' သိင်္ဂါလသုတ်တော် '
' သိင်္ဂါလသုတ်တော် '
(၁) ကမ္မကိလေသ=စိတ်ကို ညစ်နွမ်းစေသော အကုသိုလ်အလုပ်လေးမျိုး။
(၂) စတုဋ္ဌာန=မရောက်ထိုက်သော အဂတိ တရားလေးပါး။
(၃) ဆအပါယမုခ=စီးပွားပျက်ကြောင်း ခြောက်ပါး စသည်များ။
(၄) မိတ်ဆွေတု၊ မိတ်ဆွေစစ် လက္ခဏာများ။
(၅) မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ် စသည်များကို အကျယ်ဟောတော်မူထားပေသည်။ (ဒီ ၃-၁၄၅)
ဤသုတ်တော်ကို သိင်္ဂါလသတို့သားအား အကြောင်းပြု၍ ဟောတော်မူအပ်သော သုတ်တော်ဖြစ်၍ သိင်္ဂါလသုတ္တ-ဟု သင်္ဂါယနာတင်မထေရ်တို့ နာမည်တပ်တော်မူ၏။ ( ဒီ-ဋ္ဌ ၃-၁၂၄)
အချို့ဆရာများက သိင်္ဂါလသတို့သားအား ဆုံးမသြ၀ါဒပေးအပ်သော သုတ်တော်ဖြစ်၍ သိင်္ဂါလောဝါဒ-သုတ်တော်ဟု ခေါ်ကြ၏။ ဤသုတ်တော်၌ လူဝတ်ကြောင်တို့ ကျင့်ဖွယ်ရာများ ပြည့်ပြည့်စုံစုံ ပါဝင်သဖြင့် ဂိဟိဝိနယ-လူဝတ်ကြောင်တို့၏ ၀ိနည်း၊ (၀ါ) လူ့ကျင့်ဝတ်သုတ်တော်ဖြစ်၏။ ဤကျင့်ဝတ်များကို လက်တွေ့ကျင့်သုံး လိုက်နာပါက မဆုတ်ယုတ်ဘဲ ဧကန်တိုးတက်ကြီးပွားမည်-ဟု အဋ္ဌကထာဆရာက မှတ်ချက်ပြုတော်မူသည်။ (ဒီ-ဋ္ဌ၊ ၃-၁၄၁)။
ထိုသုတ်တော်ကို လူတို့လွယ်လွယ်ကူကူ နားလည်စေရန် ရှေးဆရာတော်များက မြန်မာစကားပြေဖြင့်လည်းကောင်း၊ လင်္ကာဆောင်ပုဒ်များဖြင့်လည်းကောင်း၊ ရေးတော်မူခဲ့ကြပေသည်။ ကုန်းဘောင်ခေတ် အလယ်လောက်၌ ဘကြီးတော်မင်းဟုခေါ်သော စစ်ကိုင်းမင်းနှင့် နန်းမတော် မယ်နုတို့လက်ထက်တွင် ထင်ရှားသော ဆရာတော် ဦးဗုဓ်သည် သိင်္ဂါလသုတ်တော်ကို အခြေခံ၍ ဂိဟိဝိနယ-ကျမ်းကို ရေးသားတော်မူ၏။ ယင်းကျမ်း၌ သိင်္ဂါလသုတ်တော်လာ အဓိပ္ပါယ်များကို စကားပြေဖြင့် ဖော်ပြရုံသာမက လင်္ကာဆောင်ပုဒ်များစွာဖြင့် ရေးတော်မူပေသည်။
ထိုဆရာတော် ဦးဗုဓ်၏-ဂိဟိဝိနယ-ကျမ်း၌ ပါဠိတော်မှာ ဟောတော်မူသည့် အစဉ်အတိုင်း ကမ္မကိလေသ လေးပါးမှစ၍ အကျဉ်းအကျယ် ပြည့်ပြည့်စုံစုံ တကျမ်းလုံး ခြုံမိအောင် လင်္ကာပိုဒ်ပေါင်း ၃၁-ပုဒ်ဖြင့် ရေးတော်မူသည်။ ဆရာတော်၏ လင်္ကာများသည် အဓိပ္ပါယ်ပြည့်စုံ၏။ ကျမ်းဂန်နှင့် ညီ၏။ အဓိပ္ပါယ်လေးနက်၏။ သို့ရာတွင် လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ် ဆိုင်ရာ စသည်၌ ပေါ်လွင်မှု နည်း၏။
