'' ဘာသာပြန်စာအုပ်ရေးလို့ ရက်ရက်စက်စက် အသတ်ခံရသူ ''

မြန်မာပြည်မှာ ဘာသာပြန် စာအုပ်တအုပ်ရေးလို့ ရက်ရက်စက်စက် အသတ်ခံခဲ့ရသူ ရှိပါတယ်။ အဲဒီသူကတော့ လက်ပံတန်း ဦးဘတင် (ဘီအေ ဘီအယ်လ်) ဆိုသူပါ။ အီတလျံလူမျိုး အမ်လတ်တို ဗက်စပါးရဲ့ The Secret Agent of Japan စာအုပ်ကို ‘ဂျာပန့်သူလျှို’ အမည်နဲ့ မြန်မာပြန်ခဲ့လို့ ဂျပန်ဝင်လာတော့ အသတ်ခံရတာပါ။
ဝတ်လုံ ဦးဘတင်ဟာ အင်္ဂလန် လက်ဝဲအသင်းရဲ့ အဖွဲ့ဝင်ဖြစ်သလို၊ စာပေးစာယူနဲ့ ဆိုရှယ်လစ်သဘောတရား ဆိုင်ရာဘွဲ့လက်မှတ်ကိုလည်း လန်ဒန်က ရခဲ့ပါတယ်။ အဲဒီအသင်းရဲ့ တိုက်တွန်းချက်အရ ဂျွန်စထရက်ချိ ရေးသားတဲ့ ‘ဆိုရှယ်လစ်ဝါဒ နိသျဉ်းနဲ့ လက်တွေ့’ (Theory and Practices of Socialism) ကို မြန်မာပြန် ပါတယ်။ သာယာဝတီခရိုင် တို့ဗမာအစည်းအရုံး နိုင်ငံရေးသင်တန်းတွေကိုလည်း သခင်မြနဲ့ အတူ ပို့ချခဲ့တယ်။ ဆရာစံအမှုကို ဦးဆောင်ရှေ့နေအဖြစ် လိုက်ခဲ့တယ်။ လက်ပံတန်းမြို့ မြူနီစပယ်ဥက္ကဋ္ဌအဖြစ် အကြိမ်ကြိမ် အရွေးခံရပါတယ်။
၁၉၃၈ မှာ နဂါးနီ စာအုပ်အသင်းက သူ့ရဲ့ ဂျာပန့်သူလျှို စာအုပ် ထုတ်ဝေခဲ့တယ်။ သူ့အရင် ထွန်းနေ့စဉ်သတင်းစာ ဦးထွန်းဖေက နာမည်မခံဘဲ အယ်ဒီတာတဦးအမည်နဲ့ အကျဉ်းချုပ် ပြန်ထားတယ်။ နဂါးနီတိုက်က အပြည့်အစုံ ဘာသာပြန်ပေးဖို့ ဦးဘတင်ကို တိုက်တွန်းတယ်။ ဦးဘတင်က လန်ဒန်လက်ဝဲအသင်းနဲ့ စာရေးသူ ဗက်စပါး ရဲ့ ခွင့်ပြုချက် လှမ်းတောင်းပြီးမှ အပြည့်အစုံဘာသာပြန်တယ်။
ဒီစာအုပ်ဟာ အကြောင်းအရာရော အရေးအသားပါ သစ်လွင်နေတုန်းပါ။ အီတလျံလူမျိုး ဗတ်စပါး ဟာ မိန်းမနဲ့ ကလေးတွေ အပေါင်ထားပြီး ဂျပန်တွေခိုင်းသမျှ သူလျှိုအဖြစ် လုပ်ပေးရတယ်။ မန်ချူးရီးယားမှာ ဂျပန် ဖက်ဆစ်စနစ်ရဲ့ ရက်စက်ယုတ်မာပုံ ကိုယ်တွေ့မြင်ခဲ့ ပါခဲ့ရတဲ့ ဖြစ်ရပ်တွေကို ဖွင့်ချထားတယ်။ မြန်မာပြည်မှာ ဒီစာအုပ် ထွက်လာတော့ အတော်ဂယက်ရိုက်တယ်။ တချို့က အင်္ဂလိပ်ကိုတော်လှန်ဖို့ ဂျပန်နဲ့ ပေါင်းရမယ်လို့ ယူဆနေကြချိန်။ တက်ကြွလွန်းတဲ့ မနူးမနပ် လူငယ်တွေက နိပွန်ဂျပန်သာ ကိုးကွယ်ရာလို့ ပြောဟောနေချိန်။ ဒါကို ဦးဘတင်က ဂျပန်နဲ့ ဖက်ဆစ်စနစ်အန္တရာယ်ကို ဒီစာအုပ်နဲ့ ကြိုတင် သတိပေးပါတယ်။ ဒါကြောင့်လည်း နိပွန်မာစတာတွေ ၀င်လာတော့ သူ့ကို ရှာပြီး နှိပ်စက်သတ်ဖြတ်ခဲ့ပါတယ်။
ဒီနှစ်ဆို ၀တ်လုံ ဦးဘတင် အသက် ၁၂၆ နှစ် ပြည့်ပါပြီ။ အားလုံးကလည်း သူ့ကို မေ့လျော့သွားပါပြီ။ ဒါပေမဲ့ နဂါးနီအသင်း ထုတ် သူ့ရဲ့ ‘ဂျာ့ပန့်သူလျှို’ စာအုပ်ကိုတော့ ဖတ်ချင်သူများရှိခဲ့ရင် Open Mind စာကြည့်တိုက်မှာ လာရောက် ဖတ်ရှုနိုင်ပါတယ်။
.
Open Mind စာကြည့်တိုက်
Credit-The Left
via-Nay Ko
#MyMedia

Comments
Post a Comment