' ကြည့်မှန် '

' ကြည့်မှန် '

ကြည့်မှန်သည် ရှုကြည့်ရန်မှန်ကို ဆိုလိုသည်။ ယခုခေတ် တွင် ကြည့်မှန်အမျိုးမျိုး လုပ်နိုင်ကြသော်လည်း၊ သမိုင်းမစမီ ရှေးပဝေဏီအခါကမူ ကြည့်မှန်များကို မပြုလုပ်တတ်ကြသေး ချေ။ ထိုခေတ်လူများသည် မိမိတို့အရိပ်ကို ကြည့်မြင်လိုက ရေအိုင်များ၌သာလျှင် မြင်နိုင်ကြသည်။ တဖြည်းဖြည်း ယဉ်ကျေးလာသောအခါ ကြေးပြားကြီးများကို ချောမွတ် ပြောင်လက်အောင် တိုက်ချွတ်အရောင်တင်၍ မိမိတို့၏ အရိပ်ကို ကြည့်ကြသည်။ အီဂျစ်၊ ဂရိ၊ ရောမလူမျိုးတို့သည် ထိုကြေးပြားကြီးမျိုးကို ကြေးနီနှင့် သံဖြူ ရောစပ်ပြုလုပ်၍ အချောပွတ်ကာ သုံးစွဲခဲ့ကြသည်။ ယင်းသို့ အရိပ်ထင်အောင် အချောပွတ်ထားသော ကြေး စသည့်သတ္တုပြားကို မြန်မာတို့က 'ကြေးမုံ'ဟု ခေါ်ဆိုကြသည်။

မှန်ချပ်၏တစ်ဖက်တွင် ခဲရည်၊ သို့မဟုတ် သံဖြူရည် သုတ်ထားသော ကြည့်မှန်များသည် ၁၃ ရာစု အတွင်းတွင်မှ ပေါ်ပေါက်လာခဲ့၏။ ကြည့်မှန် ပြုလုပ်ပုံနည်းသည် အဆင့်ဆင့် တိုးတက်လာရာ၊ ၁၇ ရာစုသို့ ရောက်သောအခါ ဗင်းနစ်မြို့သား တို့သည် ပြဒါးနှင့် သံဖြူရောစပ်ထားသည့် သတ္တုရည်ဖြင့် သုတ်ထားသော မှန်များကို တီထွင်လာကြ လေသည်။ ဤသို့ ပြဒါးကို အသုံးပြုရာ၌ ပြဒါးခိုးဟပ်၍ ပြုလုပ်သူအများ သေကြေ ပျက်စီးရခြင်း၊ ကြည့်မှန်တစ်ချပ် ပြီးရန် ရက်ပေါင်းများစွာ ကြန့်ကြာခြင်းများ ရှိသော်လည်း ဤနည်းကို ၁၈၅၅ ခုနှစ်တိုင် သုံးစွဲခဲ့ကြ၏။ ထိုနှစ်သို့ ရောက်သောအခါ မှန်ချပ်များ၏ ကျောဖက်ကို ဆီးလဗား နိုက်ထရိတ်ဖြင့် သုတ်ပေးသောနည်း ပေါ်ပေါက်လာ၏။ ဤသို့သော နည်းကောင်းပေါ်လာစေကာမူ အပေါစား ကြည့်မှန် များအတွက် ပြဒါးသုတ်သည့်အလုပ်မှာ သုံးမြဲ သုံးနေသေး၏။ အကောင်းစား ကြည့်မှန်ကို လိုသော အရွယ်အတိုင်း စိန်ဖြင့် ဖြတ်ယူသည်။ ထို့နောက် စက်ကိရိယာများဖြင့် ရေနှင့်သဲကို အသုံးပြုကာ ချောမွတ်အောင်တိုက်သည်။ ထောင့်များကို သဲကျောက်ဖြင့်စား၍ ကြိတ်သက္ကလတ်ထူထူနှင့် ပွတ်တိုက်ပြီး စောင်းသတ်ပေးသည်။ ဤသို့ပြုလုပ်ပြီးနောက်၊ ငွေရောင် သုတ်သောအခန်းတွင် စောင်ထူထူခင်းထားသည့် ပူနွေးသော စားပွဲပေါ်၌ ထိုမှန်ချပ်ကို တင်ထားသည်။ ထို့နောက် ဆီးလဗားနိုက်ထရိတ်၊ အမ်မိုးနီးယား၊ တာ⁠တာရစ် အက်စစ်တို့ ပေါင်းထားသောအရည်ကို လောင်းချသောအခါ ငွေသားသည် အောက်ခံစားပွဲ၏ အပူရှိန်ဖြင့် မှန်တွင် စွဲကပ်သွားသည်။ နောက်ခံငွေသား ခြောက်သွားသောအခါ ငွေသားနှင့် လေမထိ မိအောင် ထိုငွေသား ပေါ်တွင် ဆေးသုတ်ပေး၏။ ဤနည်းဖြင့် ကြည့်မှန်အရွယ်အမျိုးမျိုးကို တစ်နာရီအတွင်း ပြုလုပ်ပြီးစီး နိုင်သည်။

