" ကုန်းဘောင်ခေတ်က အင်ဂျင်နီယာ (သို့မဟုတ်) ဖန်ချက်ဝန်ဦးရွှေအိုး "

ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ အမြော်အမြင်ရှိတဲ့ မြန်မာခေါင်းဆောင်တွေဟာ ခေတ်မီနိုင်ငံတစ်ခု တည်ဆောက်နိုင်ဖို့အတွက် အနောက်နိုင်ငံများကို ပညာတော်သင်အများအပြားစေလွှတ်ခဲ့ပါတယ်။
စေလွှတ်ခဲ့တဲ့ပညာတော်သင်တွေအနက် ဖန်ချက်ဝန်ဦးရွှေအိုးဆိုတာ ကျွန်တော်တို့ နှောင်းလူတွေ နားအယဉ်ဆုံးနာမည်ဖြစ်မယ် ထင်ပါရဲ့။
ဦးရွှေအိုးကို ၁၊ မတ်၊ ၁၈၃၆မှာ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့အပိုင် နွယ်ငြိမ်းရွာမှာ ဖွားမြင်ခဲ့ပါတယ်။
အရွယ်ရောက်လာတဲ့အခါ နန်းတွင်းမှာ ၀င်ရောက်အမှုထမ်းနေစဉ် အသက်၁၈နှစ်အရွယ်မှာ ကနောင် မင်းသားကြီးရဲ့ စီမံကိန်းအရ ကာလကတ္တားကို ပညာတော်သင်ငါးဦးစေလွှတ်ရာမှ ပါဝင်ခဲ့ပါတယ်။ဦးရွှေအိုး
တို့ဟာ ကာလကတ္တားက ဒိုရေတန်ကောလိပ်မှာ သိပ္ပံပညာရပ်များကို တစ်နှစ်ခွဲကြာ သင်ယူခဲ့ပြီးတဲ့နောက်
မြန်မာနိုင်ငံကို ပြန်လာခဲ့ကြပါတယ်။
ကံအားလျော်စွာနဲ့ပဲ သူတို့ဟာ အပြန်လမ်းမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးရဲ့ လူယုံတော် ကောင့်ဟင်နရီ ဒီဆာဆေနဲ့ ရင်းနှီးခဲ့ပြီး နေပြည်တော်ကို ခေါ်ဆောင်လာခဲ့ပါတယ်။နောက်ပိုင်းမှာ မင်းတုန်းမင်းနဲ့ ကောင့် ဟင်နရီ ဒီဆာဆေတို့ ညှိုနှိုင်းဆွေးနွေးပြီး ပြင်သစ်ကို ပညာတော်သင်သုံးယောက် စေလွှတ်ရာမှာ ဦးရွှေအိုး ပါသွားခဲ့ပြန်ပါတယ်။ပြင်သစ်ရောက်တဲ့အခါ ဦးရွှေအိုးဟာ ပဲရစ်မြို့၊ ပန်သီယန်သိပ္ပံကျောင်းကနေ သိပ္ပံဘွဲ့ ရရှိပြီး ပဲရစ်ဗဟိုဝိဇ္ဇာနဲ့ ထုတ်လုပ်မှုလုပ်ငန်းကျောင်းမှာ တိုက်ရိုက်ဝင်ခွင့်ရခဲ့ပါတယ်။
ဦးရွှေအိုးဟာ အဲဒီကျောင်းမှာ မဟာသိပ္ပံဘွဲ့လွန်သင်တန်းတက်နေရင်း တစ်ဖက်မှာလည်း မြို့ပြအင်ဂျင်နီယာ
ဘွဲ့အတွက် ပညာသင်ကြားခဲ့ပါတယ်။ ဒီလိုနဲ့ ပြင်သစ်မှာ ရှစ်နှစ်ကြာ ပညာသင်ပြီးတဲ့နောက်မှာတော့ ဦးရွှေအိုးဟာ သိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့နဲ့ မြို့ပြအင်ဂျင်နီယာဘွဲ့တို့ကို ရရှိခဲ့ပါတယ်။ ဦးရွှေအိုးတို့ ပြင်သစ်
ပညာတော်သင်တွေဟာ တစ်လကို အင်္ဂလိပ်ဒင်္ဂါး ၈၀၀ ထောက်ပံ့ကြေးရကြပါတယ်။
ဦးရွှေအိုးဟာ ပြင်သစ်မှာပဲ ပြင်သစ်သူတစ်ဦးနဲ့ အိမ်ထောင်ကျပြီး သားတစ်ယောက်လည်း မွေးဖွားခဲ့တယ်
လို့ ဆိုကြပါတယ်။ ပြင်သစ်နိုင်ငံမှာ ပညာသင်ကြားနေစဉ်အတောအတွင်းမှာ ဦးရွှေအိုးဟာ ကမ္ဘာကျော်
သိပ္ပံပညာရှင်အချို့နဲ့ တွေ့ဆုံရင်းနှီးခဲ့ပါတယ်။ ဓာတုဗေဒသင်ကြားရသူတိုင်း အထူးရင်းနှီးပြီးသားဖြစ်တဲ့ Periodic Tableကို တီထွင်ဖော်ထုတ်ခဲ့တဲ့ ရုရှားနိုင်ငံရဲ့ အကျော်ကြားဆုံးဓာတုဗေဒပညာရှင် မင်ဒိလိယက်ဖ် နဲ့လည်း အထူးရင်းနှီးခဲ့ပါတယ်။ (Periodic Table မှာ ဦးရွှေအိုးရဲ့ အကြံဥာဏ်တချို့ပါ ပါဝင်တယ်လို့ အချို့က ယုံကြည်ကြပါတယ်။)
လေယာဉ်ပျံသန်းမှုဆိုင်ရာသိပ္ပံပညာရှင် အာဘယ်ဟူရိုဒဗီလ်နဖ်နဲ့လည်း ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။ ဦးရွှေအိုး ဟာနပိုလီယံဘုရင်ရဲ့ ကြယ်တာရာတံဆိပ်ကိုပါ လက်ခံရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ မြင်ကွန်း၊မြင်းခုံတိုင်
