' ရှင်ဥပဂုတ္တမထေရ် '
' ရှင်ဥပဂုတ္တမထေရ် '
အသောကမင်းကြီး အကြောင်းလျှောက်ဖတ်ရင်းနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ရှင်ဥပဂုတ်မထေရ်အကြောင်းကို တွေ့မိပါတယ်။ရှင်ဥပဂုတ်မထေရ်ကို မြန်မာနိုင်ငံမှာ အစဉ်လာတစ်ရပ်အဖြစ်၊ တန်ခိုးကြီးမားလှတဲ့ ရဟန္တာမထေရ်မြတ်တစ်ပါးအဖြစ်ထင်ထင်ရှားရှား ကိုးကွယ်ကြပေမဲ့ မထေရ်မြတ်နဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ ကျမ်းဂန်အထောက်အထား ရှားပါးကြောင်းတွေ့ရပါတယ်။ အင်တာနက် စာမျက်နှာပေါ်မှာ ရေးသူ အမည်မပါပေမဲ့ ဆရာတော်တစ်ပါး ရေးသားထားမယ်လို့ ခန့်မှန်းရတဲ့ ရှင်ဥပဂုတ်ရှင်းတမ်း ဆိုတဲ့ သုံးသပ်ချက်ရယ်၊ အနောက်တိုင်းက ဗုဒ္ဓစာပေ ပညာရှင် အချို့ရဲ့ သုံးသပ်ချက်တွေရယ် လက်လှမ်းမှီသမျှ ရှာဖွေပြီးမျှ ဝေလိုက်ပါတယ်။
ပထမ ဆရာတော်ရဲ့ ရှင်းတမ်းကို အနှစ်ချုပ်ဖော်ပြရရင် (၁) ရှင်ဥပဂုတ္တ မထေရ်အကြောင်းရာဟာ မူလ ထေရ၀ါဒ အခိုင်အမာ ပိဋကတ်စာပေမှာ မရှိဘူး။ (၂) အများယုံကြည်နေသလို ယခုအချိန်ထိ သက်ရှိထင်ရှား ရှိနေပြီး တောင်သမုဒ္ဒရာမှာကြေးပြသာဒ်နဲ့ သီတင်းသုံး နေတော်မူတယ် ဆိုတာ မဟုတ်ဘူး။ (၃) ထေရ၀ါဒ နှောင်းခေတ်ရေး ပါဠိအဖွင့်ကျမ်း၊ ထပ်ဆင့်အဖွင့် ကျမ်းနဲ့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားတဲ့ ရှင်ဥပါဂုတ်မထေရ်မြတ်ရဲ့ တန်ခိုးအစွမ်းနဲ့ ပတ်သက်ပြီးရေးသားချက်တွေဟာ မူလ ထေရ၀ါဒ ပါဠိပိဋကတ်တော်နဲ့ မကိုက်ညီဘူး၊ ချဲ့ကားမူတွေပါပြီး မဟာယာနကျမ်းဂန်တွေကို မှီးငြမ်းရေးသားထားခြင်း ဖြစ်တယ်။ (၄) ရဟန္တာပုဂ္ဂိုလ်တစ်ဦးအဖြစ် သီလ၊ သမာဓိ၊ ပညာ ဂုဏ်တွေကို ရည်မှန်းပြီး ပူဇော်ခြင်း က ထေရ၀ါဒမူအရ သင့်လျော်မှန်ကန်တဲ့ပူဇော်ခြင်းဖြစ်ပေမဲ့ရဟန္တာမထေရ်မြတ်တစ်ပါးကို အစောင့်ချသလို ဘေးအန္တာရာယ် ကာကွယ်ဖို့ သက် သက် ပူဇော်တာဟာ မသင့်မြတ်ဘူး လို့ ဆိုရမှာ ဖြစ်တယ်။
