ခေါင်းကိုက်ခြင်း အကြောင်း
' ခေါင်းကိုက်ခြင်း အကြောင်း '
ခေါင်းကိုက်တယ်ဆိုတာ
ခေါင်းရဲ့ တစိတ်တပိုင်းဖြစ်စေ ၊
တခေါင်းလုံးဖြစ်စေ
ဘေးနှစ်ဖက်ကဖြစ်စေ
အချွန်နဲ့ ထိုးနေသလို ၊ ပြုတ်တူကြီးနဲ့ ညှပ်ထားသလို
ခံစားရတဲ့ နာကျင်မှုဖြစ်ပါတယ် ။
စူးစူးဝါးဝါးဖြစ်နိုင်သလို ၊ တစစ်စစ်ကိုက်တာဖြစ်နိုင်သလို
ထုံထိုင်းနေတာလဲ ဖြစ်နိုင်ပါတယ် ။
တဖြည်းဖြည်းပေါ် လာတာမျိုးဖြစ်သလို ၊
ရုတ်တရက်ပေါ် လာတာမျိုး လဲ ဖြစ်နိုင်ပါတယ် ။
နာရီပိုင်းလောက်နဲ့ ပျောက်သွားနိုင်သလို ၊
ရက်ပေါင်းများခံစားရတာမျိုးလဲဖြစ်နိုင်ပါတယ် ။
The International Headache Society ( IHS )
က ခေါင်းကိုက်ခြင်းကို ( ၂ ) အုပ်စု ခွဲလိုက်ပါတယ် ။
၁ ။ Primary headaches
၂ ။ Secondary headaches
...
Primary headaches
ထီးတည်း ( stand alone ) ဖြစ်ပေါ် တဲ့ ခေါင်းကိုက်ခြင်း ပါ ။
သွေးကြောများ ၊ ကြွက်သားများ ၊ အာရုံကြောများ ၊ ဓါတုပစ္စည်း
များရဲ့ ကမောက်ကမ ဖြစ်စဉ်တွေကြောင့် နာကျင်မှု ခံစားရခြင်းပါ ။
Primary headaches သုံးမျိုးရှိပါတယ် ။
၁ ။ Migraines
၂ ။ Cluster headaches
၃ ။ Tension headaches
တို့ ဖြစ်ပါတယ် ။
...
Secondary headaches
နာကျင်မှုကို အာရုံခံသော ဦးခေါင်းအာရုံကြောများကို ထိခိုက်
စေသောအဖြစ်အပျက်များက ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ် ။
ဥပမာ
အရက်နာကျခြင်း
သွေးခဲပိတ်ဆို့ခြင်း
လေဖြတ်ခြင်း
ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်း
ပြင်းထန်စွာထိခိုက်မိခြင်း
ရေဓါတ်ခန်းခြောက်ခြင်း
ရေတိမ်ဖြစ်ခြင်း
တုပ်ကွေးမိခြင်း ၊ ဖျားနာခြင်း
ကြောက်စိတ်မွှန်ခြင်း
နာကျင်ကိုက်ခဲဆေး အသုံးလွန်ခြင်း
ဦးနှောက်ကင်ဆာ ဖြစ်ခြင်း
တို့ ဖြစ်ပါတယ် ။
...
Tension - type of headache
အဖြစ်များသော primary headache အမျိုးအစား ဖြစ်ပါတယ် ။
ခေါင်းပတ်ပတ်လည် ကိုကြိုးတင်းတင်းစည်းထားသလို တင်းကြပ်
သောခံစားမှု ဖြစ်စေပါသည် ။ နထင်ဘေး၂ဖက်မှာ တဒုန်းဒုန်း နှင့်
ထုံထုံထိုင်းထိုင်း နာကျင်မှုကို အဆက်မပြတ်ဖြစ်ပေါ် စေပါတယ် ။
နာကျင်မှုဟာ လည်ပင်းမှ စတတ်သလို ၊ လည်ပင်းဆီကို ပျံ့ သွား
တာမျိုးလဲ ဖြစ်တတ်ပါတယ် ။ နေ့လည်ပိုင်းမှာ တဖြည်းဖြည်းပေါ်
လာတတ်ပါတယ် ။
မကြာမကြာဖြစ်တာမျိုး လဲရှိပြီး ၊ နာတာရှည်ဖြစ်တာမျိုးလဲ ရှိပါတယ် ။
မကြာမကြာဖြစ်တဲ့အမျိုးအစားက နာရီပိုင်းလောက်နဲ့ ပျောက်တတ်ပြီး
ရက်ကြာကြာလဲ ဖြစ်တတ်ပါတယ် ။
နာတာရှည်မျိုးကတော့ ဆက်တိုက်ဖြစ်ပါတယ် ။ လနဲ့ ချီကြာတတ်ပါတယ် ။
၃ လလောက်ထိ ဖြစ်တတ်ပါတယ် ။
...