အရေးအခင်းကြောင့် ကနောင်မင်းသားကြီးကျဆုံးသွားပြီး အထောက်အပံ့တွေ ခေတ္တရပ်ဆိုင်းသွားတာမို့ ဦးရွှေအိုးဟာ ဇနီးနဲ့သားကို ထားခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။နေပြည်တော်ပြန်ရောက်တဲ့အခါ
မှာတော့ ဦးရွှေအိုးဟာ အင်္ဂလိပ်ဘာသာစကားရော၊ ပြင်သစ်ဘာသာစကားပါ ကျွမ်းကျင်တာကြောင့်
ယောအတွင်းဝန်ဦးဖိုးလှိုင်လက်အောက်မှာ နိုင်ငံခြားရေးရာကိစ္စအ၀၀အတွက် လုပ်ကိုင်အမှုထမ်းရပါတယ်။
ဒါ့အပြင် ဦးရွှေအိုးဟာ "သြသဓရတနာကရ"အမည်ရ ဖန်ချက်ခြင်းပညာရပ်ဆိုင်ရာစာတမ်းကို ရေးသား
ဆက်သွင်းခဲ့တဲ့အတွက် ပထမဆုံးဖန်ချက်ဝန်အဖြစ်လည်း ခန့်အပ်ခံခဲ့ရပါတယ်။ ဦးရွှေအိုးဟာ မအား
လပ်တဲ့ တာဝန်တွေကြားထဲက လောကဓာတ်ဆေးကျမ်းကြီးခေါ် ဓာတုဗေဒကျမ်းတစ်စောင်ကိုလည်း ဘာသာပြန်ရေးသားနိုင်ခဲ့ပါတယ်။ဦးရွှေအိုးရဲ့ လူသိပ်မသိတဲ့ တီထွင်မှုတစ်ခုရှိပါသေးတယ်။ အဲဒါကတော့
Fermentation Theory (ကစော်ဖောက်ခြင်းသဘောတရား) ဖြစ်ပါတယ်။ ကမ္ဘာ့မှတ်တမ်းများမှာအဲဒီသီအို
ရီကို ၁၈၇၇ခုနှစ်မှာ သိပ္ပံပညာရှင်ထရာဗေက စတင်တွေ့ရှိဖော်ထုတ်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပေမယ့် ၁၈၆၈ခုနှစ်မတိုင်မီကတည်းက ဦးရွှေအိုးက ရှာဖွေဖော်ထုတ်ခဲ့ပြီးဖြစ်တယ်လို့ ကုန်းဘောင်ခေတ် မြန်မာ့
သိပ္ပံပညာရှင်များစာအုပ်မှာ ဒေါက်တာမျိုးသန့်တင်က ဖော်ထုတ်ရေးသားထားပါတယ်။
ဦးရွှေအိုးဟာ သံအမတ်အဖြစ်လည်းကောင်း၊ ပညာတော်သင်ကိစ္စရပ်များအတွက်လည်းကောင်းနိုင်ငံ
ရပ်ခြားကို အခေါက်ခေါက်သွားရောက်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ-အင်္ဂလိပ်ပူးတွဲတရားရုံးမှာလည်း တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ယောအတွင်းဝန်ဦးဖိုးလှိုင်ရဲ့ နိုင်ငံခြားရေးရာကိစ္စရပ်များတိုင်ပင်
ရာ အားအကိုးရဆုံးလက်ရုံးလည်း ဖြစ်ပါတယ်။နာမည်ကျော်တိုင်တားမင်းကြီးရဲ့ သမက်လည်းဖြစ်ပါတယ်။
ဗြိတိသျှက မြန်မာကို တတိယအကြိမ်စစ်ပြုမယ့်အရေး ရှောင်ရှားနိုင်ဖို့အတွက် လယ်ကိုင်းမြို့စားကင်း ၀န်မင်းကြီးနဲ့အတူ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
နောက်ပိုင်း ဗြိတိသျှက မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ခေတ်ပညာတတ်ဦးရွှေအိုးဟာ
ဗြိတိသျှလက်အောက်မှာ လုံးဝအမှုမထမ်းဘဲ မိမိတတ်တဲ့ပညာနဲ့သာ အသက်မွေးခဲ့ပါတယ်။ ကုန်းဘောင်
ခေတ်က မြန်မာ့ပထမဆုံးအင်ဂျင်နီယာလို့ ဆိုနိုင်တဲ့ ဦးရွှေအိုးဟာ အသက်၆၉နှစ်အရွယ်၊ ၂၂၊ ဒီဇင်ဘာ၊ ၁၉၀၅မှာ သူချစ်တဲ့ အမိနိုင်ငံနဲ့တကွ လောကကြီးကိုပါ စွန့်ခွာသွားခဲ့ပါတယ်။
_
ကိုးကား
ယောမင်းကြီးဦးဖိုးလှိုင်အတ္တုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း - မောင်ထင်
ပထမဆုံးအင်ဂျင်နီယာဘွဲ့ရ ဖန်ချက်ဝန်ဦးရွှေအိုး - တင်နိုင်တိုး (ဆောင်းပါး)

Comments
Post a Comment