" ဝါဆိုသင်္ကန်း နှင့် မိုးရေခံသင်္ကန်း "
" ဝါဆိုသင်္ကန်း နှင့် မိုးရေခံသင်္ကန်း "
* ဝါဆိုသင်္ကန်း ....
ဝါဆိုသင်္ကန်းလို့ ဆိုလိုက်လျှင် ဝါဆိုသောအခါ ဝတ်ရုံတဲ့ သင်္ကန်းကို ဝါဆိုသင်္ကန်းလို့ ယခုအခါ မှတ်ယူနေကြတယ်၊
သို့သော်လည်း ပါဠိတော်မှာလာတဲ့ ဝါဆိုသင်္ကန်းက ဝါဆိုရန် ဝတ်တဲ့ သင်္ကန်းမဟုတ်ဘူး၊ ဝါဆိုရက်မှာ ဝါဆိုပြီး ဝါကျွတ်သည့်တိုင်အောင် ဝါမပျက်တဲ့ ရဟန်းတော်အား လှူဒါန်းတဲ့ သင်္ကန်းကို (ဝါဆိုသင်္ကန်း)လို့ ဆိုလိုတယ်၊
ဒီအကြောင်းနှင့် ပတ်သက်ပြီး ပါတိမောက်နိဿဂ္ဂိယ ပါစိတ် ပတ္တဝဂ်ကလာတဲ့ အစ္စေကစီဝရအကြောင်း ပြောပြဦးမယ်”
“မိန့်တော်မူပါဘုရား”
“ဘုရားသခင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးတော်မူစဉ် အခါက အမတ်တစ်ယောက်ဟာ စစ်တိုက်ထွက်ခါနီး င့ါအသက်ဟာ သိပ်မသေချာဘူး၊
သေကောင်း ကောင်း ဖြစ်အောင် ဝဿဝါသိကခေါ်တဲ့ ဝါဆိုသင်္ကန်း လှူဒါန်းဦးမှ သင့်လျော်မယ်၊ သို့သော်လည်း ငါ့မှာ စစ်ထွက်ခါနီးနေလို့ အမှုကိစ္စ များတယ်၊
ကိုယ်တိုင် သွားမလှူနိုင်ဘူး၊ အရှင်ကောင်းများကို ပင့်လှူမှပဲလို့ အကြံဖြစ်ပြီး အရှင်မြတ်တို့ တပည့်တော်အိမ် ကြွရောက်ပြီး ဝါဆိုသင်္ကန်း အလှူခံယူတော်မူကြပါလို့ အလျှောက်ခိုင်းတယ်၊ ရဟန်းတော်များလည်း ဝါကျွတ်သံဃာအား ဝါဆိုသင်္ကန်းခံယူစေလို့ ဘုရားရှင်ခွင့်ပြုချက် မရှိသေးဘူးလို့ ယုံမှားမှုရှိကြတဲ့အတွက် သင်္ကန်းအလှူခံမကြွကြဘူး၊
အဲဒီအခါ အမတ်ကြီးက အရှင်မြတ်များဟာ အပင့်လွှတ်ပါလျက် ဘာကြောင့် မကြွခဲ့ကြတာလဲ၊ ငါက စစ်တိုက်သွားရမှာ၊ အသက်သေမည် ရှင်မည် မသိနိုင်ဘူးလို့ ကဲ့ရဲ့သတဲ့၊
ဒီသတင်းကို ဘုရားရှင် ကြားတော်မူလို့ အဆောတလျင် လှူအပ်သော အစ္စေကသင်္ကန်းကို ခွင့်ပြုတော်မူတယ်”
“ဒီနေရာမှာ အစ္စေက သင်္ကန်း ဆိုတာ အသက်ကို စိတ်မချရတဲ့ စစ်ထွက်မည့် ပုဂ္ဂိုလ်မျိုး၊ ခရီးထွက်မည့် ပုဂ္ဂိုလ်မျိုး၊ ကိုယ်ဝန်ဆောင် ပုဂ္ဂိုလ်မျိုးများနှင့် အသစ် သဒ္ဓါတရား ဖြစ်ပွားတဲ့ ပုဂ္ဂိုလ်မျိုးများ လှူဒါန်းတဲ့ သင်္ကန်းကို ဆိုလိုတယ်၊