ဒီလို အထက်က ကောက်ချက်တွေချဖို့ အတွက် အရင်ဆုံး ရှင်ပဂုတ္တမထေရ်မြတ်အကြောင်း တွေ့ရတဲ့ ယနေ့ခေတ်ထေရ၀ါဒ ကျမ်းဂန်တွေကို စိစစ်ပြထားတယ်။ ပထမ အကျယ်တ၀င့်တွေ့ရတာက ကျီးသဲလေးထပ် ဆရာတော်ကြီးရဲ့ ဇိနတ္ထပကာသနီ ကျမ်းဖြစ်တယ်။ ဆရာတော်ကြီးဟာ လောကပညတ္တိကျမ်း၊ မဟာဝံသဋီကာ၊ မဟာဝင်ဝတ္ထု၊ သီဟိုဠ်မူ မဇ္ဈိမနိကာယ် အဋ္ဌကထာ၊ ၀ဇီရ ဗုဒ္ဓိဋီကာနဲ့ မိလိန္ဒပဉှာ ကျမ်းမှာ ဖော်ပြထားတဲ့ ရှင်ဥပဂုတ္တမထေရ်မြတ်ရဲ့အကြောင်းချင်းရာတွေ အနက်က လောကပညတ္တိကျမ်းကိုမူတည်ပြီးမှီငြမ်းရေးသားထား တယ်လို့ယူဆရပြီးအဲဒီမှီငြမ်းရာကျမ်းဂန်တွေထဲကရှင်ဥပဂုတ္တမထေရ်မြတ်အကြောင်းဟာ မဟာယာန ကျမ်းဂန်တွေရဲ့ လွှမ်းမိုးမူကနေ လာတယ် လို့ ခန့်မှန်းထားပါတယ်။ ဦးကုလားရဲ့ မဟာရာဇ၀င်နဲ့ ရာဇ၀ံသ ကျမ်းတွေမှာ လည်း ရှင်ဥပဂုတ္တ အကြောင်းတွေ့ရပေမဲ့အဲဒီကျမ်းတွေဟာလည်းအထက်မှာ ဆိုခဲ့တဲ့ ပါဠိကျမ်းတွေကို မှီငြမ်းရေးသားထားခြင်းဖြစ်ပါသတဲ့။ ခုဆိုခဲ့တဲ့ ကျမ်းတွေထဲက လောကပညတ္တိကျမ်းဟာ (၁၁/၁၂) ရာစုအတွင်းကသဒ္ဓမ္မဃောသဘွဲ့တော်ရှိတဲ့ဆရာတော်တစ်ပါးဟာသထုံမှာ ရေးသားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ လောကပညတ္တိကျမ်းဟာ သက္ကတကျမ်းတွေကို မှီငြမ်းတယ်လို့ ပြောရပေမဲ့ဇာတ်ကြောင်းအချင်းရာကွဲလွဲချက်အများကြီးရှိနေပြီး ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့ ပိုမို ဆီလျော်တဲ့ ဇာတ်ကြောင်းကို တွေ့ရပါတယ်။ ဥပမာ - ဆွမ်းနဲ့ ပတ်သက်ပြီး ရဟန်းတစ်ပါးက သူ့မိဘထံက ရရှိတဲ့ ဆွမ်းကို ဘုဉ်းပေးသုံးဆောင်ဖို့ ပြောတဲ့အခါ ရှင်ဥပဂုတ္တမထေရ်က သင့် ဆွမ်းဟာ သား ဆိုတဲ့ ချစ်ခြင်းကြောင့် ရရှိတဲ့ ဆွမ်းဖြစ်တယ်၊ မစင်ကြယ်ဘူး၊ ငါ မသုံးဆောင်ဘူး လို့မိန့်ကြောင်းတွေ့ရတယ်။