ဤအချက်ကို သတိပြုမိဟန်တူတော်မူသော သင်္ဂဇာဆရာတော်က သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ဆရာကျင့်ဝတ်၊ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ် စသည်တို့အတွက် လင်္ကာအသစ် ထပ်မံရေးသားတော်မူပေသည်။ ထိုလင်္ကာများကို သိင်္ဂါလောဝါဒဆုံးမစာ-ဟု နာမည်ပေးတော်မူ၏။ တိလောကလုံး၊ ညွတ်ရုံးဦးချ၊ နှိုင်းမမျှသား၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား၊ ရိုညွတ်တွား၍-ဟု အစချီ၍ လင်္ကာပိုဒ်ပေါင်း ၁၃-ပိုဒ်၊ သံပေါက် ၃-ပုဒ်ဖြင့် ရေးသားတော်မူခဲ့ပေသည်။
ယခုခေတ် ရှင်လူအများရရှိ၍ အသုံးပြုနေသော
(၁) ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ -စသော သားသမီးကျင့်ဝတ်။
(၂) မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်-စသော မိဘကျင့်ဝတ်။
(၃) ညီညာထကြွ၊ ဆုံမနာယူ-စသော တပည့်ကျင့်ဝတ်။
(၄) အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ စသော ဆရာကျင့်ဝတ်။
(၅) မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ-စသော လင်ကျင့်ဝတ်။
(၆) အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ-စသော မယားကျင့်ဝတ် လင်္ကာတို့သည် သင်္ဂဇာဆရာတော်၏ လက်ရာများ ဖြစ်ပေသည်။
သား/သမီး ကျင့်ဝတ်(၅)ပါး
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ် သားတို့သာ။
သားသမီးတို့တွင်လည်း အမြဲတမ်း လိုက်နာဆောင်ရွက်အပ်သည့် ကိုယ် စောင့်တရား ကျင့်ဝတ် (၅) ပါးရှိပါသည်။ ထို(၅)ပါးတို့တွင်-
ကျွေးမွေးမပျက်- ဟူသည် သားသမီးများက မိဘများကို တစ်ဖန်ပြန်လည် ပြုစု စောင့်ရှောက် လုပ်ကိုင် ကျွေးမွေးကြရာတွင် မိဘများအပေါ်တွင် ငြူစူ အမျက်ထွက်၍ အော်ငေါက်ခြင်း၊ အလုပ်အကျွေးပျက်ခြင်း တို့ကိုဆိုလိုပါ သည်။ ထိုသို့မဖြစ်ရာ။ မငြူစူ မစောင်းမြောင်းရာ။
ဆောင်ရွက်စီမံ- သားသမီးများက မိဘများအပေါ်တွင် နေ့စဉ်ဆောင်ရွက် ပြုစု ပေးစရာရှိသည့် ပြုဖွယ်ကိစ္စ အ၀၀ကို မမေ့မလျော့ဆောင်ရွက် စီမံကြရ မည်ကိုဆိုလိုပါသည်။
မွေခံထိုက်စေ- ဟူသည်ကား သားသမီးတို့သည် မိဘများက ပေးအပ်မည့် အမွေများကို ခံယူထိုက်သော သူများဖြစ်အောင် ကြိုးစားနေထိုင်ကြရမည် ကို ဆိုလိုရင်း ဖြစ်သည်။ မိဘများ၏ ကောင်းမွေ ဆိုးမွေဟူသမျှကို ခံယူ ထိုက်သော သူများဖြစ်ကြရပေမည်။
