" ဥသျှောင်တို့၏ စံအိမ်တော်များ "
" ဥသျှောင်တို့၏ စံအိမ်တော်များ "
ကျွန်တော်တို့လူသားများသည်ဤကမ္ဘာမြေပြင်ပေါ်ဝယ်စတင်နေထိုင်ခဲ့ကြသည့်အချိန်ကတည်းကပင်နေရာဒေသတစ်ခုခုတွင်အုပ်စုဖွဲ့နေထိုင်ခဲ့ကြသည်ဖြစ်ရာယဉ်ကျေးမှုထွန်းကားလာချိန်ဝယ်မိမိတို့လူမျိုးစုများအလိုက် ပထ၀ီဝင်အနေအထားပေါ်မူတည်ကာတိုင်းပြည်များ၊နိုင်ငံများပေါ်ထွန်းလာခဲ့ရပေသည်။နိုင်ငံတစ်ခု၊တိုင်းပြည်တစ်ခု ဖြစ်ပေါ်လာသည်နှင့်ပြည်သူပြည်သားများအရေးကိစ္စများကိုတာဝန်ယူမည့်အုပ်ချုပ်သူသည်လည်းရှိလာရသည်ဖြစ် ပေရာထိုအုပ်ချုပ်သူတို့နေထိုင်၊အုပ်ချုပ်ရန်အတွက်အဆောက်အအုံများကိုစီမံဆောက်လုပ်ကြရမြဲပင်ဖြစ်သည်။လူသားတို့ယဉ်ကျေးမှုအဆင့်ဖွံ့ဖြိုးလာချိန်တွင်အုပ်ချုပ်သူများ၏နေအိမ်များသည်တဲအိမ်များ၊ရွက်ဖျင်များမှသည်နန်း တော်များ၊စံအိမ်များဖြစ်လာကြပေသည်။
နိုင်ငံတစ်ခု၏အကြီးအကဲ ၊တိုင်းပြည်တစ်ခု၏ခေါင်းဆောင်သည် ထိုနိုင်ငံ၊ထိုတိုင်းပြည်၏ဥသျှောင်ပင်ဖြစ်ရာ သူတို့နေထိုင်ရာအိမ်များ၊အဆောက်အအုံများသည်ထိုနိုင်ငံများ၏ဥသျှောင်စံအိမ်များပင်ဖြစ်ပါသည်။ရာစုပေါင်းများ စွာပဒေသရာဇ်တို့နေထိုင်ခဲ့ကြသည့်နန်းတော်များ၊ခံတပ်များအစရှိသည့်ဥသျှောင်တို့၏စံအိမ်များသည် နိုင်ငံသမိုင်း ၏အရေးပါသောအစိတ်အပိုင်းများဖြစ်ခဲ့ကြရသည်။ကမ္ဘာတစ်ဝန်းတွင်ရှေးအခါကဘုရင်တို့စိုးစံနန်းစိုက်ခဲ့ကြသည့် အချို့သောစံအိမ်နန်းတော်များသည်ယခုအခါတွင်အသုးံးပြုမှုမရှိကြသော်လည်းများစွာသောလူများ၏စိတ်ဝင်တစားလာရောက် ကြည့်ရှုကြသည့်နေရာများဖြစ်လာခဲ့ရပေသည်။
အချို့သော စံတော်အိမ်များသည်လည်း လက်ရှိ အုပ်စိုးသူတို့ နေထိုင် အသုံးပြုလျက်ရှိနေကြသေးပေရာ
ထို စံအိမ်များသည်လည်း အများပြည်သူတို့ စိတ်ဝင်စားရာ နေရာများဖြစ်လာကြပေသည်။
ယင်းတို့အနက် ကမ္ဘာပေါ်တွင် အထင်ရှားဆုံးနှင့် လူအများ သွားရောက်ကြည့်ရှုလေ့လာမှုအရှိဆုံးသော ဥသျှောင်တို့၏ စံတော်အိမ် ၁၁ ခုကို တင်ပြ လိုပါ သည်။
၁၊ ကရင်မလင် နန်းတော် (Kremlin)
