"ပစ္စည်းပိုင်ဆိုင်ခြင်း၊ လွှဲပြောင်းခြင်း"

"ပစ္စည်းပိုင်ဆိုင်ခြင်း၊ လွှဲပြောင်းခြင်း"

ကိုဖြူ  ။ ။ လူတွေဟာ ပစ္စည်းတွေကို ဘယ်လိုပိုင်ဆိုင်လာသလဲ။ မိမိပိုင်ဆိုင်တဲ့ပစ္စည်းတွေကို အခြားသူပိုင်ဆိုင် သွားအောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ရသလဲ ပြောပြပါဆရာ။ ယူတီကေ ။ ။ ဟုတ်ကဲ့။ ဥပဒေမှာ ပစ္စည်းကို(၂)မျိုး ခွဲခြားတယ်။ (က) ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းနဲ့ (ခ) မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းလို့ ခွဲခြားတယ်။ (က) ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း တွေကတော့ ဆိုင်ကယ်၊ ကား၊ ပဲ၊ ပြောင်း၊ စပါး၊ ဆန်၊ သစ်၊ ကုန်စည်၊ လက်ဝတ်ရတနာ၊ အ၀တ်အစား စတဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။ (ခ) မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဆိုတာကတော့ လယ်၊ ယာ၊ ခြံမြေ၊ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ၊ အဆောက်အဦး၊ အုတ်တံတိုင်း၊ အမြဲသုံးစွဲရန် ရည်ရွယ်ပြီး မြေမှာ စိုက်ထူးထားတဲ့အရာ စတာတွေ ဖြစ်ပါတယ်။ ပိုင်ဆိုင်ခြင်းနှင့် လက်ဝယ်ရှိခြင်း ပိုင်ဆိုင်ခြင်းဆိုတာ ပစ္စည်းတစ်ရပ်အပေါ်မှာ ဥပဒေအရ အခွင့်အရေးရှိတာကို ခေါ်ပါတယ်။ ပစ္စည်းတွေကို မိမိလက်ဝယ် ရှိခြင်း (မိမိလက်ထဲမှာ/မိမိစီမံအုပ်ချုပ်မှုအောက်မှာရှိခြင်း) ဟာ ပိုင်ဆိုင်ခြင်းရဲ့ အခြေခံအချက်ဖြစ်တယ်။ လက်ဝယ်ရှိခြင်းဟာ အကြောင်းခြင်းရာအရ အမှန်တကယ် လက်ဝယ်ရှိပြီး ပိုင်ဆိုင်ခြင်းဖြစ်တယ်။ ဒါပေမဲ့ တရားဝင်ပိုင်ဆိုင်ခြင်းဆိုတာဥပဒေအရ ပိုင် ဆိုင်ခြင်းဖြစ်တယ်။ လက်တွေ့ဘ၀မှာ လူတစ်ယောက် လက်ထဲမှာ ပစ္စည်းတစ်ခု လက်ဝယ်ရှိနေပေမယ့် ထိုလူ ပိုင်ဆိုင်တဲ့ပစ္စည်း ဖြစ်ချင်မှဖြစ်မယ်။ လူဟာ မိမိပိုင်တဲ့ပစ္စည်းကိုသာ မိမိလက်ဝယ်ရှိနိုင်ပြီး လက်ဝယ်ရှိတဲ့ပစ္စည်းဟာ ဒီလူပိုင်တဲ့ပစ္စည်းလို့လည်း ယူဆနိုင်တယ်။ ဒါပေမဲ့ (ခြွင်းချက်နှစ်ခု) ရှိတယ်။ (က) မိမိမပိုင်ဘဲ လက်ဝယ်ရှိနေတတ်တယ်။ (အိမ်ငှားအဖြစ် အိမ်လက်ဝယ်ရှိမှု) (ခ) မိမိပိုင်ဆိုင်သော်လည်း လက်ဝယ်မှာ မရှိတတ်ဘူး။ (ကြွေးရှင်ဟာ ရစရာအကြွေးတွေ အများကြီးရှိ/ပိုင်ဆိုင်ပေမယ့် သူ့ လက်ထဲမှာ မရှိဘူး။) နောက်ပြီး လူတစ်ယောက် ပိုင်တဲ့ပစ္စည်းကို အချိန်ကြာမြင့်စွာ လက်ဝယ်ရှိခြင်းကြောင့် ထိုသူဟာ ပစ္စည်းပိုင်ဆိုင်ခွင့် ရသွားတတ်တယ်။ ဘယ်သူမှ မပိုင်တဲ့ပစ္စည်းကို လက်ဝယ်ရရှိထားသူဟာ ထိုပစ္စည်းအပေါ် ပိုင်ဆိုင်ခွင့်ရှိတယ်။ (စကားပုံအနေ ကြာတော့ ကိုယ့်ရွာ၊ အငှားကြာတော့ ကိုယ့်ဟာ) လက်ဝယ်ရှိခြင်းမှာ တိုက်ရိုက်အမှန်တကယ် လက်ဝယ်ရှိခြင်းနဲ့ တစ်ဆင့်ခံ လက်ဝယ်ရှိခြင်းဆိုတာ တွေ့ရတယ်။ တစ် ဆင့်ခံ လက်ဝယ်ရှိခြင်း (၃)မျိုးရှိတယ်။ (က) မိမိ၏ကိုယ်စားလှယ်၊ အစေအပါးမှာတစ်ဆင့် ပိုင်ရှင်က လက်ဝယ်ရှိခြင်း။ (ခ) အိမ်ငှား၏ လက်ဝယ်ရှိခြင်းသည် အိမ်ရှင်၌ တစ်ဆင့်လက်ဝယ်ရှိခြင်း။ (ဂ) အပေါင်ပစ္စည်းထား၍ ငွေချေးယူခြင်းကြောင့် အပေါင်ခံယူထံ ပစ္စည်းလက်ဝယ်ရှိခြင်းကို ပိုင်ရှင်ကတစ်ဆင့် လက်ဝယ်ရှိ ခြင်း။ ပစ္စည်းများကို ဘယ်လိုပိုင်ဆိုင်ခွင့်ရလာသလဲ။ (က) အမွေဆက်ခံခြင်းကြောင့် ပိုင်ရှင်ဖြစ်လာတယ်။ (၁) မိဘသေတဲ့အခါ သားသမီးများဟာ မိဘပိုင်ဆဲ့ ပစ္စည်းအရပ်အရပ်အပေါ် ဆက်ခံပိုင်ခွင့်ရလာတယ်။ (၂) လင်မယားနှစ်ဦးပိုင် ပစ္စည်းတွေအပေါ် လင်သေမယား၊ မယားသေလင်က ဆက်ခံပိုင်ဆိုင်ခွင့်ရလာတယ်။ (ခ) တရားရုံးဒီကရီစီရင်ချက်အရ ပိုင်ရှင်ဖြစ်လာတယ်။ စီရင်ခွင့်ရှိတဲ့ တရားရုံးက ပစ္စည်းပိုင်ဆိုင်ကြောင်း ဒီကရီစီရင်ချက် ချမှတ်လိုက်ရင် ထိုလူဟာ ပစ္စည်းပိုင်ရှင်ဖြစ်လာတယ်။ (ဂ) ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေအရ ဥပဒေနှင့်အညီ လွှဲပြောင်းခြင်းကြောင့် ပစ္စည်းပိုင်ရှင် ဖြစ်လာတယ်။ ကနေ့ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း (အိမ်၊ မြေ) လွှဲပြောင်းခြင်းအကြောင်း ပြောပါတယ်။) လွှဲပြောင်းတယ် ဆိုတာ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်းနဲ့ လဲလှယ်ခြင်းကို ခေါ်ပါတယ်။ (အတို မှတ် - ရောင်း ၊ ပေါင်၊ ပေး၊ ငှား၊ လဲ) လွှဲပြောင်းနိုင်တဲ့ပစ္စည်း ဆိုတာ ဥပဒေ မလွှဲပြောင်းရဘူးလို့ တားမြစ်ထားတဲ့ပစ္စည်း၊ အရာ(၈)မျိုးကလွဲလို့ ကျန်တာလွှဲ ပြောင်းနိုင်တယ်။ တားမြစ်ချက် - ပြည်သူ့ဝန်ထမ်းရာထူးကို မလွှဲပြောင်းရ။ ဥပမာ - ၀န်ကြီးချုပ်ရာထူး၊ ၀န်ကြီးရာထူး၊ ညွှန်ချုပ်ရာထူးတွေ ဈေးကောင်းပေးလို့ဆိုပြီး ဘိန်းသူဌေးငမှေးကို ရောင်းစားလိုက်လို့ မရပါဘူး။ ဥပဒေက အတိအလင်း တားမြစ်ထားပါတယ်။ (ပုဒ်မ - ၆(စ)) လွှဲပြောင်းနိုင်သူ အသက်ရှင်နေသူက အသက်ရှင်နေစဉ်ကာလမှာ အခြားအသက်ရှင်နေတဲ့လူကို လွှဲပြောင်းနိုင်တယ်။ အသက်ရှင်နေသူဆိုတာ သက်ရှိလူသား၊ ကုမ္ပဏီ၊ အသင်းအဖွဲ့၊ လူစုလူဝေးတို့ ပါဝင်ပါတယ်။ လွှဲပြောင်းမခံထိုက်သူ (က) မည်သူမှ မပိုင်တဲ့ လူ၊ သတ္တ၀ါအားလုံး အသုံးပြုခံစားနိုင်တဲ့ (လေ၊ ရေ၊ အလင်းရောင်၊ နေရောင်ခြည်) ကို မည်သူမှ မပိုင်ထိုက်ဘူး။ (ခ) ဥပဒေနဲ့ မညီတဲ့ အဘိုးစားနား ရည်ရွယ်ချက်နဲ့ လွှဲတာကို မခံထိုက်ဘူး။ (ဘိန်းဖြူ ၁၀ ကီလိုနဲ့ အိမ်နဲ့ လဲမယ်) (ဂ) လွှဲပြောင်းခံယူရန် မထိုက်တဲ့သူ (နိုင်ငံခြားသား၊ ရန်သူနိုင်ငံသား) တွေဟာ အိမ်မြေတွေကို မပိုင်ထိုက်ဘူး။ တရားဝင်လွှဲပြောင်းပုံနည်းလမ်း (က) စာရေးပြီး လွှဲပြောင်းရမည့်ပစ္စည်း။ (ခ) မိသားစုစီမံမှုအရ လွှဲပြောင်းခြင်း။ (ဂ) ခွင့်ပြုချက်နှင့်ထားခြင်း။ (က) စာရေးသားပြီး လွှဲပြောင်းရမည့်ပစ္စည်း ၁။ ကျပ်တစ်သိန်းနှင့်အထက် တန်ဖိုးရှိတဲ့အိမ်မြေ ရောင်းချခြင်း။ ၂။ ကျပ်တစ်သိန်းနှင့်အထက် လက်မဲ့ ပေါင်ခြင်း။ ၃။ အိမ်မြေကို နှစ်အလိုက် တစ်နှစ်ထက်ပို၍ ငှားရမ်းခြင်း။ ၄။ ကျပ်တစ်သိန်းနှင့်အထက် မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း လဲလှယ်ခြင်း။ ၅။ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကို မေတ္တာဖြင့် အပိုင်ပေးခြင်း။ ၆။ တရားစွဲပိုင်ခွင့်ကို လွှဲပြောင်းခြင်း။ (ခ) မိသားစုစီမံမှုအရ လွှဲပြောင်းခြင်း အမွေရှင်မသေမီဖြစ်စေ၊ သေပြီးနောက်ဖြစ်စေ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း (အိမ်၊ မြေ) စတဲ့ အမွေပစ္စည်းကို မည်သူ၊ မည် သည့်ပစ္စည်း၊ မည်ရွေ့မည်မျှ ခွဲဝေယူကြမည်ဆိုပြီး မိသားစုအချင်းချင်း သဘောတူ (နှုတ်)နဲ့ ခွဲဝေမှုပြုလုပ်နိုင်တယ်။ စာချုပ်စာ တမ်း ပြုလုပ်ရန်မလိုပါ။ ဒါပေမဲ့ စာချုပ်ရေးသားပြီး ကျပ်တစ်သိန်းနှင့်အထက် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းပါနေရင် စာချုပ်ကို မှတ်ပုံတင်ရမယ်။ (ဂ) ခွင့်ပြုချက်နှင့်ထားခြင်း မရွေ့မပြောင်းနိုင်တဲ့ပစ္စည်းအပေါ်မှာ နေထိုင်၊ လုပ်ကိုင်ခွင့်ကို ခွင့်ပြုချက်ပေးနိုင်တယ်။ ဒါပေမဲ့ ခွင့်ပြုသူ ကြည်ဖြူသ လောက်သာ ခွင့်ပြုခြင်း ခံရတဲ့လူမှာ နေထိုင်ခွင့်၊ ပစ္စည်းသုံးစွဲခွင့်ရတယ်။ ပစ္စည်းကို လွှဲပြောင်းပေးရာ မရောက်ဘူး။ ကိုဖြူ ။ ။ ချမ်းသာတဲ့ လူပျိုကြီးတစ်ယောက်မှာ သိန်းတစ်သောင်းလောက်တန်တဲ့ အိမ်တွေမြေတွေ ရှိတယ်။ သူ စေတနာရှိတဲ့ သူကလေးကို ပစ္စည်းအားလုံး ပေးချင်တယ်။ အရောင်းစာချုပ် ချုပ်ရမလား။ အပေးစာချုပ် ချုပ်ရမလား။ ခေါင်းဖိုး ဘယ်လောက်ကျမလဲ ဆရာ။ ယူတီကေ ။ ။ အရောင်းစာချုပ်ချုပ်ရင် ခေါင်းဖိုးကျပ် သိန်း(၇၀၀)ကျမယ်။ အပေးစာချုပ် ချုပ်ရင် ခေါင်းဖိုးကျပ်သိန်း (၁၅၀) ကျမယ်။ အကောင်းဆုံးနည်းလမ်းက မွေးစားစာချုပ်ချုပ်လိုက်ရင် ခေါင်းဖိုး (၃၀၀)ကျပ်ပဲ ကုန်မယ်ဗျာ။ ကိုဖြူ ။ ။ ကျွန်တော့်မိန်းမကို ကားတစ်စီးလို (ရောင်း၊ ပေါင်၊ ပေး၊ ငှား၊ လဲ) လုပ်ချင်တယ်။ ရမလား ဆရာ။ ယူတီကေ ။ ။ ခေါ်ခဲ့။ ကားဝယ်လက်တွေကတော့ ကြမ်းကြမ်းတမ်းတမ်း အစမ်းမောင်းကြည့်ပြီး ကြိုက်မှဝယ်တတ် တယ်ဗျ။

 . Credit … Lawyer U Tun Kyi (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း