ပြောင်းလဲလာသည့်စားသောက်မှုပုံစံနှင့် သွေးလေးဘက်နာ"

ပြောင်းလဲလာသည့်စားသောက်မှုပုံစံနှင့် သွေးလေးဘက်နာ"

လူများနေ့စဉ်စားသောက်သော အစားအစာများက လူတို့အား အစာအာဟာရများဖြစ်စေနိုင်သကဲ့သို့ တစ်ချိန် တည်းမှာပင် ရောဂါဝေဒနာများဖြစ်ပေါ်ခံစားကြရသည်မျိုး ရှိလာပြီဖြစ်သည်။

ယခင်က မြန်မာလူမျိုးများ နေ့စဉ်စားသောက်သော အစားအစာများ၊ နေထိုင်မှုပုံစံများသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ရောဂါဖြစ်ပွားမှုနည်းပါးခဲ့သည်ဆိုသော်
လည်း ယခုအချိန်တွင် နေ့စဉ်စားသောက်သော အစား အစာများထဲတွင် ဆိုးဆေးများ၊ တာရှည်ခံစေရန် အသုံးပြု သည့်ဓာတုဗေဒ ပစ္စည်းများ၊ ပိုးသတ်ဆေးများမှာ အစား
အစာတိုင်းလိုလိုတွင် ပါဝင်နေပြီး ရှောင်လွဲမရနိုင်သည့်အခြေအနေမျိုးဖြစ်လာသည်။ ထိုကဲ့သို့သော ဓာတုပစ္စည်းများကြောင့် ရောဂါ ဖြစ်ပွားမှုများပြားလာပြီး ထိုအထဲမှငယ် ရွယ်သူများ၌ အဖြစ်များကြ၍ လူတစ်ရာတွင် တစ်ယောက်ခန့်ဖြစ်ပွား နေသည့်သွေးလေးဘက်နာကဲ့သို့ ရောဂါများပါ ပါဝင် လာသည်။
ရာသီဥတုအေးလာလျှင် အဆစ်အမြစ်ကိုက်သည့် ဝေဒနာအား ခံစားကြရသူများပြားလာပြီး အချို့မှာ အကိုက်အခဲပျောက်ဆေးများသောက်သုံးခြင်းဖြင့် သက်သာ
သွားကြသူများရှိသကဲ့သို့ အချို့မှာလည်း အဆစ်အမြစ်များ ကိုက်ခဲရာမှ တခြားရောဂါဝေဒနာ များပါခံစားကြရသည့်အခါမှ စစ်ဆေးခြင်းဖြစ်သော လေးဘက်နာရောဂါ ရှိနေကြောင်း သိရှိကြရခြင်းဖြစ်သည်။ “တခြားရောဂါတွေက ခန္ဓာကိုယ်ရဲ့ ခုခံအားတွေကျဆင်းလို့ ဖြစ်ပေါ်လာတဲ့ရောဂါတွေပါ။ ဒီသွေးလေးဘက်နာကတော့ အကြောင်းအ မျိုးမျိုးကြောင့် ခုခံအားတွေများလာတာကနေဖြစ်လာတဲ့ရောဂါမျိုးပါ”ဟု ရန်ကုန်ဆေးရုံကြီးအရိုးကြောအဆစ်ပညာဌာနမှ ပါမောက္ခဒေါက် တာချစ်စိုးက ပြောသည်။
ခန္ဓာကိုယ်အတွင်းခုခံအားစနစ်ကို ဖြစ်ပေါ်စေသည့် သွေးဖြူဥများပြားလာခြင်းကြောင့်ဖြစ်ပွားသည့် အဆိုပါရောဂါတွင် ခုခံအားများပြားစေနိုင်သည့်အကြောင်း အရာများမှာ အဓိကအားဖြင့် ခန္ဓာကိုယ်အပြင်မှ ၀င်ရောက်လာသည့် ရောဂါများအား တိုက်ထုတ်ရာတွင်အရိုးအဆစ်များကိုပါ တိုက်ထုတ်မိသောကြောင့်ဖြစ်ပေါ်လာခြင်းဖြစ် ကြောင်း သိရသည်။ ခန္ဓာကိုယ်သည် ပုံမှန်ရှိနေသော အရာများမှ တခြားဝင်ရောက်လာသော အရာသစ်များကြောင့် ဇီဝဖြစ်စဉ်များပြောင်းလဲပြီး ခုခံအားစနစ် များမျက်စိ လည်ရာမှ ၀င်ရောက်လာသောရောဂါများအစား မိမိခန္ဓာ ကိုယ်အား ပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။ ဗိုင်းရပ်စ်အသစ်များ၊ အစားအစာများထဲတွင်ပါဝင်သော ဓာတုပစ္စည်း များ၊လူအများနှင့်အကျွမ်းတ၀င်ဖြစ်လာသည့် မိုက်ကရိုဝေ့ပစ္စည်းများ၊ တီဗီများ၊ ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများစသည်များကို တွင်ကျယ်စွာအသုံးပြုလာကြပြီးထိုအရာများ မှ ဓာတ်ရောင်ခြည်များကြောင့် လည်း သွေးလေးဘက်နာအား ဖြစ်ပေါ်ခံစားရစေခြင်းဖြစ်ကြောင်း သိရ သည်။
“လေးဘက်နာဆိုတဲ့အတိုင်း အနည်ဆုံးအဆစ်လေးဆစ်လောက် နာကျင်ကိုက်ခဲပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း တုပ်ကွေးတွေကြောင့်လည်း အဆစ်အမြစ်တွေ ကိုက်လေ့ရှိတော့ လေးဘက်နာမှာ ကိုက်ခဲနာကျင်တာအပြင် လက်နဲ့ထိရင်နာကျင်တာမျိုး၊ ရောင်ရမ်းတာမျိုးတွေဖြစ်မှ လေးဘက်နာသတ်မှတ်လို့ရတာပါ”ဟုဒေါက်တာချစ်စိုး ကပြော သည်။ အဆစ်များသည် အနည်းဆုံး ၆ပတ်အထိ နာကျင်ရောင်ရမ်း ခြင်း၊ စစ်ဆေးသည့်အခါတွင်လည်း သွေးပျစ်နှုန်းများပြားနေခြင်း၊ ခုခံအားစနစ်များအား စစ်ဆေးခြင်းနည်းလမ်းများဖြင့် လေးဘက်နာ ရောဂါရှိ၊ မရှိကို ခွဲခြားသိရှိစေနိုင်ကြောင်းသိရသည်။
လေးဘက်နာရောဂါသည် အဆစ်အမြစ်များနာကျင်ကိုက်ခဲရုံမျှ မက ခန္ဓာကိုယ်အတွင်းရှိ ခုခံအားများမှ အဆစ်များအား တိုက်ခိုက်ပြီး အဆစ်များကောက်၍ အိမ်ရာထဲလဲသွားခြင်း၊ နှလုံးသွေးကြောများအား တိုက်ခိုက်ခြင်းကြောင့် နှလုံးသွေးကြောများ ရောင်ရမ်း၍ သွေးကြောပိတ်ခြင်း၊ဦးနှောက်သွေးကြောများရောင်ရမ်းပိတ် ဆို့ခြင်း ဝေဒနာများအား နောက်ဆက်တွဲခံစားရစေ၍ အသက်ပင်သေဆုံးစေသည့် ရော ဂါများဖြစ်ကြောင်းသိရသည်။ “ဒီသွေးလေးဘက်နာကဖြစ်ရင်တဖြည်းဖြည်း နဲ့ထိခိုက်တမျိုးဖြစ် တဲ့အတွက် အချိန်တော့ ကြာကြာနေရတယ်။ ဒါကြောင့် ပိုးတွေ့ရှိနှုန်း များတယ်။ အရေပြားလေးဘက်နာဆိုရင် ပြင်းတော့ ဖြစ်ပြီး ၄၊ ၅ နှစ်ဆိုအသက် သေဆုံးလေ့ရှိတယ်”ဟု ဒေါက်တာချစ်စိုးက ဆက်လက်ရှင်းပြ သည်။ ၂၀၁၀ ပြည့်နှစ်အတွင်း ရန်ကုန်ဆေးရုံကြီး အရိုး၊ အကြောအဆစ် ပညာဌာနသို့လာ ရောက်ပြသသူ တစ်ထောင်ကျော်အား စစ်တမ်းကောက် ယူထားရာတွင်သွေးလေးဘက်နာဝေဒနာရှင် သုံးရာကျော်အများဆုံးဖြစ်ပြီး အဆစ်များ ကိုက်ခဲခြင်းကြောင့် လာရောက်ပြသသူ ၂၀၀ ကျော်ဒုတိယအများဆုံး၊ အရေပြားလေးဘက်နာဝေဒနာရှင် ၁၀၀ ကျော်နှင့် အရေ ပြားထူလေးဘက်နာလူနာ ၁၀၀နီးပါးရှိကြောင်းသိရသည်။
လေးဘက်နာရောဂါအများစုသည် အမျိုးသမီးများတွင် ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး အရွယ်မရွေးဖြစ်ပွားနိုင်သည်ဟုဆိုသော်လည်းစတင်ဖြစ်ပွားနိုင်သည့်အရွယ် များမှာ လူငယ်လုပ်အားရှိသည့်အရွယ်များဖြစ် ကြောင်းသိရသည်။ “အဆစ်အမြစ်ကိုက်တာကြာပေမယ့် ဒီအတိုင်းလေးပဲ ထားလိုက်တာပါ။ နောက်တော့အဆစ်တွေရောင် လာတယ်။ တော်တော်လေးကို မခံနိုင်ဖြစ်တော့မှ လေးဘက်နာစစ်ဆေးကြည့်တဲ့အခါမှာ ပိုးရှိနေပြီးတစ်နှစ်လောက်အတွင်း နောက်ဆက်တွဲနှလုံးရောဂါနဲ့ အဆုတ်မှာ ရောဂါတွေပါဖြစ်လာလို့ ဆက်ကုရတယ်။ ၂ နှစ်လောက် အိပ်ရာထဲလဲနေတာ။ အခုမှ ကျောင်းတွေ၊ သင်တန်းတွေပြန်တက်နိုင်တယ်”ဟု အသက်၂၄ နှစ်အရွယ်အမျိုးသမီး တစ်ဦးကပြောသည်။
လေးဘက်နာရောဂါသည် ခုနစ်မျိုးရှိပြီး ကလေးလေးဘက်နာ အသက် ၅နှစ်မှ ၁၀ နှစ်အတွင်း ပိုးလေးဘက်နာသည် အသက် ၁၀နှစ်မှ ၁၆ နှစ်အတွင်း(အာသီး ရောင်ရာမှပိုးစတင်ဝင်ပြီး အဆစ်နာခြင်းနှင့် နှလုံး အားထိခိုက်ခြင်းများဖြစ်နိုင်သည်)၊ အရေပြားလေးဘက်နာသည် အသက် ၁၈ မှ ၄၀ နှစ်အတွင်း၊ သွေးလေးဘက်နာသည် အသက် ၃၀ မှ ၆၀ နှစ်အတွင်း၊ တုံ့ပြန်လေးဘက်နာသည် အသက် ၂၀ မှ ၄၀နှစ်အတွင်း အမျိုးသားများတွင် အဖြစ်များသည့် ခါးဆစ်ရောင်လေးဘက်နာသည် အသက် ၂၀ မှ ၅၀ နှစ်အတွင်း၊ အရေပြားထူလေးဘက်နာသည် အသက် ၁၆နှစ်မှ စတင်ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ သွေးလေးဘက်နာသည် ခုခံအားစနစ်များပြားခြင်းကြောင့် ဖြစ်ပွား
ခြင်းဖြစ်ပြီးဆေးကုသသည့်အခါ အကိုက်အခဲပျောက်ဆေး၊ ခုခံအား ထိန်းဆေးနှင့် စတီးရွိုက်ဆေးများအသုံးပြု၍ ကုသရကြောင်း သိရသည်။

_
Credit .... 7Day News

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း