Migraine
ဒုတိယ အဖြစ်များဆုံး primary headache ဖြစ်ပါတယ် ။
တဒုတ်ဒုတ်နဲ့ သွေးတိုးဝင်သလို ၊ အနာကိုက်သလို နာကျင်မှုမျိုး
ခံစားရပါတယ် ။ ခေါင်းတခြမ်းထဲ ဖြစ်စေ ၊ ၂ခြမ်းလုံးဖြစ်စေ ကိုက်
တတ်ပါတယ် ။ မျက်လုံးများပြာဝေသွား တတ်သလို ၊ ရီဝေေ၀နဲ့ မူး
တတ်ပြီး ၊ ပျို့ အန်တတ်ပါတယ် ။ထုံကျဉ်မှုမျိုး ခံစားရတတ်ပါတယ် ။
...
Rebound headache
ခေါင်းကိုက်ပျောက်ဆေး အသောက်လွန်တဲ့အခါ ခေါင်းက တန်ပြန်
ကိုက်တာမျိုးဖြစ်ပါတယ် ။ နေ့လည်ပိုင်းမှာ ဖြစ်တတ်ပြီး တနေ့လုံးဆက်
သွားတတ်ပါတယ် ။ လည်ပင်းနာတာ ၊ ဇက်ခိုင်တာ ၊ စိတ်ဂယောက်ဂယက်
ဖြစ်တာ ၊ နှာခေါင်းပိတ်တာ ၊ အိပ်မရတာတွေ ပါဆက်ဖြစ်တတ်ပါတယ် ။
...
Cluster headache
အဖြစ်နည်းတဲ့ primary headache အမျိုးအစားဖြစ်ပါတယ် ။
လူ ၁၀၀၀ မှာ ၁ ယောက်လောက်ဖြစ်တတ်ပါတယ် ။
တရက်တခါ အချိန်မှန် ခေါင်းကိုက်တာမျိုးပါ ။ တခါကိုက်ပြီဆို ၁နာရီခွဲ
လောက်ကြာတတ်ပြီး ၊ ၁လ ၁လခွဲလောက် ဆက်ကိုက်တတ်ပါတယ် ။
စူးစူးဝါးဝါးနာကျင်တာမျိုး ၊ ပူလောင်နေတာမျိုး အလွန်ပြင်းထန်ပါတယ် ။
မျက်လုံးတဖက်ဖက် ၀န်းကျင်မှ ဖြစ်လေ့ရှိပါတယ် ။ နီရဲ ယောင်ရမ်းတာ ၊
မျက်ခွံတွဲကျတာ ၊ နှာပိတ် နှာရည်ယိုတာတွေ တွဲဖြစ်တတ်ပါတယ် ။
...
ကျနော်တို့ တရက်မဟုတ် တရက်တော့ ခေါင်းကိုက်နေရတာပါ ။
ဒေါသ မောဟ လောဘ နယ်ထဲက လူတွေ မဟုတ်လား ။ သောက
က အမြဲဖြစ်နေတာ ။ ခေါင်းက ကိုက်ပြီပေါ့ ။
နေပူ မိုးရွာ မရှောင် လုပ်ကိုင်စားသောက်ကြရတာ ခေါင်းက ကိုက်
ပြီပေါ့ ။
ခေါင်းကိုက်တိုင်း သွေးတိုးတယ်လို့ လူနာတိုင်း အယူမှားနေတာ က
ဘယ်လိုမှ ပြင်ပေးလို့ မရဘူးဗျာ ။
သွေးတိုးကြောင့် ခေါင်းကိုက်ပြီဆိုရင် ဦးနှောက်သွေးကြောပြတ် လို့ပါ ။
အဲဒါ ဇာတ်သိမ်းပါဘဲ ။
...
ဒေါက်တာမြင့်သိန်း
၁၅ သြဂုတ် ၂၀၁၄

Comments
Post a Comment