တစ်ခါ ရှင်ဥပဂုတ္တမထေရ်မြတ်နဲ့ ပတ်သက်ပြီး ပါဠိကျမ်းဂန်တွေက မှီငြမ်းတယ်ဆိုတဲ့ ဒိဗျာဝဒါန ကျမ်းမှာဟာလည်း တတိယ သင်္ဂါယနာခေတ် မတိုင်မှီက ဂိုဏ်းပေါင်း (၁၈) ဂိုဏ်းကွဲထွက်ခဲ့ရာက ထေရ၀ါဒကကွဲထွက်ခဲ့တဲ့မူလသဗ္ဗတ္ထိဝါဒဂိုဏ်းဝိနယပိဋကတ်ကနေအများစုအားဖြင့်ယူထားတာဖြစ်တယ်။ အဲဒီ ၀ိနယ ပိဋကတ်ဟာ အေဒီ (၁) ရာစုလောက်က သက္ကတဘာသာနဲ့ မှတ်တမ်းတင်ခဲ့တာဖြစ်ပြီးယခုရှိနေတဲ့မူကတိဘက်နဲ့တရုတ်ဘာသာပြန်မူ ဖြစ်တယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ အဲဒီ ဒီဗျာဝဒါန ကျမ်းရဲ့ အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ ရှင်ဥပဂုတ္တမထေရ်အကြောင်း အဓိကပါတဲ့ အသောက၀ဒါန အပိုင်းဟာ အေဒီ (၁) ရာစုမှာ ဗုဒ္ဓ၀င် ရေးဖွဲ့မူနဲ့ ပတ်သက်ပြီး နာမည်ကျော်ကြားလှတဲ့ အရှဝဃောသမထေရ်ရဲ့ သက္ကတ ဘာသာနဲ့ ရေးသားထားတဲ့ သုတြလင်္ကာရ ကျမ်းက ယူထားတာလို့ ဆိုပါတယ်။
အဲဒီ အထဲမှာ ရှင် ဥပဂုတ္တအကြောင်း အဓိကပါတဲ့ အပိုင်းဟာ အေဒီ ၄ ရာစု အစလောက်မှာ တရုတ်ဘာသာကို ပြန်ဆိုခဲ့တဲ့ အသောက၀ါဒန ရယ်၊ နောက်ထပ် အေဒီ ၆ ရာစုလောက်မှာ ပြန်ဆိုခဲ့တဲ့ အသောကရာဇသုတြ ရယ်ဖြစ်ပါတယ်တဲ့။ အဲဒီထဲမှာ မှတ်တမ်းတင်ထားတဲ့ အကြောင်းရာတွေ ဟာ အစောဆုံး အေဒီ (၁) ရာစု ကနေ၊ နောက်ကျဆုံး အေဒီ (၄) ရာစုအကြောင်းရာ တွေဖြစ်တယ်။
နောက်ထပ် တွေ့ရတဲ့ ရှေးဟောင်းသက္ကတ ကျမ်းဂန်တွေကတော့ အေဒီ နှစ်ရာစုလောက်က ရေးခဲ့တဲ့ အ၀ဒါနသကတ ကျမ်းဖြစ်ပြီး အေဒီ (၃) ရာစု အလယ်ပိုင်းလောက်မှာ တရုတ်ဘာသာပြန်ခဲ့သတဲ့၊ ပြီးတော့ က္လပနာမဏ္ဍိ ဋီကာ ကျမ်းကတော့ အေ ဒီ (၃) ရာစုကရေးခဲ့တာလို့ ယူဆပြီး၊ အချို့ကလည်း ကျမ်းပြုသူဟာ အရှဝဃောသ နဲ့ ခေတ်ပြိုင်ဖြစ်ပြီး အေဒီ (၁) ရာစုက ရေး ခဲ့တာဖြစ်တယ် လို့လည်း ယူဆကြသတဲ့။
အဲဒီ ဆိုခဲ့တဲ့ သက္ကတကျမ်းဂန်တွေဟာ အသောကမင်းကြီး အမည်နဲ့ ခေါင်းစဉ်တပ်ထားပေ မဲ့အဓိကချီးကျူးရေးဖွဲ့ထား တာဟာ ရှင်ဥပဂုတ္တမထေရ်မြတ်ရဲ့ ဂုဏ်တွေသာ ဖြစ်နေသတဲ့။ ဒီနောက် ခေတ်တွေမှာလည်းရှင်ဥပဂုတ္တက အသောကမင်းကြီးကို ဟောကြားတဲ့ အကြောင်းရာတွေနဲ့ ပတ်သက်ပြီး ကျမ်းများစွာ ရှိပါသေးတယ်။ အဲဒီ အထဲက (၁၁) ရာစု အလယ်ပိုင်းလောက် မှာ ရေးသားခဲ့တဲ့ အ၀ဒါန က္လပလတာ ကျမ်းရဲ့ တိဘက်ဘာသာပြန်ဟာ တိဘက်ပြည်မှာ ထင်ရှားကြောင်းတွေ့ရတယ်။ ဒီနေရာမှာ ထူးခြားချက်တစ်ခုကို သိထားသင့်တာက မြောက်ပိုင်းဗုဒ္ဓဘာသာက အသောကမင်းကြီးနဲ့ ပတ်သက်တဲ့ ကျမ်းဂန်တွေမှာ မင်းကြီးကို လမ်းညွှန်တဲ့ ဆရာ မထေရ်မြတ်ဟာ သီဟိုဠ် ကျမ်းဂန်တွေမှာ ဖော်ပြသလို ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မဟုတ်ဘူး၊ရှင်ဥပဂုတ္တမထေရ်သာ ဖြစ်တယ်။ ရှင်မဟာ မောဂ္ဂလိပုတ္တ တိဿ မထေရ်ရဲ့ ဘွဲ့ အမည်ကို တစ်စွန်းတစ်စ မှ မတွေ့ရတဲ့ အချက်ဖြစ်တယ်။
ဒီ သက္ကတ အ၀ဒါန ကျမ်းဂန်တွေဟာ ခေတ်ဦးအစမှာတုန်းက ဗုဒ္ဓ၀ါဒ သီခြားဂိုဏ်းတစ်ဂိုဏ်းရဲ့ မူပိုင် မဟုတ်ခဲ့ပေမဲ့၊ နှောင်းခေတ်မှာ မဟာယာန နဲ့ ၀ိဇ္ဇာယာန ဗုဒ္ဓ၀ါဒ ဂိုဏ်းတွေက ဒီ ကျမ်းဂန်တွေကို အဓိက အမှီပြုခဲ့ကြရာကနေ အဲဒီ ဗုဒ္ဓ၀ါဒ ထွန်းကားတဲ့ နေရာ ဒေသ၊ တိုင်းပြည်တွေမှာ ရှင်ဥပဂုတ္တ မထေရ်မြတ်နဲ့ ပတ်သက်တဲ့ အကြောင်းရာတွေဟာ အထူးပြန့်နှံ့သွားတယ် လို့ ဆို တယ်။ အဲဒီ ဂိုဏ်းတွေ အဆိုအရ ရှင်ဥပဂုတ္တဟာ ရှင်မဟာကဿပ၊ ရှင် အာနန္ဒာ၊ ရှင် သာဏက ၀ါသီ စတဲ့ ဆရာ အစဉ်ဆက် သုံး ပါး နောက် ကပ်လျက် ပေါ်ထွန်းခဲ့ တဲ့ လေးဆက်မြောက် ထေရ်အရှင်သူမြတ်ဖြစ်တယ် လို့ ဆိုပါတယ်။ ဒါကြောင့်မို့ လို ရှင်ဥပဂုတ္တမထေရ်ဟာအထူးပူဇော်ခံရတာဖြစ်ပြီး တရုတ်ကျမ်းဂန်တွေမှာ ဆို မထေရ် မြတ်က ဝေနေယျတွေကို အဆန်းတကြယ် ချေ ချွတ်တဲ့ အကြောင်းတွေ ရေးသားထားပြီး၊ အဲလို ချွေချွတ်တဲ့ ထဲမှာ အသောကမင်းကြီးလည်းပါတယ်။ မထေရ်မြတ်ဟာ ဗုဒ္ဓ၀ါဒနဲ့ ပတ်သက်ပြီး အသောကမင်းကြီးကို အဓိက လမ်းညွှန်ဆုံးမသူဖြစ်တယ် လို့ ဆိုတယ်။ သို့ပေမဲ့ ဒီ အဆိုဟာ မခိုင်မာ ကြောင်းထောက်ပြထားပါတယ်။
