ ဝမ်းဗိုက်အတွင်ပြန်သွင်းပြီး အပေါ်မှအရေကို ပြန်လည်ချုပ်ကာ လိမ်းဆေးဖြင့် လိမ်းပေးလေသည်။ သူဋ္ဌေးသားမှာ လေးငါးရက်ဖြင့်ပင်လူကောင်းပကတိဖြစ်လာလေသည်။
ဗာရာဏသီသူဋ္ဌေးမိသားစုသည် သားရောဂါဝေဒနာပျောက်ကင်း၍ ဝမ်းမြောက် ဝမ်းသာဖြင့် အသပြာငွေတစ်သောင်း
ခြောက်ထောင်ကိုဆေးကုခကန်တော့လိုက်လေသည်။
ရာဇဂြိုဟ်ပြည်ကိုအုပ်ချုပ်မင်းလုပ်သော ဗိမ္ဗိသာရမင်းကြီးနှင့် ဥဇ္ဇေနီပြည်ကိုအုပ်ချုပ်သောစဏ္ဍ
ပဇ္ဇောတမင်းတို့သည် မိတ်ဆွေများဖြစ်ကြလေသည်။တနေ့ သောအခါတွင် စဏ္ဍပဇ္ဇောတမင်းကြီး
မှာ စားမဝင် အိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်ဖြစ်ပေါ်လာခဲ့လေသောကြောင့် ဗိမ္ဗိသာရမင်း
ကြီးထံသဝဏ်လွှာပေးပို့၍ သမားတော်ဆရာဇီဝကကို လွှတ်၍ကုသပေးရန်ပြောကြားလာသည်။
ထိုအခါဆရာဇီဝကသည် ဗိမ္ဗိသာရမင်းကြီး၏အမိန့်ဖြင့် ဥဇ္ဇေနီပြည်သို့ရောက်လာပြီး စဏ္ဍ
ပဇ္ဇောတမင်းကြီး၏ရောဂါဝေဒနာကို စမ်းသပ်ကြည့်ရှုစစ်ဆေးလေသည်။ ရောဂါဝေဒနာ၏
အကြောင်းရင်းကိုသိရှိရသောအခါ ထောပတ်နှင့်ချက်သော ဆေးတစ်မျိုးကိုတိုက်ကျွေးရန်ပြင်ဆင်လေသည်။ ထိုအခါ စဏ္ဍပဇ္ဇောတကြီးက"အချင်း..ဇီဝက၊ငါသည် ထောပတ်နှင့် မသင့်တော်ပါ ထောပတ်မပါသော အခြားဆေးတစ်မျိုးမျိုးဖြင့်သာ ငါ၏ရောဂါဝေဒနာကို ပျောက်ကင်းအောင်ကုသပေးပါ" ဟုမိန့်ကြားသည်။ စဏ္ဍပဇ္ဇောတမင်း၏ မယ်တော်သည် အိပ်နေစဉ်အခါ
ကိုယ်ခန္ဓာပေါ်သို့တက်ရောက်လာသော ကင်းမြီးကောက်၏ အတွေ့အထိကို သာယာမိလေ
သောအခိုက်တွင်စဏ္ဍပဇ္ဇောတမင်းကို စ၍ ကိုယ်ဝန်တည်ရလာခဲ့သည်။ ကင်းမြီးကောက်၏
အဆိပ်မှာ ထောပတ်နှင့်မတည့် ဆန့်ကျင်ဖက်ဖြစ်၍ စဏ္ဍပဇ္ဇောတမင်းမှာထောပတ်က
ို အလွန်ပင်စက်ဆုပ်လေသောကြောင့် ထောပတ်နှင့်ရောသောဆေးကိုမသောက်လိုခြင်း
ဖြစ်လေသည်။
ဆရာဇီဝကသည် စဏ္ဍပဇ္ဇောတ၏ ရောဂါဝေဒနာမှာ ထောပတ်မပါဘဲ ပျောက်ကင်းနိုင်မည် မဟုတ်ကြောင်း ကောင်းစွာနားလည် သိရှိလေသောကြောင့် ထောပတ်ကို အနံ့အရသာ
ပျောက်ပျက်အောင် အဖန်အခါး စသော ဆေးအမျိုးမျိုးဖြင့်ရောစပ်ပြီးကြိုချက်၍ မင်းကြီးအား
ဆက်သတိုက်ကျွေးရန်စီစဉ်ခဲ့လေသည်။ ဆေးကို မင်းကြီးအားမဆက်သသေးမှီ သမားတော်