ဒီသင်္ကန်းကို (ဝဿဝါသိက) ဝါဆိုသင်္ကန်းလို့ပင်ခေါ်ဝေါ်၊ ဝါကျွတ်သင်္ကန်းလို့ပင် ခေါ်ခေါ်၊ အစ္စေက အဆောတလျှင် ရှောင်တခင် လှူဒါန်းအပ်သော သင်္ကန်းလို့ပင် ခေါ်ခေါ်သီးခြားသင်္ကန်း မဟုတ်ဘဲ သင်္ကန်းကိုးထည်အတွင်းက တစ်ထည်ထည်သော သင်္ကန်းသာဖြစ်တယ်၊
ဒါကြောင့် ဦးသုဇာတရဲ့ အမေးကို ဖြေရလျှင် ဝဿဝါသိကခေါ်တဲ့ ဝါဆိုသင်္ကန်းဟာ ဘုရားရှင် လက်ထက်တော်ကာလက သာဝတ္ထိပြည် စစ်ထွက်ခါနီး အမတ်ကြီး စတင် လှူဒါန်းသည်ကို အကြောင်းပြု၍ ဘုရားရှင် ခွင့်ပြုတော်မူပါတယ်လို့ ဖြေဆိုလိုက်ပါတယ်ကွယ်။
မိုးရေခံသင်္ကန်းကို (ဝဿိကသာဋိက) လို့ ခေါ်တယ်၊ ဝါဆိုသင်္ကန်းကိုတော့ (ဝဿဝါသိကာ) လို့ ခေါ်တယ်၊ ဒါကြောင့် ဝါဆိုသင်္ကန်းဟာ မိုးရေခံသင်္ကန်းမဟုတ်ဘူး၊ မိုးရေခံသင်္ကန်းအတွက် ပါတိမောက် ရတနဝဂ်မှာ သိက္ခာပုဒ် သီးသန့်ရှိတယ်ကွယ့်”
“မှန်ပါ၊ အဲဒီ သိက္ခာပုဒ်အကြောင်း အနည်းငယ် မိန့်တော်မူပါဦး ဘုရား”
* မိုးရေခံသင်္ကန်း ....
“မြတ်စွာဘုရားသခင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ စံနေတော်မူစဉ် ကာလက ဝိသာခါ ဒါယိကာမကြီးဟာ ဘုရားဖူးလာတယ်၊ ဘုရားဖူးပြီး ပြန်ခါနီးမှာ ဘုရားရှင်နှင့်တကွ သံဃာကုန် ဆွမ်းကျွေးလိုပါသဖြင့် နက်ဖြန် နံနက် ကြွရောက် ချီးမြှောက်တော်မူပါရန် လျှောက်ထားတယ်၊ အဲဒီ ညလွန်တော့ မိုးကြီး သည်းထန်စွာ ရွာသတဲ့၊ ဘုရားသခင်က ရဟန်းတို့ ယခုမိုးဟာ လေးကျွန်းလုံး ရွာသွန်းတဲ့မိုးဖြစ်တယ်၊ ကိုယ်ကိုမိုးရေခံကြလို့ မိန့်တော်မူတဲ့အတွက် ရဟန်းများဟာ သင်္ကန်းတွေ ချထားပြီး ကိုယ်ကို မိုးရေခံကြသတဲ့၊ အဲဒီအချိန်မှာ ဝိသာခါ ခိုင်းစေလိုက်တဲ့ ကျွန်မက ကျောင်းတော်ကို အပင့်ရောက်လာတယ်၊ ဇေတဝန်ကျောင်းတော်မှာ ကိုယ်ကို မိုးရေခံနေကြတဲ့ ရဟန်းတော်များကို မြင်တော့ အဝတ်မဝတ်တဲ့ အာဇီဝကတွေလို့ အထင်မှားပြီး အိမ်ပြန်ကာ ကျောင်းမှာ ရဟန်းတွေမရှိဘူး၊ အာဇီဝကတွေ မိုးရေခံနေကြတာသာ ရှိတယ်လို့ ဝိသာခါကို ပြောသတဲ့။
