ပျားရည်၏ အသုံးဝင်ပုံ
' ပျားရည်၏ အသုံးဝင်ပုံ '
ပျားရည်ကို သဘာဝအချိုအဖြစ် လက်ဘက်ရည် ၊ ကိတ်မုန့် ၊ အသုတ် ၊
ဖျော်ရည်များတွင် ထည့်ပြီး စားသုံးကြပါတယ် ။
ပျားရည်ကို စားသုံးလျှင် ကျန်းမာစေသလို ၊ အားအင်လည်း ဖြစ်ပြီး ၊
သွေးတွင်းသကြားဓါတ်လည်း ထိန်းသိမ်းပြီးသားဖြစ် ၊ အိပ်မပျော်ခြင်း
အတွက်လည်း ကောင်းမွန် ၊ ၀ိတ်ကျဖို့ လည်း အထောက်အကူဖြစ် ၊
အစာလည်းကြေ စသဖြင့် ကောင်းကျိုးတွေ ရရှိပါတယ် ။
အဟာရအတွက်သာ အသုံးဝင်တာ မဟုတ်ပဲ ၊ အလှအပရေးရာ
အတွက်လည်း လွန်စွာမှ အသုံးဝင်ပါတယ် ။
ပျားရည်ဟာ ပိုးမွှား ဘက်တီးရီးယား တွေ သေစေနိုင်သလို ၊
အင်တီအောက်စီဒင့် ဓါတ်လည်း ပြည့်ဝပြီး ၊ ခန္ဓာကိုယ်မှာ ရောင်းရမ်းခြင်း
တွေကိုလည်း တားဆီးပေးပါတယ် ။
အရေပြားနဲ့ ဆံပင်အတွက် အလွန်ပဲ အကျိုးပြုပါတယ် ။
ပျားရည် ကောင်းကျိုးတွေကို နံပါတ်ထိုး ပြောရမယ် ဆိုရင် ::::
.
1. အနာရွတ်များ မှေးမှိန်စေခြင်း ( Fades Scars )
မြင်ကွင်းမှာရှိနေတဲ့ အနာရွတ် မှန်သမျှဟာ ကြီးကြီးငယ်ငယ်
အရုပ်ဆိုး အကျည်းတန်တယ်လို့ ခံစားရတာမို့ မည်သူမဆို အမာရွတ်ကို
ဖျောက်ချင်ကြတာချည်းပါပဲ ။
အမာရွတ်ဟာ ဖျောက်ဖို့ ခက်ပါတယ် ။ ဒါပေမယ့် ပျားရည်က အမာရွတ်ကို
မှေးမှိန်သွားစေပြီး ၊ ပေါ်လွင်မှုကို လျော့သွားအောင် လုပ်ပေးနိုင်ပါတယ် ။
ပျားရည်က အနာကျက်မြန်စေတယ် ၊ တစ်သျှူး ပွားများဖို့ အားပေးတယ် ၊
ဆဲလ်များ ပြန်လည်ရှင်သန်မှုကို အားပေးပါတယ် ။ ဒီအစွမ်းတွေက
အနာရွတ်ကို မှိန်သွားစေပါတယ် ။
- ပျားရည် ၊ အုန်းဆီသန့်သန့် ( သံလွင်ဆီ လည်း ရပါတယ် ) ဆတူရော ၊
- အနာရွတ်ပေါ်လိမ်းပြီး ၊ စက်ဝိုင်းသဏ္ဍာန် ၂မိနစ်ခန့် နှိပ်နယ်ပေးပါ ၊
- ပူနွေးနွေးအ၀တ်စ နဲ့  အ၀တ် ပြန်အေးသွားသည်ထိ ဖုံးအုပ်ပါ ၊
- ဂွမ်းလုံး သန့်သန့်လေးနဲ့ သုတ်သင်ပေးပါ ၊
- တရက် ၂ကြိမ်လောက် လုပ်ပေးပါ ။
.