လှူမျှဝေ၍ -ဟူသည် သားသမီးများက မိဘများအတွက် ရည်ရွယ်၍ အလှူ အတန်းအများကို ပေးကမ်း လှူဒါန်း စွန့်ကြဲအပ်ကြပေသည်။
စောင့်လေမျိုးနွယ်-သားသမီးတို့သည် မိဘတို့၏ မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ ထုံးတမ်းအစဉ်အလာ ကိုးကွယ်ရာ ဘာသာတရားတို့ကို အစဉ်မပျက်အောင် အသက်နှင့်သော်လည်း ရင်း၍စောင့်ထိန်းတတ်ကြရမည် ဖြစ်သလို၊ စောင့် ထိန်းအပ်ပေသည်။
မိဘ ကျင့်ဝတ်(၅)ပါး
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊
ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။
မကောင်းမြစ်တာ
ဟူသည်ကား ---မိဘတို့သည် မိမိတို့၏ သားသမီးများမှ မကောင်းမှု တစ်စုံတစ်ရာ ပြုလုပ်နေသည်ကို သိပါက အလိုလိုက်၍ လက်ပိုက်ကြည့်နေ ခြင်းငှာ မျက်နှာလွှဲခဲပစ်မနေကြပဲ တားမြစ်ပိတ်ပင်သင့်သည်များကို တားမြစ် ၍ ဆုံးမသင့်သည်များကိုလည်း ဆုံးမရန် လိုအပ်လှပေသည်။
ကောင်းရာညွှန်လတ်
ဟူသည်ကား ---မိဘတို့သည် မိမိတို့၏ သားသမီးများအား အကြံကောင်း ဥာဏ်ကောင်းများကိုပေး၍ လိုအပ်သည့် လမ်းညွှန်မှုများပေးအပ်ကာ ပဲ့ပြင် ထိန်းကြောင်းအပ်သည်သာ။
အတတ်သင်စေ
ဟူသည်ကား ---မိဘတို့သည် မိမိတို့၏ သားသမီးများအား ၄င်းတို့၏ ဘ၀ရှေ့ရေး အတွက် သိသင့်သိထိုက် တတ်သင့်တတ်ထိုက်သော အတတ် ပညာ/နည်းပညာများကို သင်ကြားပေးကြရပေမည်။
ပေးဝေနှီးရင်း
ဟူသည်ကား ---မိဘတို့သည် မိမိတို့၏ သားသမီးများဘ၀ရှေ့ရေးအတွက် လုပ်ငန်းဆောင်တာများ လုပ်ကိုင်ရာတွင်လိုအပ်သည့် အရင်းအနှီးများထုတ် ပေးခြင်း၊ သား/သမီးတို့၏ ဘ၀ရှေ့ရေးအတွက် မတည်ငွေများကို ထည့်ဝင် စိုက်ထူပေးထားခြင်း တို့ကို တင်ကြို၍ ပြုလုပ်ထားပေးအပ်ပေသည်။
ထိမ်းမြားခြင်း
ဟူသည်ကား ---မိဘတို့သည် မိမိတို့၏ သားသမီးများ အရွယ်ရောက် လူလားမြောက်လာသည့် အခါ သမီးကညာ အခါမလင့်ရာ ဟူသော ဆောင်ပုဒ်အတိုင်း မိမိတို့၏ သား/သမီးတို့နှင့် သင့်သင့်ရာကိုရွေး၍ အိမ်ထောင်ရက်သားချပေးခြင်း (၀ါ) ထိမ်းမြာမင်္ဂလာဆောင်ကျဉ်းပေးခြင်း ကိုလည်း အချိန်မီပြုအပ်၏။
တပည့် ကျင့်ဝတ်(၅)ပါး
ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊
သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်(၅)ခုသာ။
ညီညာထကြွ