ယခုခေတ်တွင် သိပ္ပံပညာများ ထွန်းကားလာသည့်အတိုင်း သိပ္ပံပညာရပ်များတွင် အသုံးပြုရန် အတွက် မျက်နှာပြင်ညီသော ကြည့်မှန်များအပြင် ကြည့်မှန်အခုံးများ၊ ကြည့်မှန်ခွက်များကို ပြုလုပ်ယူကြသည်။ မျက်နှာပြင် ညီညာသော ကြည့်မှန်ပေါ်တွင် ကြည့်သူ၏အရိပ်သည် ပကတိအတိုင်း တည့်⁠တည့်မတ်မတ် ကြည့်မှန်ရှေ့၌ ကြည့်သူဝေးသလောက် ကြည့်မှန်နောက် ဝေး⁠ဝေးတွင် အရိပ်ထင်သည်။ သို့ရာတွင် ဗယ်နှင့် ညာကား မှားလျက်နေသည်။ ထိုအရိပ်ကို ပုံရိပ်ယောင်ဟု ခေါ်သည်။ ပုံရိပ်ယောင်ဆိုသည်မှာ ကားချပ်ပေါ်တွင် ထင်အောင် ဖမ်းယူ၍ မရနိုင်သော ပုံရိပ်ကို ဆိုလိုသည်။

မျက်နှာပြင်ခုံးသော ကြည့်မှန်ပေါ်တွင် ကြည့်သူ၏အရိပ် သည် ကြည့်မှန်နောက်တွင် မတ်တတ်ပေါ်သော်လည်း ပုပုကွကွ ဖြစ်ကာ ပကတိထက် အရိပ်တိုနေသည်ကို တွေ့ရပေမည်။ ထို အရိပ်မှာ ပုံရိပ်ယောင်ဖြစ်သည်။ မျက်နှာပြင်ခွက်သောကြည့်မှန် ပေါ်တွင်မူ ကြည့်သူသည် ကြည့်မှန်နှင့် ကြည့်မှန်၏ အလင်း ဆုံချက်တို့အကြားတွင်ရှိလျှင် ကြည့်သူ၏အရိပ် ကြည့်မှန် နောက်တွင် မတ်တတ်ပေါ်သော်လည်း ပကတိထက်ပို၍ အရိပ်ရှည် ထွက်နေသည်ကို တွေ့ရပေမည်။ ထိုအရိပ်မှာလည်း ပုံရိပ်ယောင်ပင် ဖြစ်သည်။ အကယ်၍ ကြည့်သူသည် ကြည့်မှန် ခွက်၏ ဗဟိုချက်ကို လွန်၍ရပ်နေလျှင် ကြည့်သူ၏အရိပ်သည် ကြည့်မှန်ရှေ့တွင် စောက်ထိုးပေါ်၍ ပကတိထက် အရိပ်တိုသည် ကို တွေ့ရပေမည်။ ထိုအရိပ်ကား ပုံရိပ်စစ် ဖြစ်သည်။ ပုံရိပ်စစ် ဆိုသည်မှာ ကားချပ်ပေါ်တွင် အရိပ်ထင်အောင် ဖမ်းယူ၍ ရနိုင်သော ပုံရိပ်ကို ဆိုလိုသည်။ ထိုအချက်ကို သိသာရန် ကြည့်မှန်ခွက်တစ်ခုဖြင့် နေ၏အရိပ်ကို မှန်ရှေ့မှာ ထောင်ထား သော စက္ကူပေါ်သို့ ကျရောက်အောင် ဖမ်းယူလျှင် စက္ကူကို မီးစွဲလောင်သည်ကို တွေ့ရပေမည်။

နက္ခတ်တရာများ ကြည့်ရန်အတွက် စီမံပြုလုပ်ထားသော အဝေးကြည့် မှန်ပြောင်းကြီးများတွင် ကြည့်မှန် ခွက်များကို အသုံးပြုကြသည်။ အမေရိကန်နိုင်ငံ မောင့်ပလိုမာ၌ရှိသော နက္ခတ်တာရာကြည့် မှန်ပြောင်းတွင် အသုံးပြုသော ကြည့်မှန် ခွက်ကြီးများ အချင်းလက်မ ၂ဝဝ ရှိ၍ ကမ္ဘာပေါ်တွင် အကြီး ဆုံး ဖြစ်သည်။ ထိုကြည့်မှန်ခွက်ကြီး၏ မှန်သားမှာ ပထမ တန်းစားဖြစ်၍ ချောမွတ်ပြောင်လက်အောင် ပြုလုပ်ရာ၌ လပေါင်းများစွာ ချောမွှတ်အောင် လုပ်ရသည်။

_
ကိုးကား....
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း