ရင်ပြင်နီဟုထင်ရှားလူသိများသည့် ကရင်မလင်နန်းတော်သည် ရုရှနိုင်ငံ ၊မော်စကိုမြို့တွင်တည်ရှိသည်။ ကရင်မလင်သည် ရုရှသမ္မတ အစဉ် အဆက်တို့ရုံးထိုင်ခဲ့ကြသောနေရာဖြစ်ပြီးအခိုင်အမာ တည်ဆောက် ထားသော အဆောက်အဦများစွာဖြင့်ဖွဲ့စည်းထားသောအ၀န်းအ၀ိုင်းကြီးတစ်ခုဖြစ်သည်။ကရင်မလင်နန်းတော်ကိုနန်းတော်ကြီးလေးခု၊ဘုရားရှိခိုးကျောင်းလေးခုနှင့်ကရင်မလင်မျှော်စင်များပါဝင်သည့်တံတိုင်းတစ်ခုတို့ဖြင့်ဖွဲ့စည်းထားသည်။ယင်းနန်းတော်သည်လက်ရှိရုရှနိုင်ငံသမ္မတ ဗလာဒီမာပူတင်တရားဝင်ရုံးထိုင်ရာနေရာဖြစ်ပြီးကရင်မလင်နန်းတော် ဧရိယာ ၏သုံးပုံတစ်ပုံခန့်သော နေရာ များကိုသာ အများပြည်သူတို့အားဝင်ခွင့်ပြုထားပြီးကျန်နေရာများအားပိတ်ပင်ထား လေ့ရှိသည်။သို့တိုင်အောင်ပင်ပြည်သူများအားဝင်ခွင့်ပေးထားသည့်ကရင်မလင်နန်းတော်၏သုံးပုံတစ်ပုံမျှသောနေ ရာများသည်ပင်လျှင်ရက်အတန်ကြာ အချိန်ယူလေ့လာကြရပေသည်။
၂၊ အိမ်ဖြူတော်( White House )
အမေရိကန်သမ္မတများ နေထိုင်ရုံးစိုက်ရာ အိမ်ဖြူတော်ကို သက္ကရာဖ် ၁၇၉၂ ခုနှင့် ၁၈၀၀ ကြားတွင် ဆောက်လုပ်ခဲ့ကာ အမေရိကန်နိုင်ငံ သမ္မတ ဂျွန်အဒမ်က ပထမဆုံး နေထိုင်ရုံးစိုက်ခဲ့သည်။ယခင်က အိမ်ဖြူတော်ကို လူများအလွယ်တကူဝင်ရောက်လေ့လာနိုင်ကြသော်လည်း ၉/၁၁ တိုက်ခိုက်ခံရမှုအပြီးတွင် အဖွဲ့ဝင်၁၀ ယောက်နှင့် အထက်ပါဝင်သောခရီးသွားအုပ်စုများကိုသာအဖွဲ့လိုက်ဝင်ခွင့်ပြုထားပါသည်။ဝါရှင်တန်ဒီစီရှိအိမ်ဖြူတော်သို့ဝင် ရောက်လေ့လာလိုသူအမေရိကန်နိုင်ငံသားများသည်မိမိတို့၏မဲဆန္ဒနယ်မြေကွန်ဂရက်အမတ်မှတစ်ဆင့် ၀င်ရောက် လေ့လာခွင့်လျှောက်ထားနိုင်ကြပြီး၊အမေရိကန်နိုင်ငံသားမဟုတ်သူများသည်မိမိတို့နိုင်ငံအသီးသီးရှိအမေရိကန်သံအမတ်ကြီးများမှ တစ်ဆင့် ဖြစ်စေ ၆ လ ကြိုတင်ကာ ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြပါသည်။
၃၊ ထိုင်းဘုရင့်နန်းတော်(Grand Palace)
ထိုင်းနိုင်ငံ၏ မြို့တော်ကို တွန်ဘူရီမှ ဘန်ကောက်သို့ ပြောင်းရွှေ့ချိန် ၁၇၈၂ ခုနှစ်တွင် ဘုရင့် နန်းတော် ကိုတည်ဆောက်ခဲ့သည်။ထိုနန်းတော်မှာပင်ထိုင်းဘုရင်အဆက်ဆက်နန်းစိုက်ခဲ့ရာမှ၁၉၄၆တွင် ထိုစဉ်က ထိုင်းဘုရင် ဖြစ်သော အာနန္ဒမဟီဒေါ (Anand Mahidol)သည်နန်းတော်အတွင်း ထူးဆန်းစွာ ကွယ်လွန်ခဲ့သည်။ ဘုရင် အာနန္ဒ မဟီဒေါ ကွယ်လွန်ပြီးနောက်ထီးမွေနန်းမွေဆက်ခံသူ (မဟီဒေါ၏ညီဖြစ်သူ)ယခုလက်ရှိ ထိုင်းနိုင်ငံ၏ ဘုရင်မင်းမြတ် ဘူမိဘော (Bhumibol