ဟူသည်ကား -------ဆရာနှင့် တပည့်အကြားတွင် ထားအပ်၊ သိအပ်၊ ကျင့် အပ်သော၊ ကျင့်ဝတ်တစ်ခုများပင်ဖြစ်သည်။ ဆရာ/ဆရာမများ စာသင်ခန်း အတွင်းသို့ ၀င်ရောက်လာသည့်အခါ ညီညာစွာဖြင့် ထိုင်ရာမှထ၍ နှုတ်ခွန်း ဆက်ကြရမည်ဖြစ်သည်။
ဆုံးမနာယူ
ဟူသည်ကား ------တပည့်ဖြစ်သူများသည် ဆရာ/ဆရာမများ၏ သွန်သင် ဆုံးမမှု အဆုံးအမများကို လိုက်နာ ကျင့်ကြံကြရမည်ဖြစ်သည်။
လာမူကြိုဆီး
ဟူသည်ကား -----တပည့်တို့သည် ဆရာ/ဆရာမများ မိမိတို့ထံလာသည် ကို တွေ့မြင်ပါက၄င်း၊ မည်သည့်နေရာတွင် တွေ့သည်ဖြစ်စေ၊ ခရီးဦး ကြို ဆိုကြရမည်ဖြစ်သည်။
ထံနီးလုပ်ကြွေး
ဟူသည်ကား ------တပည့်တို့သည် ဆရာ/ ဆရာမများထံပါးတွင် အလုပ် အကြွေး ပြုသင့်ကြပါသည်။
သင်တွေးအံရွတ်
ဟူသည်ကား -------တပည့်တို့သည် ဆရာ /ဆရာမများ သင်ကြားပို့ချ လိုက်သော သင်ခန်းစာများကို နေ့စဉ်နှင့် အမျှ သင်ကြားတတ်မြောက်ကြရ မည် ဖြစ်သကဲ့သို့ အစဉ် တွေးတောကြံဆ သင်အံရွတ်ဖတ်နေကြရ မည်ဖြစ် ပေသည်။
ဆရာ ကျင့်ဝတ်(၅)ပါး
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊
သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်(၅)ဖြာ။
အတတ်လည်းသင်
ဟူသည်ကား -----ဆရာ/ ဆရာမများသည် မိမိတို့၏ တပည့်များအပေါ်တွင် အသိပညာ/အတတ်ပညာများကို ကျွမ်းကျင် တတ်မြောက်သည် အထိ သင် ကြား ပေးကြရမည် ဖြစ်သည်။
ပဲ့ပြင်ဆုံးမ
ဟူသည်ကား -----ဆရာ /ဆရာမတို့သည် မိမိတို့၏ တပည့်များ အပေါ်တွင် သွန်သင် ဆုံးမ၍ အမြဲတစေ နည်းလမ်းကောင်းများ ကိုသာ ညွှန်ကြားထိန်း မတ် ပေးကြရမည်ဖြစ်သည်။
သိပ္ပမချန်
ဟူသည်ကား -----ဆရာ /ဆရာမများသည် တပည့်များ အပေါ်တွင် ၀ိဇ္ဇာ ပညာများအပြင် သိပံ္ပပညာများကိုလည်း သင်ကြားတတ်မြောက်စေကြရ မည်ဖြစ်ပေသည်။
ဘေးရန်ဆီးကာ
ဟူသည်ကား ------ ဆရာ/ဆရာမများသည် မိမိတို့၏ တပည့်များအပေါ် တွင် ကျရောက်ဆဲ (သို့တည်းမဟုတ်) ကျရောက်လာမည့် ဘေး/အန္တရာယ် များမှ ကာကွယ်တားဆီး ပေးကြရမည်ဖြစ်သည်။
သင့်ရာအပ်ပို့
ဟူသည်ကား ------ ဆရာ/ ဆရာမတို့သည် မိမိတို့၏ တပည့်များအား အခြားသော အတတ်ပညာများကို သင်ကြားတတ်မြောက်စေခြင်းငှာ ၄င်းတို့ နှင့် သင့်လျော်မည့် အတတ်ပညာများကို သင်ကြားပေးမည့် အခြားသော ဆရာ/ဆရာမတို့ထံ လွှဲပြောင်းအပ်နှံပေးကြရမည် ဖြစ်သည်။