ဆရာဇီဝက ကမင်းကြီးအထံမှ အခွင့်အရေးတစ်ခုကိုတောင်းဆိုအနေဖြင့် "အရှင်မင်းကြီး
အကျွန်ုပ်တို့သမားတော်များမည်သည်ကား -အသုံးလိုသည့် ဆေးမြစ် ဆေးရွက်တို့ကို အချိန်မရွေး
ရှာဖွေရပါသည်။သို့အတွက်ကြောင့် ဆင်မြင်းတင်းကုပ်တို့၌ အကျွန်ုပ်အလိုရှိသောဆင်မြင်းတို့ကို
ယူစေဟူ၍လည်းကောင်း အရပ်လေးမျက်နှာတံခါးတို့မှလည်း အချိန်မရွေး ဝင်ထွက်စေဟုလည်းကောင်း အမိန့်ပေးထားတော်မူပါ" ဟုလျှောက်တင်လေသော်
စဏ္ဍပဇ္ဇောတမင်းကြီးက သမားတော်ဇီဝက တောင်းဆိုသည့်အတိုင်း ဆင်ထိန်းမြင်းထိန်းများနှင့်
အရပ်လေးမျက်နှာတံခါးစောင့်တို့အား အမိန့်ချမှတ်ထားလေသည်။ မင်းကြီးတွင်လည်း ထိုအချိန်၌ထူးရှားသော အစွမ်းသတ္တိများနှင့်ပြည့်စုံသော ခြေလျှင်(ခြေမြန်)တော် ငါးဦးရှိနေသည်းထိုခြေမြန်
တော်ငါးဦးတို့မှာ
၁။ယူဇနာငါးဆယ်ခရီးကို နေ့ချင်းပေါက် သွားနိုင်သည့် ဘဒ္ဒဝတီ ဆင်မ။
၂။ ယူဇနာ တစ်ရာခရီးကို နေ့ချင်းပေါက် သွားနိုင်သည့် နာဠာဂီရိ ဆင်ပြောင်။
၃။ယူဇနာ တစ်ရာနှစ်ဆယ် ခရီးကို နေ့ချင်းပေါက် သွားရောက်နိုင်သော စေဠကဏ္ဏ
အမည်ရှိသော မြင်း။
၎။ ယူဇနာ တစ်ရာနှစ်ဆယ်ခရီးကို နေ့ချင်းသွားရောက်နိုင်သော မုဉ္စကာသီ အမည်ရှိ
သောမြင်း။
၅။ယူဇနာခြောက်ဆယ်ခရီးကို နေ့ချင်းပေါက် ခရီးကိုသွားနိုင်သည့် ကာကအမည်ရှိသော
ခြေမြန်တော်တို့ ဖြစ်လေသည်။
စဏ္ဍပဇ္ဇောတမင်းကြီးသည် ဤသို့ ခြေမြန်တော်များကို
ပိုင်ဆိုင်ရခြင်းမှာ -
တစ်ခုသောအတိတ်ဘဝတွင် ဆွမ်းလောင်း လှူလိုသော အိမ်ရှင်တစ်ဦးအတွက် ပစ္စေက ဗုဒ္ဓါ အရှင်မြတ်၏ နောက်သို့ အပြေးလိုက်၍ သပိတ်တော်ကို ယူဆောင်
ပေးခဲ့သောကြောင့် ဖြစ်လေသည်။
သမားတော်ဆရာဇီဝကသည် ချက်ထားသောဆေးကို မင်းကြီးအား ဆက်သတိုက်
ကျွေးပြီးသည်နှင့် တစ်ပြိုင်နက် ဆင်တင်ကုပ်မှဘဒ္ဒဝတီဆင်မကို ယူဆောင်စီးနင်းကာ
ဥဇ္ဇေနီပြည်မှ အလျှင်မြန်ထွက်ခွာပြေးခဲ့လေသည်။ မင်းကြီးသည်ဆေးသောက်ပြီး
နောက် အချိန်အနည်းငယ်ကြာသော် လေတက်သဖြင့် ဆေးတွင် ထောပတ်နံ့ကိုရ၍
ထောပတ်ပါမှန်းသိရှိသွားခဲ့ရာ လွန်စွာစိတ်ဆိုးဒေါသထွက်ပြီး ဆေးသမားတော်ဇီဝက
ကို ချက်ချင်း ခေါ်ဆောင်ခိုင်းလေသည်။ ဆရာဇီဝကသည် ဘဒ္ဒဝတီဆင်မကိုစီးပြီး
