Bedwetting ( အိပ်ယာထဲမှာ ဆီးသွားချခြင်း )
' Bedwetting ( အိပ်ယာထဲမှာ ဆီးသွားချခြင်း )
'
ခလေးငယ်များမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတခု ဖြစ်ပါတယ် ။
ခလေးအသက် ၆ နှစ်ထိ အိပ်ယာထဲ ဆီးသွားတုန်းပဲဆိုရင်တော့
ဒါဟာ သာမန်ဖြစ်စဉ်တခု မဟုတ်တော့ပါဘူး ။
အိပ်ယာထဲ ဆီးသွားတာဟာ ခလေးက ထရမှာ ပျင်းလို့ မဟုတ်ပါဘူး ။
ဆီးအိမ် သေးငယ်နေတာမျိုး ၊ ဆီးအိမ် ဖွင့်ဖြိုးမှု နှေးကွေးတာမျိုး ၊
ဆီးအများကြီး အဖြစ်မြန်တာမျိုး ၊ ဆီးလမ်းကြောင်း ပိုးဝင်တာမျိုး ၊
ရေရှည် ၀မ်းချုပ်တာမျိုး ၊ စိတ်ဖိစီးမှု များတာမျိုး နဲ့
ဟိုမုန်း ကမောက်ကမ ဖြစ်တာမျိုးတွေ ရှိနေတတ်ပါတယ် ။
တချို့ ခလေးက ကုလားသေ ကုလားမော အိပ်ပျော်တတ်တာကြောင့်
ဆီးအိမ်တင်းလို့ အချက်ပြနေတာကို ကို ဦးနှောက်က မသိတာလဲ ရှိပါတယ် ။
အများစုမှာ မျိုးရိုးလိုက်တာလည်း ဖြစ်တတ်ပါတယ် ။
.
ခလေး အသက်ရလာတဲ့အခါ ၊ အိပ်ယာထဲ ဆီးသွားတဲ့ ပြဿနာက
ခလေးအတွက် အရှက်ရစေပါတယ် ။ ညအိပ်ညဥ့်နေ ခရီးသွားရတာမျိုးက
ခလေးအတွက် စိတ်အနှောက်အယှက် ဖြစ်စေပါတယ် ။
.
ခလေးတွေကို ကူညီဖို့ လွယ်ကူတဲ့ အိမ်တွင်း ကုထုံးလေးတွေ ပြောပြပါမယ် ။
.
1. Cinnamon ( သစ်ကြံပိုးခေါက် )
~ သစ်ကြံပိုးခေါက် အနည်းငယ်လောက်ကို တနေ့ တကြိမ်လောက်
သေသေချာချာ ၀ါးပြီး စားခိုင်းပါ ။
~ ဒါမှ မဟုတ် အမှုန့် ပြုလုပ် ၊ ပေါင်မုန့် မီးကင်ထောပတ်သုတ်ပေါ်
သကြားနဲ့ ရော ဖြူးပြီး နံနက်စာအဖြစ် ကြွေးပါ ။
( ပျောက်ကင်းသည်ထိ )
.
2. Indian Gooseberry ( ကုလားဇီးဖြူ )
~ အစေ့ထုတ်ပြီး ချေ ၊ ပျားရည် ၁ဇွန်းရော ၊ နံနွင်းလေး နည်းနည်းထဲ့ ၊
မနက်တိုင်း တဇွန်း တိုက်ပေးပါ ။
~ နောက်တနည်းက အနှစ်ဖြစ်အောင်ချေပြီး ၊ ငရုတ်ကောင်းမှုန့် လေး
နည်းနည်းထဲ့ ၊ မနက်တိုင်း ၁ဇွန်း တိုက်ပေးပါ ။
( ပျောက်ကင်းသည်ထိ )
.
3. Massage ( နှိပ်နယ်ခြင်း )
သံလွင်ဆီ နည်းနည်းလောက်ကို နွေးနွေးလေးအပူပေး ၊
ခလေး ချက်အောက်ပိုင်း ဗိုက်တပြင်လုံးကို မိနစ်အနည်းငယ်
ညင်ညင်သာသာ ပွတ်သပ် ထိနှိပ်ပေးပါ ။
( ပျောက်ကင်းသည်ထိ )
.
4. Cranberry Juice ( ခရင်ဘယ်ရီ ဖျော်ရည် )
လတ်လတ်ဆတ်ဆတ် ခရင်ဘယ်ရီဖော်ရည် ၁ခွက်ကို အိပ်ယာမ၀င်မီ
တိုက်ကျွေးပါ ။
ရက်ပတ် အနည်းငယ်ကြာ တိုက်ကျွေးပါ ။
ဆီးရောဂါ ရှိနေသည့် ခလေးဆိုလျှင် ခွက်တ၀က် တနေ့ ၃ကြိမ် တိုက်ပါ ။
.