2. အရေပြားရောဂါ ( Treats Psoriasis )
အနီဖုများထပြီး ကြမ်းထော်လာတဲ့ အရေပြားရောဂါ ( Psoriasis )
ဟာ နီရဲနေပြီး ၊ ရေကြည်ဖုထခြင်း ၊ ယားယံခြင်းတို့ ဖြစ်စေပါတယ် ။
ပျားရည်က ရောင်ရမ်းခြင်းကို လျော့စေ၊ ခြောက်သွေ့ ခြင်းကို သက်သာ
စေ ၊ အရေကွာကျစေပြီး အသားအရေ ချောမွေ့ လာစေနိုင်ပါတယ် ။
- ပျားရည် ၁ဇွန်း ၊ သံလွင်ဆီ ၁ ဇွန်း ၊ ပျားဖယောင်း အနည်းငယ်ကို ရော ၊
- မိုက်ကရိုဝေ့ မီးဖိုမှာ ပျားဖယောင်း ပျော်အောင် အပူပေး ၊
- ထုတ်ပြီး မွှေ ၊ အအေးခံ ၊
- ဖြစ်တဲ့နေရာမှာ လိုးရှင်းလိမ်းသလို လိမ်းပါ ၊
- မကုတ်ပဲ ခဏ ခဏ လိမ်းပေးပါ ။
.
3. ထိခိုက်အနာဒဏ်ရာ (Heals Minor Cuts and Wounds )
မနူကာပင် အပွင့်က ၀တ်ရည်တမျိုးတည်းနဲ့ ပျားရည်ရအောင် 
သြစတေးလျ ၊  နယူးးဇီလန် နိုင်ငံများမှာ ထုတ်လုပ်ပါတယ် ။
၎င်း မနူကာပျားရည် ( high-quality Manuka honey ) ကို စားသုံးဖို့ထက် ၊
ဆေးဖက်ဝင်အနေနဲ့ သုံးပါတယ် ။ ဘက်တီးရီးယားများ ကို နိုင်လို့ ပါ ။
အသေးအဖွဲ ထိခိုက် ပြတ် ရှ ဒဏ်ရာလေးများကို ပျောက်စေပါတယ် ။
- ဒဏ်ရာပေါ်ကို မနူကာပျားရည် ထူထူလိမ်းပါ ၊
- ၂နာရီလောက် ပတ်တီး စည်းထားပါ ၊
- ပတ်တီးဖယ်ပြီး အ၀တ်စိုသန့်သန့် နဲ့ သန့် ရှင်းပေးပါ ၊
- လိုအပ်လျှင် ထပ်လုပ်ရပါတယ် ။
.
4. ၀က်ခြံ ( Combats Acne )
အဆီအထွက်များရင် ၊ ဖုန်တွေကပ်ပြီး ၊ ချွေးပေါက်တွေထဲမှာ ပိတ်မိတဲ့အခါ
ဘက်တီးရီးယာတွေ ပွားလာပြီး ၀က်ခြံတွေ ဖြစ်လာတတ်ပါတယ် ။
ပျားရည်က ဘက်တီးရီးယားကိုလည်းသေစေတယ် ၊ ရောင်ရမ်းခြင်းလည်း
လျော့စေတယ် ၊ အသားအရေကိုလည်း စိုပြေ၀င်းပစေပါတယ်  ။
- ၀က်ခြံနဲ့ ပတ်လည် အရေပြားပေါ် ပျားရည်လိမ်းပါ ၊ မနစ် ၃၀ ထားပါ ၊
      ရေ နွေးနွေး နဲ့ မျက်နှာသစ်ပါ ၊ တနေ့ ၃ကြီမ်လောက်လုပ်ပါ ။
- နောက်တမျိုးက ပျားရည် ၁ဇွန်း ၊ သစ်ကြံပိုးခေါက် မှုန့် ဇွန်းဝက် ရောပါ ၊
        ရေနွေးဖြင့် မျက်နှာသစ်ပါ ၊ တနေ့ ၂ကြိမ်လောက်လုပ်ပါ ။
.