မြို့တော်မှထွက်ခွာသွားကြောင်းသိရှိလေလျှင် ကာက အမည်ရှိခြေမြန်တော် အား
ဆရာဇီဝက၏နောက်သို့အမှီအမြန်လိုက်၍ ခေါ်ခိုင်းလေသည်။
ကာကအမည်ရှိခြေမြန်တော်သည် ဆရာဇီဝက၏နောက်သို့ မနားတမ်းအမြန်
လိုက်သွားခဲ့လေရာ ကောသမ္ဗီပြည်၏ အနီးတွင်နံနက်စာစားရန် ပြင်ဆင်နေသော
ဆရာဇီဝကကို မှီလေတော့သည်။ ထိုအခါ ခြေမြန်တော်က "ဆရာဇီဝက၊ မင်းကြီး၏
အမိန့်ဖြင့် ဆရာနောက်သို့ လိုက်လာရခြင်းဖြစ်ပါတယ် အမြန်ပြန်ပြီး လိုက်ခဲ့ပါ"ဟုဆိုလျှက် ဆရာဇီဝက၏လက်ကို ဆွဲ၍ခေါ်လေသည်။
"အမောင်...ကာက ခဏမျှစောင့်ပါဦး ငါနံနက်စာစားပါဦးမည် ၊သင်လည်းအဝေး
မှလာရ၍ ဆာနေမည် စားပါလေဦး"ဟု ဆရာဇီဝက ကဖိတ်ခေါ်လေလျှင် တစ်မနက်လုံး
မနားတမ်းခရီးနှင်လာခဲ့လေရာ မောပန်းဆာလောင်မွတ်သိပ်နေသောကြောင့် စားချင်
နေပါသော်လည်း ၊မင်းကြီးက ဇီဝက "အစာကျွေးလျှင် မစားပါနှင့်"ဟု မှာကြားလိုက်
သောကြောင့် မစားလိုကြောင်း ပြန်၍ပြောလေသည်။ ဆရာဇီဝကသည် ထမင်းစားပြီးသော
အခါ လက်လည်းခွန် အကြားတွင် ဆေးမှုန့်အနည်းငယ်မျှထည့်ထား၍ ထိုဆေးနှင့်အတူ
သျှိသျှားသီး တစ်ခြမ်းကိုစားပြီးရေသောက်လေသည်။ ကျန်သောတစ်ခြမ်းကို ခြေမြန်တော်
ကာက အားပေးလေသော် ကာကလည်း"ဆရာဇီဝက ကိုယ်တိုင်ပင် ထက်ဝက်စားပြီး၍
မိမိစားလျှင်လည်း ဘာမျှအန္တရာယ်မရှိတန်ရာ"ဟု စဉ်းစားလျှက် သျှိသျှားသီးတစ်ခြမ်းကို
စားပြီးရေသောက်လေသည်။ စားသောက်ခြင်းကိစ္စများပြီးစီးပြီး ပြန်ကြရန် ပြင်ဆင်ကြသောအခါ ကာကမှာ ရုတ်တရက်ဗိုက်နာလာပြီး ဝမ်းအကြီိးကျယ် သွားလေတော့သည်။
ထိုအခါ "ဆရာ အကျွနု်ပ်အားကယ်ပါဦး" ဟုဆိုလာသဖြင့် ဆရာဇီဝကသည် ဆေးတိုက်လေရာ
ချက်ချင်းပင် ဝမ်းဗိုက်နာ ကျောက်ကင်းသွားလေသည်။
ထို့နောက် ဆရာဇီဝက က "အမောင်..ကာက..သင်တို့၏မင်းကြီးသည်အလွန် ရက်စက်ကြမ်းကြုပ်လေသည်။ အကယ်၍ ငါပြန်လိုက်လေလျှင် သူ့ကိုထောပတ်နှင့်ရောသောဆေးကို
တိုက်သည့်အတွက် နှိပ်စက်သတ်ဖြတ်လိမ့်မည် ငါပြန်မလိုက်ဝံ့ပါ၊"ဘဒ္ဒဝတီ ဆင်မကို ယူ၍
သင်သာပြန်ပါ"ဟုဆို၍ ချော့မော့ပြီး ကာကအား ပြန်လွှတ်လိုက်လေသည်။