ဘာကြောင့်တုန်းဆိုတော့ ဒိဗျာဝဒါနမှာ အသောကမင်းကြီးရဲ့ ခေတ်ကို ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံပြီး နှစ်တရာ အဖြစ်ရေးသားထား လို့ဖြစ်တယ်။ ဒါဟာ အခြား သမိုင်းဆိုင်ရာ သက်သေ အထောက်ထားများစွာနဲ့ ကွဲလွဲချက်ဖြစ်နေပြီး အသောကမင်းကြီးကို ဒုတိယ သင်္ဂါယနာတင်ရာမှာ ထောက်ပံ့လှူဒါန်းခဲ့တဲ့ သီသုနာဂမင်းဆက်က ကာလသောက မင်းနဲ့ မှားတာ ဖြစ်မယ်လို့ ခန့်မှန်း ကြပါတယ်။ ဒီ လို အသောကမင်းကြီး ခေတ်ကို ရှေ့ နှစ်တရာ တိုးလိုက်ခြင်းဟာရှင်ဥပဂုတ္တမထေရ်ရဲ့ဇာတ်ကြောင်းနဲ့ဆက်စပ်ချင်လို့ ဖြစ်မယ် လို့ ယူဆရတယ်။ ဘာကြောင့်တုန်းဆို မြောက်ပိုင်းဗုဒ္ဓဘာသာမှာ တတိယမြောက် ဆရာအစဉ်ဆက် မထေရ် အဖြစ်ယူဆတဲ့ သနက၀ါသီ မထေရ် ဟာ ရှင်အာနန္ဒာရဲ့ တပည့်ဖြစ်ပြီး ကာလသောက ဘုရင်နဲ့ ခေတ်ပြိုင်ဖြစ်ရုံမျှမကဘူး ဒုတိယ သင်္ဂါယနာ ပွဲကြီးမှာ အကြီးမှူး ပြုဖို့ သဗ္ဗကာမီ မထေရ်မြတ်ကိုသွားရောက်ပင့်ဆောင်သူ ဖြစ်ကြောင်းကို ထေရ၀ါဒ ကျမ်းဂန်တွေဖြစ်တဲ့ ၀ိနည်းပိဋကတ်၊ စူဠ၀ါကျမ်းနဲ့ သီဟိုဠ် သမိုင်းမှတ်တမ်း ကျမ်းဂန်တွေမှာ ဖော်ပြထားလို့ ဖြစ်တယ်။ ဒါကြောင့်မို့ လို့ ပါဠိကျမ်းဂန်တွေမှာ သမ္ဘူတ သာန၀ါသီလို့ ထင်ရှားတဲ့ မထေရ်မြတ်ရဲ့ တပည့်ဖြစ်တယ် လို့ ဆိုတဲ့ ဥပဂုတ္တမထေရ်ဟာ မောရိယဘုရင် အသောကမင်းနဲ့ ခေတ်ပြိုင်ဆိုတာထက် ကာလ သောကမင်းနဲ့ ခေတ်ပြိုင်ဖြစ်ဖို့ ပိုများပါ တယ်။ ဒီလို မှားတာဟာ ဒီ ဘုရင်နှစ်ပါးလုံးက ပါဋလိပုတ်မှာ ထီးနန်းစိုက်ခဲ့လို့ဖြစ်တယ်။ ကာလသောက ဘုရင်က ရာဇဂြိုလ်ကနေ ရွှေ့ပြောင်းပြီး ပါဋလိပုတ်မှာ စိုးစံခဲ့တာဖြစ်တယ် လို့ဆိုပါတယ်။
ဒီလိုဆို ရှင်ဥပဂုတ္တနဲ့ ပတ်သက်ပြီး သက္ကတ ဘာသာနဲ့ မှတ်တမ်းတင်ထားတဲ့ မဟာယန ကျမ်းတွေနဲ့ ပတ်သက်ပြီး အတော် အတန်သိသွားမယ်ထင်ပါတယ်။ ဒီတော့ မြန်မာပြည်ဘက် ကိုနည်းနည်း ကြည့်လိုက်မယ်။ အဲဒါကတော့ ပိဋကတ်စာပေအလွန် ကျွမ်းကျင်နှံ့စပ်တော်မူတဲ့ မုံရွေးဆရာတော်ကြီးရဲ့မှတ်ချက် ဖြစ်တယ်။ ဆရာတော်ကြီးရဲ့ သမန္တစက္ခု ဒီပနီမှာ ရှင်ဥပဂုတ္တ မထေရ်အကြောင်းနဲ့ ပတ်သက်ပြီး ကစ္စည်းသဒ္ဒါကျမ်းနဲ့ သဒ္ဒနီတိသဒ္ဒါကျမ်းတို့မှာ အသောကမင်းကြီးရဲ့ အလှူပွဲကို နှောင့်ယှက်ဖျက်စီးတဲ့ မာနတ်ကို ဆုံးမပုံနဲ့ ပတ်သက်ပြီး သာဓကထုတ်ထားတာရယ်၊ မိလိန္ဒပဉှာကျမ်းမှာ အမည်နာမတော် တစ်စွန်းတစ်စရယ်က လွဲရင်ခိုင်ခိုင်မာမာအတ္ထုပ္ပတ္တိမတွေ့ဘူးကြောင်းဖြေကြားထားပါတယ်။
