“ မဟာသက္ကရာဇ်၊ သာသနာသက္ကရာဇ်၊ မြန်မာကောဇာနှစ်၊ ခရစ်နှစ် ”

●“မဟာသက္ကရာဇ်”ဟူသည်- မြတ်စွာဘုရားရှင်၏
ဘိုးတော် အဉ္ဇနမင်း လက်ထက်မှ စတင်ကာ
ရေတွက်ခဲ့သော ခုနှစ်ဖြစ်သည်။
ထိုစဉ်က ရောက်ဆဲနှစ်ဖြစ်သော ၈၆၄၇-နှစ်ကို ဖြိုကာ
အကြွင်း ၂-ခုထား၍ စတင်ရေတွက်ခဲ့ခြင်းဖြစ်သည်။
မြတ်စွာဘုရားရှင်ဟာ
“မဟာသက္ကရာဇ်” ၆၈-ခုနှစ်မှာ ဖွားမြင်တော်မူ၍၊
မဟာသက္ကရာဇ် ၁၄၈-ခုနှစ်မှာ ပရိနိဗ္ဗာန်ပြုတော်မူပါတယ်။
●“သာသနာသက္ကရာဇ်” သည် - မြတ်စွာဘုရားရှင်
ပရိနိဗ္ဗာန်စံပြီးနောက် “သုံးလအကြာ” ပထမသင်္ဂါယနာ
တင်ပွဲအပြီးမှာ စတင်ရေတွက်သော နှစ်ဖြစ်သည်။
၂၀၁၂-ခုနှစ်က ရွှေတိဂုံစေတီတော်မှာ သာသနာနှစ်၂၆၀၀- ပြည့်
ပွဲလုပ်သောအခါ မသိသူများ မျက်စိလည်ကုန်သည်။
၂၆၀၀ဟူသည် မြတ်စွာဘုရား ဘုရားဖြစ်သည် မှ စတင်ရေတွက်ခြင်းပဲ ဖြစ်ပါတယ်။
(ယခုဆိုလျှင် ၂၆၀၅-နှစ်ရှိပါပြီ။)
●“ခရစ်သက္ကရာဇ်”သည် ခရစ်တော် မွေးဖွားသည့်နှစ်မှ
စတင်ရေတွက်သော ခုနှစ်ဖြစ်သည်။
●“သာသနာသက္ကရာဇ်” ကို သိလိုပါလျှင်
ရောက်ဆဲမြန်မာနှစ်ကိုတည်
၁၁၈၂ ထည့်ပေါင်းလျှင် “သာသနာသက္ကရာဇ်” ကိုရပါသည်။
ဥပမာ- မြန်မာသက္ကရာဇ် ၁၃၇၇+ ၁၁၈၂= ၂၅၅၉ (သာသနာသက္ကရာဇ်)
မှတ်သားစရာကောင်းသည်မှာ ထိုင်းနိုင်ငံသည်
နိုင်ငံတော်ခုနှစ်ကို “သာသနာသက္ကရာဇ်” အတိုင်းပဲ သုံးပါတယ်။
သီရိလင်္ကာနိုင်ငံသည်လည်း သူတို့ ပြက္ခဒိန်မှာ
အင်္ဂလိပ်ခုနှစ်နှင့် သာသနာသက္ကရာဇ်ကိုပဲ တွဲသုံးပါတယ်။
မြန်မာနိုင်ငံသည်လည်း ရှေးယခင်က
သာသနာသက္ကရာဇ်ကိုပဲ နိုင်ငံတော်ခုနှစ်အဖြစ်
သုံးခဲ့ပါသည်။
သက္ကရာဇ်ကို စတင်ဖြိုသော မင်းမှာ သရေခေတ္တရာပြည်၊
“သမုန္ဒြိယ မင်း”လက်ထက်မှာ
သာသနာနှစ် ၆၂၄-နှစ်ရောက်သောအခါ
ထိုသက္ကရာဇ်ကို ဖြို၍ အကြွင်း ၂-ခုထားကာ ဆက်လက် ရေတွက်ခဲ့သည်။
ထိုမှစ၍ ကောဇာသက္ကရာဇ်ဟု စတင်ခေါ်ဆိုသည်။
တဖန် ပုဂံမင်းဆက်ဖြစ်သော “ပုပ္ပါးစောရဟန်းမင်း”လက်ထက်
ရောက်သော အခါ ရောက်ဆဲ ၅၆၂-ခုနှစ်ကို ဖြိုကာ
အကြွင်းနှစ်ခုထား၍ ဆက်လက်ရေတွက်ပြန်သည်။
ယခု အသုံးပြုနေသော မြန်မာသက္ကရာဇ်မှာ
ပုပ္ပါးစောရဟန်းမင်းလက်ထက်မှ အကြွင်း ၂-ခုထားကာ
စတင်ရေတွက်ခဲ့သော နှစ်ဖြစ်သည်။
သက္ကရာဇ်ဟူသည် “သက္ကရာဇာ”ဟူသော ပါဠိစကားမှ
ဆင်းသက်လာသော အသုံးဖြစ်သည်။
ဗဟုသုတဖြစ်စေရန် ရည်ရွယ်ပါသည်။
-
-
မေတ္တာဖြင့်。。。
-【အရှင်တေဇာနန္ဒ- “စေတနာပန်းခင်း ဆရာတော်”)

Comments
Post a Comment