ရာဇဂြိုလ်သို့ပြန်ရောက်လေလျှင် ဆရာဇီဝကသည် ဗိမ္ဗိသာရမင်းကြီိးအား အကြောင်းစုံကို
လျှောက်တင်လေလျှင်" အချင်း..ဇီဝက.. သင်ဤသို့ပြန်လာခဲ့သည်မှာ အလွန်သင့်လျှော်ပါ
ပေသည် အကယ်၍ ပြန်မလာလျှင် သင့်ကိုညှဉ်းဆဲသတ်ဖြတ်ပေလိမ့်မည်ဟု မိန့်လေသည်။
စဏ္ဍပဇ္ဇောတမင်းကြီးသည် သူ့အား ထောပတ်နှင့်ရောစပ်သော ဆေးတိုက်ကျွေးခဲ့သည့်
အတွက် အခိုက်အတန့်အားဖြင့် ဆရာဇီဝကအပေါ် စိတ်ဆိုး အမျက်ထွက်ခေဲ့သော်လည်း
ရောဂါပျောက်ကင်းသက်သာသွားသောအခါတွင် အမျက်ဒေါသလည်းပြေသွားခဲ့ရ၏။
ထို့ကြောင့် "ဆရာဇီဝကကို ပူဇော် ကန်တော့လိုပါသည် အကျွန်ုပ်ထံသို့ ကြွခဲ့ပါ"ဟု
တမန်စေလွှတ်၍ ဖိတ်ခေါ်ပါသော်လည်း ဆရာဇီဝက က "အရှင်.မင်းကြီး ကျေးဇူးကိုသာ အောက်မေ့တော်မူပါ အကျွန်ုပ်မလာလိုတော့ပါ" ဟုစကားပြန်ပါး၍ ပြောဆိုလိုက်
သောအခါ စဏ္ဍပဇ္ဇောတမင်းကြီးသည် အဖိုးတစ်သိန်းထိုက်သော သိဝိတိုင်းဖြစ် အဝတ်
တစုံကို ဆရာဇီဝက အထံသို့ ပို့ပေးလိုက်လေသည်။ထိုဝတ်စုံကိုလည်း ဝတ်ရုံသုံးစွဲခြင်းမပြုဘဲ သိမ်းဆည်းထားလေသည်။
အခါတစ်ပါးတွင် မြတ်စွာဘုရားရှင်တွင် စမြင်းဒေါသဖြစ်များပြီး ကိုယ်လက်မအီမသာဖြစ်
နေတော်မူသောကြောင့် ဝမ်းနှုတ်ဆေးသောက်လိုကြောင်း ရှင်အာနန္ဒာအား မိန့်တော်မူလေ၏။
ရှင်အာနန္ဒာသည် သမားတော်ဇီဝကအိမ်သို့ကြွသွား၍ အကြောင်းကိုမိန့်ကြားသိစေလေသော်
သမားတော်ဇီဝက က "အရှင်ဘုရား- မြတ်စွာဘုရားရှင်အား ဝမ်းနူးစေရန် သုံးရက်တိတိ
ဆီနှင့်ရော၍ ဆွမ်းဆက်ကပ်ပါ လေးရက်မြောက်သောနေ့တွင် တပည့်တော်လာ၍ ဆေးဆက်ကပ်ပါမည်"ဟုလျှောက်ထားလေ၏။
ရှင်အာနန္ဒာသည်သမားတော်ဇီဝက လျှောက်တင်လိုက်သည့်အတိုင်း မြတ်စွာဘုရားရှင်အား ဆီနှင့်ရောသောဆွမ်းကို သုံးရက်တိတိ ဆက်ကပ်လေသည်။ သမားတော်ဇီဝကသည်" မြတ်စွာဘုရားရှင်အားကြမ်းတမ်းသောဆေးဖြင့် ဝမ်းလျှောစေရန်
မသင့် သိမ်မွေ့သောဆေးကိုသာ ဆက်ကပ်ပါအံ့"ဟု ကြံ၍ လေးရက်မြောက်သောနေ့တွင် ဆေးဖြင့်
ထုံအပ်သောကြာလက်သုံးလက်ကို ကျောင်းတော်သို့ယူလာ၍ မြတ်စွာဘုရားရှင်အားဆက်ကပ်ပြီး
"အရှင်မြတ်ဘုရား -ပထမကြာလက်ကိုသုံးကြိမ်နမ်းလျှင် ကြမ်းတမ်းသောစမြင်းဒေါသများ ဆယ်ကြိမ်