5. အိုမင်းခြင်း ( Delays Skin Aging )
အင်တီအောက်ဆီဒင့် ကြွယ်ဝသဖြင့် ဆဲလ်များ ပျက်ဆီးခြင်းကို တားဆီး
သောကြောင့် အရေးအကြောင်းများ ပေါ်ခြင်း ၊ အရေတွဲခြင်း ၊ တွန့် လိပ်ခြင်း
တို့ ကို တားဆီးနိုင်ပါတယ် ။ အသားအရေ စိုပြေ၀င်းပပြီး နုပျိုစေပါတယ် ။
- ပျားရည် ၊ သံပုရိုရေ ဆတူရောမွှေပါ ၊ မျက်နှာ ၊ လည်ပင်းတို့ ကို
        လိမ်းကျံပါ ။ ခြောက်သွားသည်ထိ ထားပြီး ရေနွေးနွေးနှင့်
         မျက်နှာသစ်ပါ ။ တပတ် ၂ခါလောက်လုပ်ပါ ။
-  နောက်တနည်းက ပျားရည် ၂ဇွန်း ၊ ထောပတ်သီး အနှစ် နဲ့ ရော ၊
       မျက်နှာ လည်ပင်းပေါ် လိမ်းကျံပါ ၊ မိနစ် ၃၀ထားပြီး ၊
       ရေနွေးနွေးနဲ့ မျက်နှာသစ်ပါ ။ တပတ် ၁ခါလောက်လုပ်ပါ ။
.
6. ဆံပင်ကျွတ်ခြင်း ( Stops Hair Loss )
ပျားရည်ရဲ့ အင်တီအောက်ဆီဒင့် ဓါတ်က  ပိုးမွှားလည်း သေစေ ၊
ဖန်းဂတ်မှိုလည်း သေစေ ပြီး ဆံပင်ကျွတ်ခြင်းလည်း လျော့စေ ၊
ဆံပင်လည်း ပြန်ပေါက်စေပြီး ၊ ဗောက်လည်း သေစေပါတယ် ။
- ပျားရည် ၊ ကြက်သွန်နီအရေ ၁ဇွန်းစီရော ၊ ဦးရေပြားကို နှိပ်နယ်ပါ ၊
     မိနစ် ၃၀ထားပြီးမှ ခေါင်းလျှော်ပါ ။ တပတ် ၂ကြိမ်လုပ်ပါ ။
-  ပျားရည်နဲ့ ဒိန်ချဉ် ဆတူရော ၊ ဦးရေပြားကို နှိပ်နယ် ၊
       မိနစ် ၃၀ - ၄၀ ထား ၊ ခေါင်းလျှော်ပါ ။ တပတ် ၃ကြိမ် လုပ်ပါ ။
.
7.  အသားပပ် နှုတ်ခမ်းကွဲ ( Softens Chapped Lips )
 နှုတ်ခမ်းများကွဲအက်ခြင်းမျာကို ပျားရည်ရဲ့ စိုစွတ်စေတဲ့ ဂုဏ်သတ္တိက
ပျော့ပြောင်း နူးညံ့စေနိုင်ပါတယ် ။
- ပျားရည်နဲ့ နှုတ်ခမ်းကို ခဏခဏ သုတ်လိမ်းပေးပါ ။
- နောက်တနည်းက သကြား ၂ဆ ၊ ပျားရည် ၁ဆ ရောပြီး
       scrub လို နှုတ်ခမ်းကို အသာအယာ ပွတ်ပေးပါ ။
        ဆဲလ်အသေများကို ဖယ်ရှားပေးပါလိမ့်မယ် ။  တပတ်တခါ လုပ်ပါ ။
( နှုတ်ခမ်းမကွဲအောင် သတိပြုရမှာက  နှုတ်ခမ်းခြောက်လျှင် နှုတ်ခမ်းကို လျှာနဲ့ မလျက်ပါနဲ့  ၊ ရေ များများသောက်ပေးရပါမယ် )
.