လင် ကျင့်ဝတ်(၅)ပါး
လင်ကျင့်ဝတ်
မထီမဲ့ကင်း
အပ်နှင်းဥစ္စာ
မိစ္ဆာမမှား
ဝတ်စားဆင်ယင်
မြတ်နိုးကြင်
ငါးအင် လင်ကျင့်ရာ။
မယား ကျင့်ဝတ်(၅)ပါး
အိမ်တွင်းမှုလုပ်၊
သိမ်းထုပ်သေချာ၊
မိစ္ဆာကြဉ်ရှောင်၊
လျော်အောင်ဖြန့်ချိ၊
ပျင်းရိမမူ၊
ဝတ်(၅)ဆူ၊
အိမ်သူ ကျင့်အပ်စွာ။
သိင်္ဂါလောဝါဒသုတ် ကျင့်ဝတ်(၂)
မိတ်ဆွေ ကျင့်ဝတ် (၅)ပါး
ပေးကမ်းချီးမြှင့်၊
ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊
နှုတ်မြွက်ချိုသာ၊
သစ္စာမှန်စေ၊
ဝတ်ငါးထွေ၊
ကျင့်လေမိတ်သဟာ။
အလုပ်ရှင်ကျင့်ဝတ် (၅)ပါး
ဝစွာကျွေးမွေး၊
ပြုရေးစီရင်၊
နာလျှင်ကုစေ၊
ငွေဝရသာ၊
အခါကိုလွှတ်၊
အရှင်ဝတ်၊
မချွတ်(၅)ခုသာ။
အလုပ်သမားကျင့်ဝတ် (၅)ပါး
အိပ်သော် နောက်ကျ၊
ထသော်ကားရှေး၊
ပေးမှယူအပ်၊
စေ့စပ်ဆောင်ရွက်၊
ကျေးဇူးမြွက်၊
(၅)ချက် ကျွန်ကျင့်ရာ။
ဒါယကာ ကျင့်ဝတ်(၅)ပါး
မေတ္တာစိတ်သက်၊
ဆောင်ရွက် ချစ်ကြင်၊
ခင်မင်နှုတ်ချို၊
လိုလျှင်ဖိတ်ထား၊
တတ်အားလှူစေ၊
ဝတ်(၅)ထွေ၊
ပြုလေ ဒါယကာ။
ရဟန်း ကျင့်ဝတ်(၆)ပါး
မကောင်းမြစ်တား၊
ကောင်းရာညွှန်လစ်
အသစ်ဟောကြူး၊
နာဖူးထပ်မံ၊
နတ်ထံတင်ရာ၊
မေတ္တာလည်းပြု၊
ရဟန်းမှု၊
ခြောက်ခုလွန်သေချာ။
ဥစ္စာပျက်ခြင်း အပြစ်(၆)ပါး
ဥစ္စာယုတ်ခြင်း၊
ငြင်းခုန်များစွာ၊
ရောဂါထူပြော၊
ကျော်စောမဲ့တုံ၊
မလုံအင်္ဂါ၊
ပညာနည်းရှား၊
ဤ(၆)ပါးကား၊
သောက်စား သေစာအပြစ်တည်း။
သေရည်သောက်ခြင်း အပြစ်(၆)ပါး
သေစာသောက်စား၊
လမ်းသွားခါမဲ့၊
ရှင့်သဘင်၊
ပျော်ရွှင်အံလောင်း၊
မကောင်းမိတ်ဖျင်း၊
ပျင်းရိခြင်းကား၊ ယိုယွင်းဥစ္စာ ပျက်ကြောင်းတည်း။
အခါမဲ့သွားလာခြင်း အပြစ်(၆)ပါး
ကိုယ့်သားမယား၊
တခြားဥစ္စာ၊
လုံရာမဲ့ရှောင်း၊
မကောင်းအရာ၊
ရွံရှာလေအပ်၊
ယိုးစွပ်ေ၇ာက်မှု၊
ဆင်းရဲစု၊ (၆)ခု ခါမဲ့သွားခြင်းတည်း။
သဘင်ပွဲလမ်း အပြစ်(၆)ပါး
ကခြင်းတစ်လီ၊ သီခြင်းတစ်သီး၊ မှုတ်တီးသဘင်၊ ပြိန်ဖျင်းတစ်အုပ်၊ လက်ခုပ်တစ်တီး၊ အိုးစည်တစ်ဖျာ၊ ရှိရာရှာ၍၊ ဥစ္စာပျက်မှု၊ ဤ (၆) ခုကား၊ ကြည့်ရှုသဘင်အပြစ်တည်း။
လောင်းကစားသူ အပြစ်(၆)ပါး
အောင်သူရန်ပွား၊
ရှုံးသားစိုးရိမ်၊
စည်းစိမ်လျော့ပါး၊
တရားသဘင်၊
မ၀င်သက်သေ၊
မိတ်ဆွေနှိမ့်ဆို၊
မလိုထိမ်းမြား၊ ဤ (၆)ပါးကား၊
ပျော်ပါးကြွေအန် အပြစ်တည်း။
