" ကျားကစားနည်းသမိုင်းအကျဉ်း "
" ကျားကစားနည်းသမိုင်းအကျဉ်း "
ကျားကစားနည်းဟာ အရင်နှစ် ၆၀၀၀ လောက်က ပေါ်ပေါက်လာခဲ့တယ်လို့ မှန်းကြတယ်။ အီဂျစ်နိုင်ငံ သိဘိစ် (Thebes) က ရှေးကျတဲ့ ဘုရားကျောင်းတွေရဲ့ ကျောက်နံရံ ပန်းချီတွေထဲမှာ ရာမီးစ်ဘုရင်(King Rameses) ကျားကစားနေတဲ့ပုံ ပါရှိတယ်။
ဗုဒ္ဓပိဋကတ် ဒီဃနိကာယ်၊ ဗြဟ္မဇာလသုတ်၊ မဇ္ဈိမသီလခန်းမှာ “ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မေ့လျော့ကြောင်းဖြစ်သော လောင်းကစားခြင်းကို ပြုလျက်နေကြ၏။ ဤသည်တို့ကား အဘယ်နည်း။ ရှစ်ကွက်ကျားကစားခြင်း၊ ဆယ်ကွက်ကျားကစားခြင်း၊ ကောင်းကင်ကျားကစားခြင်း၊ ဖိုးလမင်းကျားကစားခြင်း၊ ဇယ်တောက်ကစားခြင်း၊ အန်ကစားခြင်း၊ ကျည်းသားရိုက်ကစားခြင်း၊ စုတ်ခတ်ရေးကစားခြင်း၊ ဂေါ်လီကစားခြင်း၊ ပီပီမှုတ်ကစားခြင်း၊ ထွန်ငယ်ဖြင့်ကစားခြင်း၊ ကျွမ်းထိုးကစားခြင်း၊ စကြာဖြင့်ကစားခြင်း၊ ခြင်ခွက်ငယ်ဖြင့်ကစားခြင်း၊ ရထားငယ်ဖြင့်ကစားခြင်း၊ လေးငယ်ဖြင့်ကစားခြင်း၊ အက္ခရာဝှက်ကစားခြင်း၊ စိတ်အကြံဖော်တမ်းကစားခြင်း၊ ကျိုးယောင်ကန်းယောင်ပြု ကစားခြင်းတို့တည်း” လို့တွေ့ရတော့ ကျားကစားတာ ဗုဒ္ဓခေတ်မတိုင်မီကပင် ရှိနေပြီဖြစ်ကြောင်း သိရတယ်။
မြန်မာနိုင်ငံမှာတော့ ပုဂံခေတ်နှောင်း ကျစွာမင်း(ခရစ်နှစ် ၁၃၃၉-၁၃၄၈) လက်ထက်ကတည်းက ရှိနေပြီတဲ့။ မြန်မာ့ ရိုးရာကျားကစားနည်းက (ရှစ်ကွက်ကျား၊ လေးကွက်ကျား၊ သုံးထပ်ကျားနဲ့ လကျား ခေါ် အိမ်သာကျား ရယ်လို့) ၄မျိုးရှိတယ်။ အခုတော့ ကွယ်ပျောက်ကုန်ပါပြီ။
လက်ရှိမြန်မာများ ကစားနေတဲ့ ကျားကစားနည်းကတော့ စပိန်ကစားနည်းဖြစ်ပြီး ညောင်ရမ်းခေတ်မှာ ပေါ်တူဂီလူမျိုးတွေနဲ့အတူ စတင်ရောက်ရှိလာတာ ဖြစ်နိုင်ဖွယ်ရှိပါတယ်။ စပိန်မှာ ဦးဆုံးနေခဲ့ကြတဲ့ မူးစ်(Moors) လူမျိုးတွေအကြား ထင်ရှားတဲ့ကစားနည်း ဖြစ်ပါတယ်။
ခုနစ်ရာစုလောက်မှာ စပိန်လူမျိုး ကာနာလီဂျားစ် (Canalejas) ဆိုတဲ့ စာရေးဆရာက ကျားကစားနည်းရေးခဲ့တယ်။ အစောဆုံး ပုံနှိပ်ထုတ်ဝေတဲ့ ကျားကစားနည်း စာအုပ်ကတော့ ခရစ်နှစ် ၁၅၄၇မှာ ဗလင်စီယာမြို့က တော်ကီမာဒါ (Torquemada) ထုတ်ဝေခဲ့တဲ့ စာအုပ်ပါ။

Comments
Post a Comment