Adulyadej) က ထိုင်းဘုရင့်နန်းတော်ကို ချိတြာလာဒ ( Chitralada) သို့ အပြီး ပြောင်း ရွှေ့ကာယခုအချိန်အထိ နန်းစံလျက်ရှိနေသည်။သို့သော်လည်း ထိုင်းဘုရင်အဆက်ဆက်တို့ နန်းစိုက် ခဲ့ရာ Grand Palace ကို ထိုင်းနိင်ငံ၏ တရားဝင် နန်းတော်တစ်ခုအဖြစ် ယခုတိုင်အသိအမှတ်ပြုထားပြီး ထိုင်းနိုင်ငံ ၏ တော်ဝင် အခမ်းအနားများကို Grand Palace တွင် ရံခါ ရံခါ ဆိုသလို ကျင်းပ လျက်ရှိနေပေသည်။
၎၊ အယ်လ်ကာဇာ နန်းတော် (Alcazar of Serville)
အယ်လ်ကာဇာ နန်းတော်သည် စပိန်နိုင်ငံမှ သမိုင်းဝင်အထင်ရှားဆုံးသော မူဒေဂျာ( Mudejar) ဗိသုကာ လက်ရာများထဲမှ ယခုတိုင်ကြွင်းကျန်လျက်ရှိနေသောစံတော်အိမ်တစ်ခုဖြစ်သည်။ယင်းနန်းတော်ကို ဖုန်းဆိုးမြေတွင် တည်ဆောက်ခဲ့ပြီး စပိန်နိုင်ငံ၏အကောင်းဆုံး အနုလက်ရာတစ်ခုဖြစ်သည့် ခံတပ်အဆောက် အဦတစ်ခုဖြစ်သည်။ မူလနန်းတော်ကို ၁၀ ရာစု နှစ်ဦးပိုင်းတွင် စတင်တည်ဆောက်ခဲ့ပြီး စပိန် Almohade မင်းဆက်တွင် စိုးစံခဲ့ကြသူ များကဆက်လက်တိုးချဲ့တည်ဆောက်ခဲ့ကြသည်။အဆက်ဆက်သောနန်းစံခဲ့ကြသူတို့ကအယ်လ်ကာဇာကိုမိမိတို့ စိတ်ကြိုက်မွမ်းမံပြင်ဆင်ခဲ့ကြပြီးနန်းမဆောင်၏အပေါ်လွှာတွင်ယနေ့တိုင်တော်ဝင်အခမ်းအနားများကိုတရားဝင် ကျင်းပလျက်ရှိသည်။
၅၊ ဘာကင်ဟမ် နန်းတော် (Buckingham Palace)
ဘာကင်ဟမ် နန်းတော်သည် ဗြိတိန် ဘုရင်မကြီး Elizabeth II နန်းစိုက်ရာ ကမ္ဘာကျော် အဆောက်အဦ တစ်ခုဖြစ်သည်။အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင်တည်ရှိပြီး တော်ဝင်မိသားစုပိုင်မဟုတ်သည့် ဗြိတိန်နိုင်ငံပိုင် နန်းတော် ကြီးဖြစ်ပြီး လုံခြုံရေး အစောင့်များ တာဝန်လဲလှယ်မှုကို အဓိက အခမ်းအနားတစ်ခုအဖြစ် နန်းရှေ့ရင်ပြင်တွင် ပြုလုပ် သဖြင့်လန်ဒန်သို့ရောက်ရှိလာကြသူတိုင်းထိုအခမ်းအနားကိုစိတ်ဝင်တစားသွားရောက်ကြည့်ရှုလေ့ရှိကြသည်။နှစ်စဉ် မေလနှင့်ဇူလိုင်လများတွင်နေ့စဉ်နံနက် ၁၁နာရီ ၃၀ မိနစ်ခန့်တွင် တာဝန်ချိန်လွှဲပြောင်းခြင်းအခမ်းအနားကို ကျင်းပ လေ့ရှိကာ ကျန်လများတွင်မူ ရာသီဥတုအပေါ် မူတည်လျက် နေ့အလိုက် အလှည့်ကျ ကျင်းပပြုလုပ်လေ့ရှိသည်။
၆၊ စပိန်နန်းတော် ( Palacio Real )