အဲဒီတော့ ဆိုခဲ့ပြီးတာတွေကို အနှစ်ချုပ်လိုက်ရင် ဗုဒ္ဓ၀ါဒ ဟာ ဗုဒ္ဓမြတ်စွာပွင့်ထွန်းတော်မူခဲ့တဲ့ ဇမ္ဗူဒိပ်ကျွန်းလို့ ခေါ်တဲ့ အိန္ဒိယနိုင်ငံကြီးမှာ ဗုဒ္ဓမြတ်စွာ ပရိဗ္ဗာန်စံပြီး နှစ်တရာ လောက်ကစပြီး ဆန့်ကျင်ဘက်ဝါဒ ကိုးကွယ်မူ၊ ယုံကြည်မူတွေ စတင်ဖြစ်ပေါ်ခဲ့ပြီး နောက်ထပ် နှစ်ပေါင်းသုံးလေးရာရှိတဲ့အခါ ဆန့်ကျင်ဘက်ဝါဒတွေဟာအပြိုင်အဆိုင်အားကောင်းစွာရှိနေကြပြီ ဖြစ်ကြောင်းသမိုင်းမှတ်တမ်းတွေကတစ်ဆင့်သိကြရတယ်။ နောက် အေဒီ(၇)ရာစု၊သာသနာနှစ်၁၂၀၀ လောက်ကနေ အိန္ဒိယနိုင်ငံမှာဗုဒ္ဓ၀ါဒအားနည်းယုတ်လျော့သွားလိုက်တာ (၁၁)၊ (၁၂) ရာစုလောက်ရောက်တဲ့အခါ ဆန့်ကျင်ဘက် ယုံကြည်ကိုးကွယ်မူ၊ ဘာသာဝါဒတွေက စစ်မှန်တဲ့ ဗုဒ္ဓ၀ါဒကို လွှမ်းမိုးသွားလို့ နောက်ထပ်တဖန် ပြန်လည် မထွန်းကား နိုင်တော့တဲ့ အခြေနေရောက်အောင် တိမ်ကောသွားခဲ့ရပါတယ်။
အဲဒီ နောက်သီဟိုဠ်ကျွန်း၊ မြန်မာ၊ ထိုင်း တို့မှာ ထေရ၀ါဒ ဗုဒ္ဓသာသနာ ဆက်လက် ထွန်းကားပြန့်ပွားခဲ့၊ ဒီနေ့ ခေတ်ထိအောင် ပြန့်ပွားနေဆဲ ဆိုစေဦး၊ သာသနာ သမိုင်းတွေကို ကြည့်လိုက်ရင် အဲဒီ နိုင်ငံတွေမှာလည်း တစ်ကြိမ်တစ်ခါက ဗုဒ္ဓ၀ါဒဟာ ထေရ ၀ါဒသာမက၊ အခြား ဗုဒ္ဓ၀ါဒဆန်ဆန် အုတ်အရောရော၊ ကျောက်အရောရောဝါဒ တွေလည်းပြန့်နှံ့စိမ့်ဝင်ခဲ့ကြောင်းတွေ့ကြရတယ်။
ဒီတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ ပါဠိ၊ ပိဋကတ်တော်တွေ သို့မဟုတ် ပိဋကတ်တော် မြန်မာပြန်တွေကို လေ့လာကြပါ။ မလေ့လာနိုင်ရင်ကျမ်းတတ်ဆရာတော်သမားတော်ကြီးတွေရဲ့တရားတော်များနာကြားကြပါ၊ ဓမ္မစာပေများဖတ်ရူကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဗုဒ္ဓသာသနာ ခေတ်ကောင်းစဉ်က ရဟန်းတော်တွေသာမက၊ လူ ဥပါသကာ၊ ဥပါသိကာမ တွေလည်း ပိဋကတ်တော်ကို