ဝိသာခါက ပညာရှိတော့ မိုးရေခံနေကြတာဟာ အာဇီဝကတွေ မဟုတ်ဘူး၊ ရဟန်းများ သင်္ကန်းချပြီး မိုးရေခံနေကြတာ ဖြစ်ရမယိလို့ ထပ်ပြီး အပင့်ခိုင်းပြန်တယ်၊ ဒီအချိန် ရဟန်းတော်များ မိုးရေချိုးပြီးလို့ သင်္ကန်းပြန်ဝတ်ပြီး ကျောင်းတွင်းမှာ သီတင်းသုံးနေကြတယ်၊ ကျွန်မဟာ ကျောင်းတော်ကို လာကြည့်တယ်၊ ဆိတ်ငြိမ်နေတာကို မြင်ပြန်တော့ အိပ်ပြန်ပြီး ကျောင်းမှာ ဘယ်သူမျှ မရှိဘူးလို့ ပြောပြန်တယ်၊ ဝိသာခါက ကျောင်းမှာ ကိုယ်တော်တွေ အမှန်ရှိတယ်၊ မိုးရေချိုးပြီးလို့ ကျောင်းခန်အတွင်း ဝင်နေကြတာဖြစ်မယ်လို့ တွက်ဆပြီး ကျွန်မကို ထပ်မံအပင့်ခိုင်းပြန်တယ်။
ဒီအချိန် ဘုရားရှင်က ရဟန်းတော်များကို သတိပေးတော်မူပြီး ကျောင်းတော်မှ ဝိသာခါအိမ်အရောက် ရဟန်းတော်များနှင့်တကွ တန်ခိုးဖြင့် ကြွတော်မူတယ်၊ ဒူးဆစ်လောက် ရေတွေလျံအောင် မိုးရွာထဲမှာ တစ်စုံတစ်ရာ မိုးရေစိုခြင်း မရှိတဲ့ ဘုရားရှင်ရဲ့ တန်ခိုးတော်ကိုမြင်လို့ ဝိသာခါ ဒါယိကာမကြီးဟာ အလွန်ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဆွမ်းလုပ်ကျွေးတယ်၊ ဆွမ်းလုပ်ကျွေးပြီးတော့ ဘုရားရှင်ထံတော်မှာ ဆု (၈)ပါး တောင်းခံသတဲ့။
ဝိသာခါ တောင်းခံတဲ့ (၈)ပါးက -
(၁) အသက်ထက်ဆုံး သံဃာတော်အား မိုးရေခံသင်္ကန်း လှူလိုခြင်း၊
(၂) ဧည့်သည် အာဂန္တုတို့အား ဆွမ်းလှူလိုခြင်း၊
(၃) ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုခြင်း၊
(၄) သူနာရဟန်းတို့အား ဆွမ်းလှူလိုခြင်း၊
(၅) သူနာပြုရဟန်းတို့အား ဆွမ်းလှူလိုခြင်း၊
(၆) သူနာရဟန်းတို့အား ဆေးလှူလိုခြင်း၊
(၇) အမြဲ ယာဂုလှူလိုခြင်း၊
(၈) ဘိက္ခုနီသံဃာအား ရေသနုပ် လှူလိုခြင်းတို့ ဖြစ်ကြတယ်။
ဒီ ဆုရှစ်ပါးအနက် ပထမဆုအရ မိုးရေခံသင်္ကန်းကို ဘုရားရှင် ခွင့်ပြုတော်မူတယ်၊ မိုးရေခံသင်္ကန်းဟာ ဘုရားရှင်ရဲ့ အထွာတော်ဖြင့် အလျား ၆-ထွာ၊ အနံ နှစ်ထွာခွဲထက် မပိုစေရဘူး၊ ပိုလျှင် ပါစိတ်အာပတ် သင့်တယ်။
Credit ... ထေရဝါဒရနံ့
ကောက်နုတ်ချက်
ထီးချိုင့်မြို့ (တည်တော) ဆရာတော်ကြီး
ယနေ့ ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ အတွဲ (၄) မှကောက်နုတ်ပါသည်။

Comments
Post a Comment