' အသုဘပို့သည့်ယာဉ်ကို `နိဗ္ဗာန်ယာဉ်´ ဟုခေါ်ဆိုရခြင်းအကြောင်း '᠌᠌᠌ ᠌᠌

' အသုဘပို့သည့်ယာဉ်ကို `နိဗ္ဗာန်ယာဉ်´ ဟုခေါ်ဆိုရခြင်းအကြောင်း '᠌᠌᠌ ᠌᠌

( မေး )
အသုဘယာဉ်ကို နိဗ္ဗာန်ယာဉ်ဟု အဘယ့်ကြောင့် ခေါ်ပါသနည်း၊ ယင်းသို့ ခေါ်ခြင်းကြောင့် ဘာသာမတူသူများက နိဗ္ဗာန်ဆုတောင်းသည်ကို တမျိုးထင်နေကြပါသည်

( ဖြေ )

ရှေးဆရာမြတ်များက
သေခြင်းတပါး၊ ဤတရားကား၊ များပြားလူ့ဘောင်၊ အကျိုးဆောင်သည်၊ အိုအောင်အောင်းမေ့၊ စီးဖြန်းကြ-ဟု မိန့်တော်မူသည်။

သေခြင်းတရား မရဏာနုဿတိကို အခါခပ်သိမ်း ဆင်ခြင်းပွားများနေလျှင် နိဗ္ဗာန်မဂ်ဖိုလ်ကို အမြန်ဆုံး မျက်မှောက်ပြုနိုင်ကြောင်း ဟောကြပါသည်၊ အလွန်မာန်မာနကြီးသော ခေမာမိဖုရားကြီး စသည်တို့ကို သေခြင်းတရားပြ၍ တရားထူးကို ရစေပါသည်၊

သားသေ၍ သောကများနေသော ကိသာဂေါတမီအားလည်း သေခြင်းတရားကို မြင်အောင်ပြ၍ မြတ်စွာဘုရား တရားဟောပါသည်၊
ယသသူဌေးသားနှင့် အဖော် ၅၅-ဦးတို့သည် ဇရပ်တွင် အလိုလိုသေ၍ ပုပ်နေသော အသုဘအလောင်းကောင်ကို ဆောင်ယူသင်္ဂြိုဟ်ခဲ့ပါသည်၊

ထို့ကြောင့် ယသသူဌေးသားဘ၀တွင် သူငယ်ချင်းတစု မဂ်ဖိုလ်နိဗ္ဗာန်တရားကို လွယ်လွယ်နှင့် ရနိုင်ခဲ့ပါသည်၊
ထိုပကြောင့် မိမိတို့အနီးတွင် တဦးဦးသေလွန်၍ အသုဘကြုံလျှင် သေခြင်းတရာကို ပွားများခြင်း၊ ရှုဆင်ခြင်ခြင်းနှင့် အသုဘကို ၀ိုင်းဝန်းပို့ဆောင် သင်္ဂြိုဟ်ပေးခြင်းဖြင့် နိဗ္ဗာန်တရားကို ဤမျက်မှောက်ဘ၀တွင် မြင်သိစေနိုင်အောင်၊ သို့မဟုတ် နောက်နောက်ဘ၀တို့တွင် လွယ်လွယ်ကူကူ မြင်သိနိုင်အောင်၊ ပါရမီဖြစ်အောင် အားထုတ်နိုင်ရန်အတွက် လူသေ အသုဘတင် ယာဉ်ကို နိဗ္ဗာန်ယာဉ်၊ ကျန်ရစ်သူများ နိဗ္ဗာန်ရရေး အားပေးဖြစ်ပေါ်စေသော ယာဉ်-ဟု ရှေးက ဝေါဟာရပြုခဲ့ဟန် တူပါသည်။

ရှေးက အခမဲ့ကုသိုလ်ဖြစ် အသုဘပို့သောယာဉ်ကို နိဗ္ဗာန်ယာဉ်ဟု ခေါ်ခြင်းဖြစ်သောလည်း ယင်းဝေါဟာရအတိုင်း ခေါ်ဝေါ်နေခြင်းပင် ဖြစ်ပေသည်၊ သို့သော် ယခုခေတ်တွင် အသုဘယာဉ်ဟုလည်း ခေါ်ဝေါ်နေကြပါသည်၊

နိဗ္ဗာန်ယာဉ်ဟူသော ဝေါဟာရမှာ ဖော်ပြပါအတိုင်း နက်နဲသောသဘောကို ဆောင်သော်လည်း ဗုဒ္ဓဘာသာတို့အဖို့ တွေးတောစဉ်းစား သံဝေဂပွားနိုင်သဖြင့် အကျိုးရှိသော ဝေါဟာရဖြစ်ပါသည်။

-
(ဆရာတော်ရဝေထွန်း - အရှင်တိလောကသာရ)

မှတဆင့်ဓမ္မဒါနတင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတတိုးပွားပြီးသံသယကင်းရှင်းနိုင်ကြပါစေခင်ဗျာ)

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း