မိတ်ဆွေပျက် အပြစ်(၆)ပါး
ကြွေအန်ကြူးထ၊
မိန်းမကြူးထွေ၊
သေစာကြူးမှု၊
အတုပြူငြား၊
လှည့်စားတစ်ထောက်၊
မျက်မှောက်လှည့်ချက်၊
နိုင်ထက်လုယူ၊
ဤသူခြောက်ပါး၊
မိတ်ဖြစ်လားကြောင့်၊
ပျက်ပြားမိတ်ဆွေ၊ အပြစ်တည်း။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် မိတ်ဆွေတု မိတ်ဆွေစစ်အကြာင်းများနှင့် ပတ်သက်စပ်လျဉ်း၍ သိင်္ဂါလောဝါဒ သုတ်တွင် ဟောကြားဖော်ပြတော်မူခဲ့ပါသည်။
မိတ်ဆွေတု (၄) ယောက်
(၁) အညဒတ္ထုဟရ - စင်စစ်အားဖြင့် သူကသာဆောင်ယူတက်သူ၊
(၂) ၀စီပရမ - စကားအားဖြင့် ပေးတက်သူကဲ့သို့ ဖြစ်သူ၊
(၃) အနုပီယဘာဏီ - အလိုလိုက်၍ အကြိုက်ကိုသာ ပြောတက်သူ၊
(၄) အပါယသဟာယ - ပျက်စီးကြောင်းအမှုတို့၌ အပေါင်းအဖော်ဖြစ်သူ။
ဤလေးမျိုးသည် မိတ်ဆွေဟုခေါ်သော်လည်း မိတ်ဆွေစစ်ဟု မမှတ်ယူနိုင်သော မိမိ၏အကျိုစီးပွားကို ပျက်စီးစေနိုင်သော မိတ်ဆွေအတုများဟု ဖော်ပြထားခဲ့သည်။ ထိုလေးမျိုးတွင် ထပ်မံ၍ပိုင်းခြားလေသောအခါ တစ်မျိုးလျှင် လေးမျိုးစီထပ်ခွဲခြမ်းကာ စုစုပေါင်း ၁၆ မျိုးကို ဘုရားရှင်သည် သိင်္ဂါလောဝါဒ သုတ်တွင် ဟောကြားတော်မူခဲ့ပါသည်။
(၁) အညဒတ္ထုဟရ - စင်စစ်အားဖြင့် သူကသာဆောင်ယူတက်သူ
အဓိပ္ပါယ် ဖော်ပြချက်
အညဒတ္ထု - စင်စစ်အားဖြင့် + ဟရ- သူကသာ ဆောင်ယူတက်၊ သူကသာအသာယူတက်သော မိတ်ဆွေတု
(က) မိတ်ဆွေ၏အိမ်သို့သွားသည့်အခါ မိမိကပေးဖို့မရည်ရွယ်ဘဲ ထိုအိမ်၌ အ၀တ်စသည်ကိုမြင်၍ လိုချင်သောကြောင့် အကြိမ်ကြိမ် အခါခါ အိမ်ရှင်ပေးလာစေရန် ထိုပစ္စည်းကို ချီးမွမ်း၏။ အိမ်ရှင်က မပေးလိုက်လျှင် မကောင်းသောကြာင့် ထိုပစ္စည်းကို ပေးလိုက်ရ၏။ ထိုသူသည်လည်း မိတ်ဆွေတုဖြစ်၏။
(ခ) မိတ်ဆွေအိမ်သို့သွားသောအခါ မိမိကလက်ဆောင်အနည်းငယ်ကို ယူသွား၍ မိတ်ဆွေထံမှများများရယူဖို့ရန် မျှော်လင့်သူ၊ သို့ တည်းမဟုတ် ကြံစည်သူ၊ သို့တည်းမဟုတ် အားထုတ်ပြုမူသူ၊ ထိုသူသည်လည်း မိတ်ဆွေတုသာဖြစ်၏။
(ဂ) မိမိတွင် ဘေးဒုက္ခတစ်စုံတစ်ခုဖြစ်နေချိန်ဝယ် မိတ်ဆွေ၏အကူအညီကိုလိုလား၍ အလုပ်ကို (အစေအပါးကဲ့သို့) အလွန်ပြုလုပ် ပေးတက်သော်လည်း မိမိမှာဘေးရန်မရှိလျှင်သော်ကား ထိုကဲ့သို့ မလုပ်သောသူ၊
(ဃ) မိတ်ဆွေအဖြစ်ဖြင့်ပေါင်းသော်လည်း တကယ်အကျိုးလိုလား၍ ပေါင်းသည်မဟုတ်၊ မိမိအတွက် တစ်စုံတစ်ခုသော အကျိုးကို မျှော်လင့်၍ ပေါင်းဖော်သူ။။။