စပိန်နိုင်ငံ၏ ဘုရင် Juan Carlos သည် စပိန်နိုင်ငံ၏ မြို့တော် မက်ဒရစ်၏ အပြင်ဖက်ရှိ Palacio de la Zarzuela တွင် နေထိုင်သော်လည်း Palacio Real သည် စပိန်ဘုရင်၏တရားဝင်ရုံးထိုင်ရာနေရာဖြစ်သည်။ Palacio Real ကို လွန်ခဲ့သော ၁၀ ရာစုနှစ်က တည်ဆောက်ခဲ့ပြီး လွင်တီးခေါင်ဒေသတွင် အဆီးအတားမြို့ရိုးတစ်ခုအဖြစ် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။၁၇၃၈ ခုနှစ်မှ ၁၇၅၅ ထိ တည်ဆောက်ခဲ့ရပြီး နန်းတော်ပြီးစီးချိန်တွင် စပိန် ဘုရင် Carlos III က ၁၇၆၄ ခုနှစ် တွင် ပထမဦးဆုံး နန်းစိုက်ခဲ့သည်။
၇၊ တိုကျို နန်းတော် ( Tokyo Imperial Palace)
ကြီးမား ကျယ်ပြန့်သော ဥယျာဉ်တစ်ခုနှင့်တူသည့် ဂျပန်ဘုရင့်နန်းတော်သည် ဂျပန်ဘုရင်တို့ အဓိက ရုံးစိုက်စံမြန်းသော စံအိမ်တော်ဖြစ်သည်။၁၉၈၀ ခုနှစ်ဝန်းကျင်က ဂျပန်နိုင်ငံတွင် အိမ်ခြံမြေဈေးများ အဆမတန် မြင့် တက်ခဲ့စဉ်က နန်းတော်မြေနေရာ၏တန်ဖိုးသည် အမေရိကန်နိုင်ငံ ၊ ကာလီဖိုးနီးယားပြည်နယ် တစ်ခုလုံးရှိ အိမ်ခြံမြေ အားလုံး၏တန်ဖိုးထက်ပင်ဈေးနှုန်းပိုမိုခဲ့သည်။ဘုရင့်မိသားစုတို့ပြည်သူတို့ထံမှောက်သို့ရှေ့ထွက်လေ့ရှိသည့်နှစ်စဉ်ဇန်န၀ါရီလ ၂ ရက်နှင့်ဒီဇင်ဘာလ ၂၃ ရက်တို့မှလွဲ၍ ကျန်ရက်များတွင်နန်းတော်ဥယျာဉ်အတွင်းပိုင်းနှင့် အဆောက် အအုံအားလုံးတို့အား အများပြည်သူများအားဝင်ခွင့်မပြုဘဲ ပိတ်ထားလေ့ရှိသည်။
၈၊ ဟော့ဖ်ဘာ့ခ်နန်းတော်(Hofburg Imperial Palace)
ဟော့ဖ်ဘာ့ခ်နန်းတော်(Hofburg Imperial Palace) သည် သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင်တည်ရှိပြီး သြစတြီးနိုင်ငံသမ္မတများတရားဝင်ရုံးစိုက်ရာ စံအိမ်တော်ဖြစ်သည်။ဟော့ဖ်ဘာ့ခ်နန်းတော်တွင်၁၄၃၈ ခုနှစ်မှ ၁၅၈၃ ခုနှစ်နှင့် ၁၆၁၂ ခုနှစ်မှ ၁၈၀၆ ခုနှစ်အထိ ရိုမန် အင်ပါယာ ဘုရင်များနန်းစိုက်ခဲ့ပြီး၊ ၁၉၁၈ ခုနှစ် ပထမကမ္ဘာစစ်ပြီး သည့်နောက်ပိုင်းမှစ၍ သြစတြီးယား ဧကရာဇ်များ နန်းစိုက်ခဲ့သည်။
၉၊ ဆွစ်နန်းတော် (Drottningholm)