သက်ပါလိမ့်မည်။ တတိယကြာလက်ကိုသုံးကြိမ်နမ်းလျှင် နူးညံ့သော စမြင်းဒေါသများဆယ်ကြိမ်
သက်ပါလိမ့်မည် "ဟုလျှောက်ထားလေသည်။
မြတ်စွာဘုရားရှင်ထံမှပြန်လာသော ဇီဝကသည် ကျောင်းပရဝုဏ်၏အပြင်ဘက်သို့ရောက်သော
အခါ မြတ်စွာဘုရားရှင်အားကပ်လှူထားခဲ့သော ကြာသုံးလက်တွင် တတိယကြာလက်၌ ဆေးတစ်မျိုး
လျှော့နေသောကြောင့် မြတ်စွာဘုရားရှင်သည် နှစ်ဆယ့်ကိုးကြိမ်သာ ဝမ်းသက်မည်ဖြစ်ကြောင်း
စဉ်းစားမိသော်လည်း "အကယ်၍ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် ရေချိုးလိုက်ပါလျှင် အကြိမ်သုံးဆယ်အထိပင် ဝမ်းသက်ပါလိမ့်မည်"ဟူ၍ စဉ်းစာမိပြန်သောကြောင့် မြတ်စွာဘုရားရှင်အထံ ပြန်လည်လျှောက်ထားခြင်း မပြုတော့ဘဲအိမ်သို့ပြန်လာခဲ့လေသည်။
မြတ်စွာဘုရားရှင်သည် သမားတော်ဇီဝက၏ အကြံစည်ကိုသိတော်မူလေသောကြောင့်ဝမ်းလျှော
သက်၍ နှစ်ဆယ့်ကိုးကြိမ် စေ့သောအခါ ရှင်အာနန္ဒာအား ရေနွေးကိုစီရင်စေပြီးလျှင် ရေသပ္ပါယ်
ချိုးလိုက်လေရာအကြိမ်သုံးဆယ်တိတိပင် ဝမ်းလျှောသက်သွားလေသည်။ နောက်တစ်နေ့ နံနက်
စောစောတွင်သမားတော်ဇီဝကသည် ယာဂုကိုစီရင်၍ ကျောင်းတော်သို့ယူလာပြီးမြတ်စွာဘုရား
ရှင်အား"အရှင်ဘုရား တပည့်တော်လျှောက်ထားသည့်အတိုင်း ဝမ်းသက်လျှောပါရဲ့လားဘုရား"
ဟုလျှောက်လေလျှင်မြတ်စွာဘုရားရှင်က အကြိမ်သုံးဆယ်အထိပင်ဝမ်းလျှောသက်ခဲ့ကြောင်း
မိန့်ကြားတော်မူခဲ့လေသည်။ သမားတော်ဇီဝကသည် မိမိယူဆောင်လာခဲ့သော ယာဂုကို မြတ်စွာ
ဘုရားရှင်အားဆက်ကပ်ပြီးနောက် မကြာသော အချိန်တွင် အရှင်မောဂ္ဂလာန် မထေရ်မြတ်က
လည်းသောဏသူဋ္ဌေးသား၏ အိမ်မှ မွန်မြတ်သော ဆွမ်းတို့ကိုခံယူလာခဲ့ပြီး မြတ်စွာဘုရားရှင်
အားဆက်ကပ်လေသည်။
ဝေဒနာရောဂါ ကင်းစင်နေ၍ ကြည်လင်နေသော မြတ်စွာဘုရားရှင်ကို ဖူးတွေ့လိုက်ရသော
သမားတော်ဇီဝကသည် လွန်စွာကြည်ညိုမှုများ ဖြစ်ပေါ်လာပြီး စဏ္ဍပဇ္ဇောတမင်းမင်းကြီးထံမှ
ရရှိထားသော ဝတ်စုံကို မြတ်စွာဘုရားရှင်အား လှူဒါန်းလိုက်လေသည်။
" မြတ်စွာဘုရား..ဤဝတ်စုံသည် ဥဇ္ဇေနီပြည့်ရှင် စဏ္ဍပဇ္ဇောမင်ထံမှရရှိခဲ့ပြီး တပည့်တော်အား
ချီးမြောက်သောအားဖြင့် အလှူခံယူတော်မူပါ အရှင်မြတ်ဘုရား၏ တပည့်သံဃာတော်တို့မှာ