5. Walnuts and Raisins ( သစ်ကြားသီး ၊ စပျစ်သီးခြောက် )
~ ညအိပ်ယာဝင်မှာ သစ်ကြားသီး ၂လုံး ၊ စပျစ်သီးခြောက် ၅လုံး
ကျွေးပါ ။
ထူးခြားသည်ထိ ရက်ပတ် အနည်းငယ် ကြာအောင် ကျွေးပါ ။
.
6. Honey ( ပျားရည် )
~ အိပ်ယာဝင် ပျားရည် ၁ဇွန်း တိုက်ကျွေးပါ ။
~ နောက်တနည်းက ၊ မနက်စာအဖြစ် နွားနို့ မှာ ပျားရည် ၁ဇွန်း ထဲ့မွှေ
၍ တိုက်ကျွေးပါ ။
~ နောက်တနည်းက ၊ ပန်းသီး ရှာလကာရေ ( apple cider vinegar )
၂ဇွန်း ၊ ပျားရည် ၁ဇွန်း ကို ရေ တဖန်ခွက်မှာ ရောမွှေ၍ တိုက်ပါ ။
ထမင်းကျွေးပြီးတိုင်း တိုက်နိုင်ပါသည် ။
.
8. Mustard Seeds ( မုန်ညင်းနက်စေ့ )
မုန့်ညင်းစေ့နက် အမှုန့် ဇွန်းတ၀က်ကို နွားနို့ နွေးနွေးတွင် မွှေပြီး
တိုက်ကျွေးပါ ။
နံနက်တကြီမ် ၊ အိပ်ယာဝင် တကြိမ် တိုက်နိုင်ပါသည် ။
.
9. Jaggery ( ထန်းလျက်ခဲ )
~ မနက်တိုင် နို့တခွက်တိုက်ရင်း ထန်းလျက်ခဲတလုံး ကျွေးပါ ။
~ တနာရီ အကြာ မှာ နံနံစေ့လှော် ၊ နှမ်းလှော် ၁ဇွန်းစီရော ၊ ဆား နည်းနည်း
နဲ့ ကျွေးပါ ။
~ နေ့စဉ် ၂လလောက် ကျွေးပါ ။
.
သိစရာလေးများက
.
~ ခလေးဟာ ပူပင်သောက ၊ ဖိစီးမှု ဖြစ်ရရှာပါတယ် ။
ဒါကြောင့် အပြစ်မတင်ပါနဲ့ ၊ အပြစ်မပေးပါနဲ့ ၊ အပြစ် မပြောပါနဲ့ ။
ကြင်ကြင်နာနာ ဆက်ဆံပြောဆိုပါ ။
~ အိပ်ယာမ၀င်ခင် ဆီးသွားဖို့ အားပေးပါ ။
~ ညမီး ထွန်းထားပါ ၊ ခလေး အိမ်သာ ထသွားရဲအောင်ပါ ။
~ အိပ်ယာထဲ ဆီးမသွားတဲ့ အခါတိုင်း ချီးမွမ်းပါ ၊ ဆုပေးပါ ။
~ မနက် နဲ့ နေ့ လည်ပိုင်းတွေမှာ အရည်အမျိုးမျိုး သောက်ခွင့်ပြုပါ ။
ည မအိပ်ခင်တော့ သတ်မှတ်ပေးပါ ။
~ မအိပ်မီ ကဖင်းပါသည့် ဖော်ရည် ၊ ချော့ကလက်ပူပူ မသောက်ပါစေနဲ့ ။
~ ဒီပြဿနာက နေ့ချင်းညချင်း ဖြေရှင်းလို့ မရတာမို့ မိဘက
စိတ်ရှည်ရပါမယ် ။
.
လူကြီးတွေလည်း ည အိပ်နေရင် ဆီးအိမ် တအားတင်းလာတဲ့အခါ
အိမ်သာရှာတဲ့ အိပ်မက် မက်သလိုလိုနဲ့ ၊ အိမ်သာရောက်တယ် ထင်ပြီး
အိပ်ယာထဲ ဆီးသွားတတ်ကြပါတယ် ။
အိပ်ယာဝင် အရည် လျော့သောက်ဖို့ ပါပဲ ။
.
ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
24/4/2016
(#credit_Dr_Myint_Thein)

Comments
Post a Comment