" ကူးတို့ခ ''
" ကူးတို့ခ ''
မည်သည့်ခေတ်ကမည်သည့်ပုဂ္ဂိုလ်ကစတင်ခဲ့သော `အလေ့အထ´ဟုမူမသိပါ။ လူတစ်ယောက်သေဆုံး သည့်အခါ ထိုသူ၏ပါးစပ်ထဲသို့ကူးတို့ခ ငွေတစ်မတ် ထည့်ပေးရသော ထုံးစံတစ်ခုကို အစဉ်အလာ ပမာ ကျင့်သုံးလာခဲ့ကြပါသည်။ အချို့အချို့သော အရပ် ဒေသများတွင် ကူးတို့ခမထည့်လျှင် ထုံးစံပျက်၍ ရွာ ခိုက်သည်။ ရွာနာသည်ဟူ၍ အယူသည်းအစွဲကြီးကြ ၏။ လူသေသော် ကူးတို့ခကိုမထည့်မနေရဟုပင် သတ်မှတ်ပြဋ္ဌာန်းလေ့ရှိ၏။
ကူးတို့ခကို ဘာကြောင့်ထည့်ရသနည်း။ မည်သို့သော အယူအဆဖြင့်ကူးတို့ခ ထည့်ခိုင်းသနည်း။ ကူးတို့ခ ထည့်ရခြင်း၏အကြောင်းအရင်းက အဘယ်နည်း။ ကူး တို့ခထည့်ရခြင်း၏ အကြောင်းအရင်းကား `` လူသေသောအခါသေသူ၏ ခန္ဓာကိုယ်မှ ထွက်ခွါ သွားသော အသက် လိပ်ပြာလေးသည် ငွေတစ်မတ် ကူးတို့ခပေးမှသာဟိုးဘက်ဘ၀သို့ကူးရသည်´´ဟူ၍ ယုံကြည်သောကြောင့်ဖြစ်ပါ၏။
ဤယုံကြည်ချက်သည် ထေရ၀ါဒဗုဒ္ဓဓမ္မနှင့် ညီညွတ်ပါ ၏လော။ ကူးတို့ခထည့်သောထုံးစံသည် ၁။ ထေရ၀ါဒပိဋကတ်တော်၌ပါဝင်ပါ၏လော။ ၂။ ဗုဒ္ဓဘာသာများကွယ်လွန်သော်``ကူးတို့ခ´´ထည့် ရန်မြတ်စွာဘုရားကဟောကြားတော်မူခဲ့ပါသလော။
စင်စစ်သော် ကူးတို့ခထည့်သော ဓလေ့ထုံးစံသည် မှား ယွင်းသော ယုံကြည်မှုအပေါ် အခြေခံ စိုက်ထားသော ကြောင့် အကျိုးစီးပွားနှင့်မစပ်ပါချေ။ လူသေသောအခါ သေသူ၏ ခန္ဓာကိုယ်က ၀ိညာဉ်လိပ်ပြာထွက်သွားပြီး ထိုဝိညာဉ်လိပ်ပြာကလေးသည် ``ငွေတစ်မတ်ပါမှ´´ နောက်ဘ၀သို့ ကူးပြောင်းနိုင်သည် ဟူသော ယုံကြည် ချက်သည် ထေရ၀ါဒဗုဒ္ဓဓမ္မနှင့် ဆန့်ကျင်ဖီလာဖြစ်ပါ၏။ ထေရ၀ါဒအလိုအရ သေသူ၏ ခန္ဓာကိုယ်မှထွက်သွား သော ၀ိညာဉ်လိပ်ပြာဟူ၍မရှိပါ။ စုတိစိတ်နောက် ပဋိ သန္ဓေစိတ် တစ်ဆက်တည်းဖြစ်ပါ၏။ ကူးတို့ခ ပေးစရာ မလိုပါ။ ဘ၀ကပေးခဲ့သော ကုသိုလ်ကံ အကုသိုလ်ကံ များနှင့်လျော်စွာဘ၀သစ်တစ်ဖန်ဖြစ်ခြင်းဖြစ်ပါသည်။ (ဤသည်ကိုဘ၀ကူးသည်ဟုဆို၍ မရပါ။)