လည်း ပံ့သကူသင်္ကန်းကိုသာဆောင်ရသဖြင့် ဆင်းရဲပင်ပန်းကြပါသည် ထို့ကြောင့် ဒါယကာ
တို့လှူဒါန်းသည့် အဝတ်သင်္ကန်းကို ခံယူသုံးစွဲခွင့်ပြုတော်မူမှသာ လူဒါယကာများလည်း ကုသိုလ်ပွားခွင့် ရကြပါလိမ့်မည်"ဟု လျှောက်ထားလေသည်။ထိုသို့ သမားတော်ဇီဝကလျှောက်ထား
တောင်းပန်ချက်အရ မြတ်စွာဘုရားရှင်သည် ရဟန်းတော်တို့အား လူဒါယကာတို့ လှူဒါန်းသည့်
အဝတ်သင်္ကန်းကို အလှူခံယူသုံးစွဲရန် ခွင့်ပြုတော်မူခဲ့လေသည်။ထိုသတင်းကိုကြားရသော
ရာဇဂြိုဟ်မြို့သူမြို့သားတို့သည် ဝမ်းမြောက်ဝမ်းသာဖြင့် များစွာသော အဝတ်သင်္ကန်းတို့ကို လှူဒါန်းကြလေသည်။
တစ်နေ့ သောအခါတွင် မြတ်စွာဘုရားရှင်အား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေသော
ဒေဝဒတ်သည် ဂိဇ္ဈကုဋ်တောင်ခြေတွင် မြတ်စွာဘုရားရှင် စင်္ကြံကြွနေစဉ် တောင်ထိပ်ပေါ်
နေ၍ ကျောက်တုံးကြီးတစ်ခုကို လိမ့်ချလိုက်ရာလမ်းခုလပ်ကြားတွင် ကျောက်ဆောင်
တစ်ခုနှင့် ခံနေ၍ ထိုကျောက်တုံးချင်း ထိခိုက်ရာမှ ပဲ့ထွက်လာသော ကျောက်တုံးစတစ်ခုက မြတ်စွာဘုရားရှင်၏ ခြေတစ်ထဖက်ပေါ်သို့ ကျရောက်လာသောကြောင့်ခြေမတော် ကွဲသွားကာ ဒဏ်ရာအနည်းငယ်ရရှိသွားလေသည်။
ထိုအကြောင်းကိုကြားသိကြသော ရဟန်းသံဃာတို့သည် မြတ်စွာဘုရားရှင်ထံ
စုဝေးရောက်ရှိလာခဲ့ကြပြီး မဒ္ဒကု စ္ဆိအရပ်သို့ ပင့်ဆောင်သွားကြပြီး ထိုမှတစ်ဆင့်
မြတ်စွာဘုရားရှင်သည် တောင်ခြေရှိ ဇီဝက၏ သရက်ဥယျာဉ်သို့ဆက်လက်ကြွသွားတော်
မူလေသည်။ သမားတော်ဇီဝကသည် ထိုသရက်ဥယျာဉ်၌ မြတ်စွာဘုရားရှင်အား ကျောင်း
ဆောက်လုပ် လှူဒါန်းထားလေသည်။ မြတ်စွာဘုရားရှင်၏ခြေမတော်တစ်ဖက်၌ ဒဏ်ရာ
ရရှိကြောင်းသိလျှင် သမားတော်ဇီဝကသည် ကျောင်းတော်သို့ ချက်ချင်းရောက်ရှိလာပြီး အနာကို
ဆေးလိမ်း၍ပတ်စီးစည်းပေးလေသည်။
"ဤ ဆေးပတ်တီးကို ညနေမှ တပည့်တော် လာရောက်ဖြေပေးပါမည် ဘုရား"ဟု လျှောက်ထားခဲ့ပြီး မြို့ထဲသို့ပြန်သွားခဲ့လေသည်။ သမားတော်ဇီဝကသည် ညနေချမ်းရောက်သောအခါ လူနာတစ်ဦးကို ကြည့်ရှုကုသနေစဉ် မိုးချုပ်သွားပြီး မြို့တံခါးပိတ်သွားကြောင့် ကျောင်းတော်သို့ မသွားနိုင်ဘဲဖြစ်ခဲ့ရလေသည်။