8. လက်များ နူးညံ့ဖို့ ( Makes Hands Soft )
လက်ဖ၀ါးများခြောက်ပြီး ကြမ်းနေပါက ပျားရည်ရဲ့ စိုစွတ်စေတဲ့ ဂုဏ်သတ္တိ
ကြောင့် ချောမွေ့ ပျော့ပြောင်းစေနိုင်ပါတယ် ။
- ပျားရည် နဲ့ လက်ကို ပွတ်သပ်လိမ်းကျံပြီး ၁၅ မိနစ်လောက်ထားပါ ။
        နောက်မှ ရေချိုးတာ ၊ လက်ဆေးတာ လုပ်ပါ ။
-  နောက်တနည်းက ပျားရည်နဲ့ ဂလစ်စရင်း ( glycerin ) ရောပြီး
        လက်ကို လိမ်းပါ ။ ခြောက်သည်ထိ ထားပြီးမှာ ရေနွေးနွေး နဲ့
        လက်ဆေးပါ ။ တနေ့ တကြိမ်လုပ်ပါ ။
.
9. အပူလောင်ခြင်း ( Treats Minor Burns )
အပူလောင်ခြင်း (  first-degree burns ) က အရေပြား အပြင်ဆုံးလွှာ
လောင်ပြီး ၊ နီရဲ လာတာမျိုးပါ ။
ပျားရည်က ပိုးသေစေသလို ၊ ရောင်ရမ်းတာလျော့စေတဲ့အတွက် ၊
အမြန်သက်သာစေနိုင်ပါတယ် ။ မြန်မြန်ကျက်စေနိုင်ပါတယ် ။
အနာရွတ်ဖြစ်ခြင်း နည်းစေပါတယ် ။
- ပတ်တီးကို ပျားရည် စွတ်ပြီး အပူလောင်ဒဏ်ရာကို အုပ်ပါ ၊
- ပတ်တီးကို တရက် ၃- ၄ ကြိမ် လဲလှယ်ပါ ၊
- အနာကျက်သည်ထိ လုပ်ဆောင်ပါ ။
.
10 . ဆံပင်ပျက်ဆီးခြင်း ( Damaged hair )
ပျားရည်မှာ ဗီတာမင် ၊သတ္တုဓါတ်တွေ ပါတဲ့အတွက် ဆံပင်အတွက်
အကျိုးပြုပါတယ် ။ ခြောက်တာ ၊ ပြတ်တာတွေကို ပြုပြင်နိုင်ပါတယ် ။
- ပျားရည် ခွက်ဝက် ၊ သံလွင်ဆီ ခွက် ၄ပုံ ၁ပုံ ရောပါ ၊
- မိုက်ကရိုဝေ့ မီးဖိုနဲ့ အပူပေးပါ ၊
- နွေးလောက်ပြီဆိုရင် ပြန်ထုတ်ပါ ၊
- ဦးရေကို ပွတ်သပ် နှိပ်နယ်ပါ ၊
- မိနစ် ၂၀ ထားပြီး မှ ခေါင်းလျှော်ပါ ။
- တပတ် ၂ကြိမ် ကျေနပ်မှု ရသည်ထိ လုပ်ပါ ။
.
ပျားရည်အသုံးဝင်ပုံကို ပုံလေးတွေနဲ့ တင်ပြခဲ့ဖူးပါတယ် ။
ယခု စာနဲ့ ထပ်မံ တင်ပြခြင်း ဖြစ်ပါတယ် ။
.
ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
27/4/2016
(#credit_Dr_Myint_Thein)
Comments
Popular posts from this blog
အဘိဏှသုတ် (ပါဠိ - မြန်မာ)
တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