သတ္တ၀ါမှန်သမျှ ကံသာလျှင် အမွေစား၊ ကံသာလျှင် အကြောင်းရင်း၊ ကံသာလျှင် ဆွေမျိုး၊ကံသာလျှင် ပုန်း အောင်းမှီခိုရာဖြစ်သည်ဟူ၍ ဘုရားရှင်က( မဇ္ဈိမနိ ကာယ်၊ဥပရိပဏ္ဏာသပါဠိတော်၊စူဠတမ္မ၀ိဘင်္ဂသုတ်)၌ ဟောတော်မူခဲ့ပါ၏။
ကုသိုလ်ကံအကုသိုလ်ကံများသည် နောက်ဘ၀ ၀ိပါက် ခန္ဓာအကျိုးကိုပေးစေနိုင်သည်ဟူ၍လည်းဘုရားရှင်က ပဋ္ဌာန်းဒေသနာတော်၌ဟောတော်မူပါသည်။ မကောင်း မူအကုသိုလ်လုပ်သူတွေလည်းငရဲသို့ကျမည်။ ကောင်းမူ ကုသိုလ်ပြုသူသည် သုဂတိဘုံဘ၀သို့ ရောက်မည်ဟူ၍ လည်း(သဂါထာဝဂ္ဂသံယုတ်၊ကောသလသံယုတ်၊အယျိ ကာသုတ်) များ၌ဟောတော်မူပါ၏။
နောက်တစ်ဘ၀သို့ပြောင်းရွေ့ရန် ``ကူးတို့ခ´´လိုသည် ဟူသောအယူသည်မှားယွင်းသော အယူသာဖြစ်ပါ၏။ ထေရ၀ါဒဗုဒ္ဓဓမ္မနှင့်လည်းဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေ ပါ၏။ အမှန်အားဖြင့်မူ ၁။ သေသူ၏ ခန္ဓာကိုယ်မှ မည်သည့် ၀ိညာဉ်လိပ်ပြာမှ ထွက်လာခြင်းမရှိပါ။ ( ၀ိညာဉ်လိပ်ပြာ ရှိသည်ဟုယူဆ လျှင် ယင်းသည်သဿတဒိဋ္ဌိဖြစ်ပါ၏။)
၂။ သေသူ၏ကံစွမ်းသတ္တိအရ နတ်ပြည်သို့လည်းရောက်ချင်ရောက်မည်။ ဗြဟ္မာ့ပြည်သို့လည်းရောင်ချင်ရောက်မည်။ လူ့ပြည်သို့လည်းရောက်ချင်ရောက်မည်။ ငရဲပြည်သို့လည်းရောက်ချင်ရောက်မည်။ တိရစ္ဆာန်ဘုံသို့လည်းရောက်ချင်ရောက်မည်။ မည်သည့်ဘုံဘ၀သို့ရောက်သည်ဖြစ်စေ``ကူးတို့ခ´´ဟူ၍ တစ်ပြားတစ်စေ့မှမလိုပါ။ ဤမျှဆိုလျှင် လူသေသောအခါသေသူ၏ ပါးစပ်ထဲသို့ငွေတစ်မတ် ကူးတို့ခအဖြစ်ထည့်သွင်းသောဓလေ့ထုံးစံသည်ထေရ၀ါဒ ဗုဒ္ဓဓမ္မကို နားလည်သူများက စတင်ကျင့်သုံးခဲ့ခြင်းလော၊ သဿတ ဒိဋ္ဌိသမားများက စတင် ကျင့်သုံးခဲ့ခြင်းလော ဟူ သောအချက်မှာ ထင်ရှားပြတ်သားသွားပေပြီ။
.
မင်းနန်(မော်ကျွန်း) (ဓမ္မရံသီ၊၁၉၉၈၊ဇန်န၀ါရီ)

Comments
Post a Comment