ထိုအခါ သမားတော်ဇီဝကသည်
"မြတ်စွာဘုရားရှင်အား ငါစည်းပေးထားခဲ့သော ဆေးပတ်တီးကား ပြင်းသောဆေးဖြစ်၍ ဆေးပတ်
တီးကိုယနေ့ည မဖြေခဲ့လျှင် မြတ်စွာဘုရားရှင် တစ်ညလုံး ပြင်းစွာ ပူလောင်သော ဝေဒနာကို ခံစား
နေတော်မူပေလိမ့်မည်"ဟု တွေးတောစိုးရိမ်နေမိသည်ကို မြတ်စွာဘုရားရှင်သိတော်မူသောကြောင့်
ထိုနေ့ညမှာပင် ရှင်အာနန္ဒာအား အနာမှ ဆေးပတ်တီးကို ဖြေခိုင်းတော်မူခဲ့လေသည်။
သမားတော်ဇီဝကသည် နောက်တစ်နေ့ နံနက်အိပ်ယာမှထလျှင်ထချင်းပင် ကျောင်းတော်သို့
ရောက်ရှိလာပြီး"အရှင်ဘုရား-ညတုန်းက အနာမှသိပ်ပူလောင်နေပါသလားဘုရား" မြတ်စွာဘုရားရှင်အား လျှောက်ထားမေးမြန်းလေရာ မြတ်စွာဘုရားရှင်က"ငါဘုရားမှာ ပူလောင်မှုအားလုံး ဗောဓိမဏ္ဍိုင်၌ပင် အေးငြိမ်းခဲ့လေပြီ"ဟု မိန့်ကြားတော်မူခဲ့ပြီး
"အကြင်ပုဂ္ဂိုလ်သည် သံသရာခရီးဆုံးသို့ရောက်ပြီး ဖြစ်၏။
ကင်းသောစိုးရိမ်မှုရှိ၏။ ခန္ဓာ အာယတန စသော တရား အားလုံးတို့၌စွဲလမ်းမှုမှ လွတ်မြောက်ပြီးဖြစ်၏။ အနှောင်အဖွဲ့အားလုံးကို ပယ်ခွာပြီးဖြစ်၏။
ထိုပုဂ္ဂိုအား ပူလောင်မှု မရှိတော့ပေ" ဟူသော တရားဒေသနာတော်ကို ဟောကြားတော်မူလေသည်။
ဆရာဇီဝကသည် ဆေးကုခြင်းအရာ၌ အလွန်ကျော်စော သဖြင့် မအားမလပ်နိုင်အောင်ရှိသည်။ သို့သော် ဘုရားရှင်နှင့် သံဃာတော်တို့အား ပြုမြဲသောဝတ်ကို မပျက်ခဲ့ချေ။ ဆရာဇီဝက ထံ ဆေးဝါးကုသလိုသော်လည်း၊ ဆေးဖိုးကြေးငွေမတတ်နိုင် သော သူတို့သည် ဆေးကုသခံလိုမှုကြောင့် သာသနာ့ဘောင်သို့ ဝင်၍ ရဟန်းပြုကြသည်။ ထိုသို့ဆေးကုသခံလိုမှု သက်သက်ကြောင့်သာသနာ့ဘောင်သို့ဝင်ကြသည်ကို ဇီဝကသိရှိသည်တွင် အနာကြီးငါးမျိုးစွဲကပ်သူတို့အား ရဟန်းပြုခြင်းမှ တားမြစ်ပေး ရန် ဘုရားရှင်အားလျှောက်ထား၏။ ဘုရားရှင်လည်း ပညတ် တော်မူ၏။
ဘုရားရှင်၏ တပည့်သားအပေါင်းတွင် ဇီဝကသည် လူ ချစ်လူခင် အပေါများဆုံး၊ ကြည်ညိုသူ အများဆုံးဖြစ်သဖြင့် 'ကုလပ္ပသာဒက'တည်းဟူသော ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းရလေသည်။
_
( အရဟန္တဝဂ်၊ ၁-ဇီဝက ပဉ္စဝတ္ထု ၊ စူဠဝဂ္ဂပါဠိ -ဇီဝကဝတ္ထု ။)
http://saengthai.org/?p=507

Comments
Post a Comment