'' ဂျပန်ဦးနှောက်ရောင်ရောဂါ ''᠌᠌᠌ ᠌᠌
'' ဂျပန်ဦးနှောက်ရောင်ရောဂါ ''᠌᠌᠌ ᠌᠌
- ဂျပန်ဦးနှောက်ရောင် ရောဂါသည် JE ဗိုင်းရပ်စ်ပိုး သယ်ဆောင်သော ကျူးလက်ခြင်မျိုး ကိုက်ခြင်းကြောင့် ဖြစ်ပွားခြင်း ဖြစ်သည်။
- မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ အပါအဝင် ကမ္ဘာတွင် ၂၄ နိုင်ငံ ဖြစ်ပွားနေပြီး ၂ဝ၁၃ ခုနှစ်တွင် ၇ဝ,ဝဝဝ ခန့် ဖြစ်ပွားပြီး ၃ဝ ရာခိုင်နှုန်း သေဆုံးခဲ့သည်။ ဂျပန်ဦးနှောက်ရောင် ရောဂါသည် အသက်အရွယ် မရွေး၊ ကျား-မ မရွေး ကူးစက်ဖြစ်ပွားပြီး တစ်နှစ်ပတ်လုံး ကူးစက် ဖြစ်ပွားနိုင်သည်။ အထူးသဖြင့် မိုးတွင်းကာလ (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ)လများတွင် အဖြစ်များသည်။
- လူတွင် ကူးစက်ခံရသူ ၂၅ဝ ဦးအနက် တစ်ဦးသာ ဦးနှောက်ရောင် လက္ခဏာ ဖြစ်ပြီး ကျန်လူနာများမှာ သာမန် တုပ်ကွေး ကဲ့သို့ပင် လက္ခဏာ ပြသည်။ ဦးနှောက်ရောင် လက္ခဏာရှိသူ သုံးဦးအနက် တစ်ဦးခန့် သေဆုံးနိုင်သည်။ အသက် မသေဘဲ ပြန်လည် ကောင်းမွန်လာသော လူနာ၏ ၃ဝ ရာခိုင်နှုန်းခန့်မှာ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုခု ချို့ယွင်းမှုနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပေါ်နိုင်သည်။
- ၎င်းရောဂါပိုးသည် ဝက်၊ ငှက်၊ ဘဲ၊ ခို၊ လင်းနို့ စသည်တို့၏ ခန္ဓာကိုယ်ထဲတွင် ပွားများတတ်သည်။ ထို့ကြောင့် ၎င်းတို့နှင့် နီးကပ်စွာ နေထိုင်သော လူများတွင် အဖြစ်များလေ့ ရှိသည်။ ယင်းကျူးလက်ခြင်သည် လယ်ကွင်းများထဲတွင် အဓိက ပေါက်ပွားလေ့ ရှိသည်။ တိရစ္ဆာန်သွေးကို ပိုကြိုက်သည့်အတွက် မြင်း၊ ကျွဲ၊ နွားတို့နှင့် နီးကပ်စွာ နေထိုင်သော သူများနှင့် လယ်ကွင်းဘေးတွင် နေထိုင်သူများတွင် တစ်ခါတစ်ရံ ကူးစက် ခံရတတ်ပါသည်။
- မြင်း၊ ကျွဲ၊ နွားများ ရုတ်တရက် သေဆုံးခြင်း၊ ဝက်များ သားလျှောခြင်း၊ သားမြုံခြင်း ရှိပါက ကျန်းမာရေးဌာန အဆင့်ဆင့်သို့ ချက်ချင်း သတင်းပေးပို့၍ လိုအပ်သော ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ချက်ချင်း ဆောင်ရွက်ရပါမည်။
- အိမ်မွေး တိရစ္ဆာန်များကို စနစ်တကျ သန့်ရှင်းစွာ မွေးမြူပါက ဝက်၊ ဘဲ၊ မြင်းနှင့် အခြား တိရစ္ဆာန်များကို အိမ်တွင် မမွေးဘဲ လူနေအိမ်နှင့် ကိုက် ၃ဝဝ ကျော်တွင် မွေးမြူရေး ခြံများနှင့် သီးသန့် မွေးပါ။ လူနာရှိသော ရွာ၊ ရပ်ကွက်ရှိ တိရစ္ဆာန်များကို အခြား ရွာ၊ ရပ်ကွက်သို့ လုံးဝ မရွှေ့ပြောင်းရပါ။ ခြင်အကိုက် မခံရရေးအတွက် တစ်ကိုယ်ရေ ကာကွယ်ရေး နည်းလမ်းများ ဖြစ်သည့် အင်္ကျီလက်ရှည်၊ ဘောင်းဘီ အရှည်ဝတ်ခြင်း၊ ခြင်မကိုက်ဆေးလူးခြင်း၊ အိမ်တွင်ခြင်လုံဆန်ခါ တပ်ခြင်း၊ မည်သည့် အချိန်မဆို ဆေးစိမ်ခြင်ထောင် သို့မဟုတ် ခြင်ထောင်နှင့် အိပ်ခြင်းတို့ကို ဆောင်ရွက်ပါ။ အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းစွာ ထားပါ။
- အသက် ကိုးလမှ စ၍ ကလေး၊ လူကြီးများပါ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံထားသင့်သည်။ ဂျပန် ဦးနှောက်ရောင် ရောဂါ ကာကွယ် နှိမ်နင်းရေးအတွက် ပြည်သူလူထုက ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက် ကြပါ။
-
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန

Comments
Post a Comment