၁၆ ရာစုနှောင်းပိုင်းတွင်တည်ဆောက်ခဲ့သော ဆွစ်နန်းတော် (Drottningholm) သည် ဆွီဒင်တော်ဝင် မိသားစုပိုင်နန်းတော်ဖြစ်ပြီးဘုရင်နန်းစိုက်ရာနေရာလည်းဖြစ်သည်။နန်းတော်ကိုပတ်ရံထားသောဥသျာဉ်များ၊ပန်းခြံ များနှင့်နန်းတော်အတွင်းမှအဆောက်အအုံများသည်ကမ္ဘာလှည့်ခရီးသွားများအဓိကစိတ်ဝင်စားသောနေရာများဖြစ် ကြကာ နှစ်စဉ်ခရီးသည် အများအပြားလာရောက်ကြည့်ရှုကြသည်။နန်းတော်အတွင်းအော်ပရာရုံ တစ်ရုံ၊ကဇာတ်ရုံ တစ်ရုံတို့လည်းရှိရာ ယင်းတို့ကို ယနေ့တိုင် အသုံးပြုဆဲဖြစ်ပါသည်။
၁၀၊ အမ်စတာဒမ်နန်း ( Koninklijk Paleis Amsterdam)
အမ်စတာဒမ် နန်းတော်သည် နယ်သာလန်နိုင်ငံရှိ နန်းတော်လေးခု အနက်မှ တစ်ခုဖြစ်သည်။ နန်းစွန့် ဘုရင်မ Queen Beatrix ၏ နန်းဟောင်းတစ်ခုလည်းဖြစ်ပြီးအမ်စတာဒမ်မြို့လယ်ရှိ ဒမ် စကွဲယား(Dam Square)၏ ၀ဲဘက်ခြမ်းတွင်တည်ရှိသည်။ဒတ်ခ်ျတို့ရွှေခေတ်ဖြစ်ခဲ့သည့် ၁၇ ရာစုတွင် မြို့တော်ခန်းမဆောင်တစ်ခုအဖြစ် တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဒတ်ခ်ျဘုရင် Louis Nepoleon နန်းစိုက်ခဲ့သည်မှစ၍ ဒတ်ခ်ျတို့၏စံတော်အိမ် နန်း ဖြစ်လာခဲ့သည်။
၁၁၊ လာဖိုတာလေဇာ (Lafortaleza)
လာဖိုတာလေဇာသည်ခံတပ်မြို့ရိုးတစ်ခုသာဖြစ်ပြီးလက်ရှိတွင် Puerto Rico အုပ်ချုပ်ရေးမှူးရုံးအဖြစ်အသုံး ပြုလျက်ရှိသည်။ယင်းခံတပ်သည် ခေတ်သစ်ကမ္ဘာ၏ ရှေးအကျဆုံးသော အာဏာပိုင်တို့ ရုံးစိုက်ရာအိမ်ဂေဟာကြီး တစ်ခုလည်းဖြစ်ပါသည်။လာဖိုတာလေဇာကို၁၅၃၃ ခုနှစ်နှင့် ၁၅၄၀ ခုနှစ်အတွင်းတည်ဆောက်ခဲ့ပြီး ထိုစဉ်က မြို့တော်ကို ကာကွယ်ရန်ရည်ရွယ်ချက်ဖြင့်ပြုလုပ်ထားသည့် စစ်ဘက်ဆိုင်ရာအဆောက်အဦတစ်ခုသာဖြစ်ခဲ့သည်။ San Juan ဆိပ်ကမ်းကို ကာကွယ် စောင့်ရှောက်ရန်လည်းရည်ရွယ်ခဲ့ပေသည်။
ယခု အခါတွင်မူ ရှေးယခင်က ဘုရင်တို့ စံမြန်းခဲ့သည့် စံအိမ်များကိုရော၊ လက်ရှိ နိုင်ငံခေါင်းဆောင်တို့ ရုံး စိုက်နေထိုင်ကြသည့် စံတော်အိမ်များကိုပါ ကမ္ဘာတစ်လွှား လူအများက စိတ်ဝင်စားမှုရှိကြပေရာအချို့သော စံအိမ် များကို ဒေသခံပြည်သူများနှင့် ပြည်ပ ခရီးသည်များအားသွားရောက်လေ့လာနိုင်ခွင့်ပေးထားသော်လည်း အချို့သော စံအိမ်များသည်ကားအဆောက်အဦ ခြံစည်းရိုးအနီးသို့ပင်ကပ်၍မရအောင် လုံခြုံရေးများက တင်းတင်းကြပ်ကြပ် စောင့် ကြပ်လျက်ရှိနေသည်ကို ကမ္ဘာအနှံ့ မြင်တွေ့နိုင်ကြပေသည်။
-
11 Famous Official Residences, www.tourpoia.com
:
Maung Thar Archaeology

Comments
Post a Comment