ဆီး၏ အရောင်များနှင့်ပတ်သက်၍ သိကောင်းစရာ ရောဂါလက္ခဏာများ

" ဆီး၏ အရောင်များနှင့်ပတ်သက်၍ သိကောင်းစရာ ရောဂါလက္ခဏာများ "

ဒီတစ်ပတ်မှာတော့ ဆီးနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဗဟုသုတတစ်ခုကို ဖော်ပြချင်ပါတယ်။ ဆီးအရောင်များ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲခြင်းကတစ်ဆင့် ရောဂါလက္ခဏာများကို ခန့်မှန်းနိုင်ကြောင်း သိရှိရပါတယ်။

(က) ဆီးနောက်ကျိခြင်း

ဆီးအတွင်း ပြည်ပိုးများပါရှိတဲ့အခါများမှာ ဆီးအရောင် နောက်တတ်ပါတယ်။ တစ်ခါတလေ ပြည်ပုံစံမျိုး ဆင်းတတ်ပါတယ်။ အကြောင်းအရင်းက ဆီးလမ်းကြောင်းအတွင်း (သို့မဟုတ်) ဆီးလမ်းကြောင်း ပြင်ပမှာ ပိုးဝင်ခြင်းကြောင့် ဖြစ်ပါတယ်။

ဆီးလမ်းကြောင်းမှာ တီဘီပိုး ဝင်ခြင်း၊ ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်းတို့ ဖြစ်ပွားလျှင် ပြည်ကလပ်စည်း (Pus Cell) မျှသာ ပါဝင်တတ်ပြီး ဘက်တီးရီးယား မပါဘဲ ရှိတာကြောင့် ဆေးပညာ နယ်ပယ်မှာတော့ (Sterile pyuria) လို့ သတ်မှတ်တာကို တွေ့ရပါတယ်။

(ခ) နို့ရောင်ကဲ့သို့ ဆီးသွားခြင်း

နို့အရောင်အဆင်းနဲ့ ဆီးသွားတာကို ဆီးလမ်းကြောင်းနဲ့ (Lymphatic - သွေးဖြူဆဲလ်များပါတဲ့ ကိုယ်တွင်းထွက် အရည်ကြည်) တို့ ဆက်နွှယ်တဲ့ အခါများမှာ တွေ့ရတယ်။ ဆီးလမ်းကြောင်း တီဘီပိုး ရှိတာကြောင့်ဖြစ်စေ၊ အပူပိုင်းဒေသသမှာ ဖြစ်တတ်တဲ့ (Filariasis) ရောဂါများကြောင့် မကြာခဏ နို့ရောင်ကဲ့သို့ ဆီးသွားတတ်တယ်လို့ ဆိုပါတယ်။

(ဂ) သုက်ပိုးတွင် သွေးပါခြင်း

အဲဒီရောဂါ လက္ခဏာကို ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (သို့မဟုတ်) လိင်နဲ့ ပတ်သက်တဲ့ လမ်းကြောင်းမှာ ဖြစ်တဲ့ ကင်ဆာရောဂါ ဝေဒနာရှင်များမှာ တွေ့ရလေ့ ရှိပါတယ်။

(ဃ) ဆီးထဲမှာ အနည်အနှစ်ပါခြင်း

အဲဒီ လက္ခဏာကတော့ တွေ့ရတတ်တဲ့ ဆီးရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဆီးသွားပြီးလျှင် ပြီးချင်း စွန့်လိုက် ဆီးမှာ အနည်မပါဘူးဆိုရင် အရေးမကြီးလှပါဘူး။ အခန်းတွင်း သို့မဟုတ် အိမ်တွင်း အပူရှိန်ကြောင့်၊ အိမ်တွင်းမှာ ထားရှိတဲ့ ဆီးအိုးအတွင်းရှိ ဆီးတွင် အနည်ကျခြင်း ဖြစ်ပါတယ်။

အိမ်တွင်း အပူရှိန် အပြောင်းအလဲကြောင့်ဖြစ်စေ၊ ဆီးအိုးထဲရှိ ပိုးမွှားများ ပေါက်ပွားမှုကြောင့်ဖြစ်စေ၊ ဖြစ်ပွားတတ်ခြင်း ဖြစ်တာကြောင့် စိတ်ပူပင်သောက ဖြစ်ဖို့ မလိုအပ်ဘူးလို့ ဆိုချင်ပါတယ်။

(င) ဆီးအရောင်ရင့်ခြင်း

ပုံမှန်ဆီးအရောင်က ကောက်ရိုးအရောင် အပျော့ဖြစ်ပါတယ်။ မူရင်း ဆီးအရောင်အသွေးက ပတ်ဝန်းကျင် အပူချိန်ကြောင့်ဖြစ်စေ၊ စိုထိုင်းမှုကြောင့် ဖြစ်စေ၊ စားသုံးထားတဲ့ အရောင်ပါ ဆေးဝါးများ ကြောင့်ဖြစ်စေ၊ အသီးအနှံများအပေါ် မူတည်၍ ဖြစ်စေ၊ ပြောင်းလဲသွားတဲ့ အရောင်ရင့် သွားနိုင်ကြောင်း သိရပါတယ်။

မနက်စောစော သွားတဲ့ ဆီးအရောင်ကလည်း ရင့်တတ်ပါတယ်။ ပူအိုက်တဲ့ ရာသီဥတုမျိုးမှာ အရောင် ရင့်တတ်ပြီး ချမ်းအေးတဲ့ ရာသီမှာ ဆီးအရောင် ဖျော့တတ်ပါတယ်။ တစ်ခါတရံ ဝမ်းသွားခြင်း၊ အော့အန်ခြင်းနဲ့ ချွေးထွက်ခြင်းများကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်ကုန်ခမ်းလျှင် ဆီးအရောင် ရင့်ပြီး ဆီးသွားနည်းပါတယ်။ ဆီးထဲ သွေးပါလျှင်လည်း ဆီးအရောင်ရင့်တတ်တာကြောင့် ဆီးအရောင် ရင့်ခြင်းဟာ အရေးကြီးတဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။

_
Credit .... ဒေါက်တာဒေါ်ဝင်းဝင်းလှိုင်

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