ဤလေးမျိုးသည် သူ့ဘက်ကချည်း အသာယူ၍ပေါင်းသောကြောင့် မိတ်ဆွေစစ် မဟုတ် မိတ်ဆွေတု သာဖြစ်၏။
(၂) ၀စီပရမ - စကားအားဖြင့် ပေးတက်သူကဲ့သို့ ဖြစ်သူ
အဓိပ္ပါယ် ဖော်ပြချက်
ဝစီ - စကားသာလျှင် + ပရမ - အလွန်အတိုင်းအရှည်ရှိသူ၊ စကားအားဖြင့်သာ ပေးတက်သူကဲ့သို့ဖြစ်၍ စင်စစ်အားဖြင့်ကား မပေးတက်သော (နှုတ်သာပါ၍ လက်မပါသော ) မိတ်ဆွေတုလည်း လေးမျိုးရှိပြန်၏။
(က) လွန်လေပြီးသော ပစ္စည်းဖြင့် လောကွက်လုပ်တက်သူ (မိမိအိမ်သို့ မိတ်ဆွေလာလျှင် “ အို.. မနေ့ကတော့မလာဘဲကိုး.. မနေ့က စားစရာတွေပေါလိုက်တာ… ကျုပ်က မိတ်ဆွေလာမလားလို့ လာမလားကိုတောင် မျှော်နေမိသေးတယ်.. အခုတော့ အားလုံးကုန်သွား ပြီ.. ”…၊ “ မနှစ်က ခင်ဗျားက မလာဘဲကိုဗျ… မနှစ်ကစပါးအတော်ရတယ်.. သည်နှစ်တော့မရဘူး.. ”
ဤသို့စသည်ဖြင့် လွန်ခဲ့သောပစ္စည်း အရာဝတ္ထုတို့ဖြင့် လောကွတ်လုပ်တတ်သူ။
(ခ) နောက်လာမည့်ပစ္စည်းဝတ္ထုများဖြင့် လောကွတ်လုပ်တက်သူ၊( မည်သည့်အခါမှာ စားသောက်ဖွယ်လုပ်ပါဦးမယ်၊ အဲဒီအခါတော့ မိတ်ဆွေကို အကြောင်းကြားနိုင်ပါလိမ့်မယ်၊ ယခုနှစ်တော့ လယ်တွေအတော်ကောင်းပါတယ်၊ လယ်ပြီးတဲ့အခါတော့ မိတ်ဆွေကို ကြည့်ရှုထောက်ပံ့နိုင်စရာရှိပါတယ်၊ ဤသို့စသည်ဖြင့် မပေါ်ပေါက်သေးသော ပစ္စည်း အရာဝတ္ထုတို့ဖြင့် လောကွတ်လုပ်တတ်သူ။
(ဂ) စကားဖြင့်လောကွတ်လုပ်တက်သူ၊ (သူကမြင်းပေါ်မှာစီးနေတုန်း မိတ်ဆွေကိုမြင်လျှင် “လာလေ စီးလှည့်ပါဦးလား” ဟုလည်း ကောင်း၊ သူကအ၀တ်ကောင်းကောင်းဝတ်နေစဉ် မိတ်ဆွေကိုမြင်၍ “ ဒီအ၀တ်ဟာ မိတ်ဆွေနဲ့သိပ်တော်တာပဲ.. ဒါပေမယ့် ကျုပ်မှာလည်း ဒီတစ်ထည်တည်း ရှိနေလို့” ဟုလည်းကောင်း ဤသို့သော စကားဖြင့် အမှန်တကယ် ကျေးဇူးပြုခြင်းမရှိဘဲ လောကွတ်လုပ်တက်သူ။
(ဃ) အကူအညီတောင်းလျှင် အကြောင်းမညီညွတ်သူ၊ (တစ်စုံတစ်ခုကိစ္စရှိ၍ အကူအညီတောင်းလာလျှင်, ဥပမာ- လှည်းကို ခဏငှား လေလျှင် “ လှည်းဘီးပျက်နေတယ်၊ ၀င်ရိုးကျိုးနေတယ်၊” စသည်ဖြင့်လည်းကောင်း၊ မည်သည့်ကိစ္စအတွက် လိုက်ခဲ့စမ်းပါဟု ပြောလျှင် “ ကျုပ်မှာသွားစရာရှိနေလို့” စသည်ဖြင့်လည်းကောင်း၊ ငွေကိုချေးငှားလျှင် “မလွယ်သေးလို့ပါ” စသည်ဖြင့်လည်းကောင်း ချက်ချင်းပြုဖွယ် ကိစ္စအတွက် ကူညီဖို့ပြောလာလျှင် အကြောင်းမညီမညွတ်သည်ကို ပြောဆိုတက်သူ။)