နှံ့စပ်ကျွမ်းကျင်ပြီး စစ်မှန်တဲ့ ဗုဒ္ဓ၀ါဒကို ကောင်းကောင်းနားလည်ကြလို့ ကိုးကွယ်ရာ အစစ်ကို ရှာနိုင်ခဲ့ကြကြောင်း တွေ့ကြရတယ်။ နောက်ဆုံးအနေနဲ့ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူစက မာနတ်ကြီးလာရောက်ပြီး ဗုဒ္ဓမြတ်စွာကို ပရိနိဗ္ဗာန်စံတော်မူဖို့ တိုက်တွန်းတဲ့ အခါ ဗုဒ္ဓမြတ်စွာက မာနတ်ကြီးကို ပြန်လည် မိန့်တော်မူတဲ့ မြတ်စွာဘုရားရဲ့ စကားတော် နဲ့ နိဂုံးချုပ်လိုက်ပါတယ်။
‘‘မာနတ် .ငါ၏တပည့်ရဟန်းတို့သည်(ရဟန်းမိန်းမတို့သည်/ဥပါသကာတို့သည်/ဥပါသိကာမတို့သည်) အကြင်မျှလောက် သောကာလပတ်လုံး တရားတော်၌ တတ်သိလိမ္မာမူ မရှိကြသေး၊ ကောင်းစွာ ဆုံးမပြီး မဖြစ်ကြသေး၊ တရားတော်၌ ရဲရင့်၍အကြားအမြင် မများကြသေး၊ တရားတော်ကို မဆောင်နိုင်ကြသေး၊ တရားနှင့်လျော်သော အကျင့်ကို မကျင့်နိုင်ကြသေး၊ မိမိတို့ဆရာဝါဒကိုသင်ယူ၍မဟောပြောနိုင်၊မတည်တံ့နိုင်၊မဖွင့်နိုင်၊မဝေဖန်နိုင်၊ ပေါ်လွင်ထင်ရှားအောင် မပြုနိုင်ကြသေး၊ ပေါ်ပေါက်လာသော သူတပါးတို့၏ ဆန့်ကျင်ဘက်ဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာနှိမ်နင်း၍ အကြောင်းနှင့်တကွသော အံ့ဖွယ်ရှိသော တရားကို မဟောပြောနိုင်ကြသေး ထိုမျှလောက်သော ကာလ ပတ်လုံး ငါသည် ပရိနိဗ္ဗာန် ပြုတော်မူမည်မဟုတ်’’
မဟာပရိနိဗ္ဗာနသုတ်
အားလုံးကိုယ်စိတ် နှစ်ဖြာချမ်းသာပါစေကြောင်း ..... ။
(ဘိက္ခု ကေသရ )
sources:
1. Emperor Asoka’s Place in History by Anada W.P Guruge
2. Literary History of Sanskrit Buddhism by G.K Nriman
3. Pali Literature of Burma by Mabel Haynes Bodes
4. Buddhist Saints in India by Reginald A. Ray
5. The legend and cult of Upagupa by John S. Strong
6. ဇိနတ္ထပကာသနီ၊ ကျီးသဲလေးထပ်ဆရာတော်၊
7. သမန္တစက္ခု ဒီပနီ၊ မုံရွေးဆရာတော်
8. ရှင်ဥပဂုတ် ရှင်းတမ်း ... ( ...................... )

Comments
Post a Comment