(၃) အနုပီယဘာဏီ -
အလိုလိုက်၍ အကြိုက်ကိုသာ ပြောတက်သူ
အဓိပ္ပါယ် ဖော်ပြချက်
အနုပီယဘာဏီ - အနုပီယ - လျော်သော၊ ချစ်ဖွယ်စကားကိုသာ + ဘာဏီ - ပြောလေ့ရှိသူ ။ အလိုလိုက်၍ အကြိုက်ကိုသာပြော လေ့ရှိသူလည်း လေးမျိုးရှိပြန်၏။
(က) သတ်မှု၊ ခိုးမှု၊ မိန်းမလိုက်စားမှု၊ သေရည်သောက်မှု စသောမကောင်းမှုတစ်ခုခုကို ပြုဖို့ရန်တိုင်ပင်လာသောအခါ “ကောင်းသားပဲ ပြုကြစို့” ဟု သဘောကြအောင် လိုက်၍ပြောတက်သူ။
(ခ) “ကုသိုလ်ကောင်းမှုတစ်ခုခုကို ပြုကြစို့” ဟုတိုင်ပင်လာသောအခါလည်း “ပြုကြစို့”ဟုပင် လိုက်လိုက်လျောလျော ပြောတက်သူ၊ ဤသို့ပြောဆိုခြင်းကား မိတ်ဆွေ၏အကျိုးကို လိုက်သောကြောင့်မဟုတ်ဘဲ တစ်စုံတစ်ခုရည်ရွယ်ချက်ရှိ၍ အယုံအကြည်ရှိအောင် လိုက်လျောခြင်းသာဖြစ်၏။
(ဂ) မိမိရှေ့မှာသာလျှင် ချီးမွမ်းစကားကိုပြောဆို၍ မိမိကွယ်ရာတွင် များစွာ ကဲ့ရဲ့ရှုံ့ချတတ်သူ။
(ဃ) ကွယ်ရာ၌ကား အပြစ်ကိုပြောတက်၊ အကျိုးပျက်စီးအောင်လုပ်တက်သူ၊ (ဤသူမျိုးကို ဟိတောပဒေသ ၀ယ် “အိုးနှုတ်ခမ်း၌ နို့ရည်တော်ကို ပြ၍ အတွင်းကအဆိပ်ပြည့်နေသော အဆိပ်ရည်အိုးနှင့်တူသူ” ဟုဆို၏။)
ဤလူလေးမျိုးသည်လည်း မိမိအလိုလိုက်၍ အကြိုက်ကိုပြောနေစေကာမူစင်စစ်အားဖြင့် အကျိုးပျက်အောင်ပြုနေသောကြောင့် မိတ်ဆွေတုသာဖြစ်၏။
(၄) အပါယသဟာယ -
ပျက်စီးကြောင်းအမှုတို့၌ အပေါင်းအဖော်ဖြစ်သူ
အဓိပ္ပါယ် ဖော်ပြချက်
အပါယသဟာယ - အပါယ - ပျက်စီးကြောင်းအမှုတို့၌ + သဟာယ - အပေါင်းအဖော်ဖြစ်သူ။
(က) သေရည်သေရက်သောက်ရာ၌ သောက်ဖော်သောက်ဖက်ဖြစ်သူ၊
(ခ) အချိန်မတော်လမ်းထွက်၍ လှည့်လည်ရာ၌ လည်ဖော်လည်ဖက်ဖြစ်သူ၊
(ဂ) ပွဲံသဘင်ကို ပျော်ရွှင်လှည့်လည်၍ အလုပ်ပျက်အောင်ကြည့်ရှုရာ၌ သွားဖော်သွားဘက်ဖြစ်သူ၊
(ဃ) အလောင်းအစား အကစားအလုပ်၌ ကစားဖော်ဖြစ်သူ၊
ဤလူလေးမျိုးသည်လည်း ဥစ္စာပျက်စီးကြောင်းကိစ္စ၌ အဖော်ဖြစ်သောကြောင့် မိတ်ဆွေတုသာဖြစ်၏။
သန့်ရှင်းမှု နှစ်မျိုး
သန့်ရှင်းမှုသည် ရုပ်နာမ်ခန္ဓာကိုယ် ဟူသော အဇ္ဈတ္တ အတွင်းဓာတ် သန့်ရှင်းမှု, အ၀တ်အစား အိပ်ရာ နေရာစသော ဗဟိဒ္ဓ သန့်ရှင်းမှု ဟု နှစ်မျိုးရှိ၏။
…
မြို့ မ-မြင့်ကြွယ်

Comments
Post a Comment