' အရေပြားထူ အရေပြားလေးဘက်နာ (Psoriasis) ရောဂါဝေဒနာရှင်များအတွက် ဆောင်ရန်၊ ရှောင်ရန်နှင့် ဘဝနေထိုင်မှုပုံစံ '

အရေပြားထူ အရေပြားလေးဘက်နာရောဂါ အကြောင်းကိုတော့ ‘ ငွေလကို နေကရံပါတဲ့ Psoriasis အရေပြားထူ အရေပြားလေးဘက်နာ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ကျနော်ရေးခဲ့ပြီးဖြစ်ပါတယ်… ဒီအပတ်မှာတော့ အရေပြားထူ အရေပြားလေးဘက်နာ ရောဂါဝေဒနာရှင်တွေအတွက် ဆောင်ရန်၊ ရှောင်ရန်နဲ့ လိုက်နာနေထိုင်သင့်တဲ့ ဘဝနေထိုင်မှုပုံစံတွေ အကြောင်းကို ပြောပြပေးပါ့မယ်ဗျ…
အရေပြားထူ အရေပြားလေးဘက်နာရောဂါ ဆိုတာက ကိုယ်ခံအား ထကြွမှုကြောင့်ဖြစ်လာတဲ့ နာတာရှည် အရေပြားရောဂါတစ်မျိုး ( Long-lasting Autoimmune Disease) ဖြစ်ပါတယ်… ဒီရောဂါဟာ အရေပြားအပြင် အဆစ်အမြစ်တွေကိုပါ ထိခိုက်ရောင်ရမ်းစေနိုင်တဲ့အတွက် လေးဘက်နာလို့ သမုတ်ကြတာ ဖြစ်ပါတယ်… ဒီရောဂါဟာ ဒီနေ့ခေတ် ကမ္ဘာ့လူထုရဲ့ ၂ - ၄ ရာခိုင်နှုန်းမှာ ဖြစ်ပွားနေပြီး အသက်အရွယ်မရွေး၊ ယောကျာ်းမိန်းမ မရွေး တန်းတူဖြစ်နိုင်ပါတယ်…
Psoriasis အရေပြားထူ အရေပြားရောဂါအမျိုးအစား ၅ မျိုးရှိပါတယ်…
၁။ အကြေးခွံ Psoriasis အရေပြားရောဂါ (Plaque Psoriasis or Psoriasis Vulgaris)
၂။ လည်ချောင်း Psoriasis အရေပြားရောဂါ (Guttate Psoriasis or Eruptive Psoriasis)
၃။ ပြောင်းပြန် Psoriasis အရေပြားရောဂါ (Inverse Psoriasis)
၎။ ပြည်တည်နာ Psoriasis အရေပြားရောဂါ (Pustular Psoriasis)
၅။ အရေပြားအင်ပြင် Psoriasis အရေပြားရောဂါ (Erythrodermic Psoriasis) တို့ပဲဖြစ်ပါတယ်…
ဒီရောဂါရဲ့ လက္ခဏာတွေက အရေပြားသွေ့ခြောက်လွယ်တဲ့ ဆောင်းရာသီမှာ ပိုဆိုးတတ်ပါတယ်… ဒါ့အပြင် စတီးရွိုက်ဟော်မုန်းမပါတဲ့ အရောင်ကျဆေး (NSAIDs) တွေ သောက်တာ၊ ဘီတာလက်ခံမှုနေရာတားမြစ်ဆေး (Beta blockers) တွေသောက်တာ၊ စိတ်ဖိစီးမှုများတာ၊ ရောဂါပိုးဝင်တာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ အဝလွန်တာ၊ နေအပူရှိန်ပြင်းပြင်းလောင်ခံရတာတွေကြောင့်လည်း Psoriasis အရေပြားရောဂါ ထကြွဆိုးရွားစေတတ်ပါတယ်…
ဒီ Psoriasis ရောဂါအတွက် ရောဂါအမြစ်ပြတ်ပျောက်ကင်းအောင်ကုသနိုင်မယ့် ကုထုံးမရှိသေးပါဘူး… ဒါပေမယ့် ထပ်မပွားအောင်၊ လျော့ကျသွားအောင်တော့ ကုထုံးအမျိုးမျိုးရှိပါတယ်… စတီးရွိုက်လိမ်းဆေးတွေ၊ ဗီတာမင်ဒီ၃ လိမ်းဆေးတွေ၊ နေရောင်ခြည်နုနုတွေ၊ ကိုယ်ခံအားစနစ်ဖိနှိပ်ဆေးတွေနဲ့ ထိန်းချုပ်ကုသပေးနိုင်ပါတယ်… ရောဂါသည် ၇၅ ရာနှုန်း ကို လိမ်းဆေးသက်သက်နဲ့ပဲ ကုသပေးနိုင်ပါတယ်… လိမ်းဆေး၊ နေရောင်ခြည်ပြလို့မှ မသက်သာရင် ဆေးထိုး၊ ဆေးစားနိုင် ပါတယ်… ဒါပေမယ့် အသည်းနဲ့ သွေးကိုတော့ ဆေးအဆိပ်သင့်မှုရှိမရှိသိရအောင် မကြာခဏ စစ်ဆေးမှု ပြုလုပ်ပေးရမှာပါ… ကိုယ်ဝန်သည်မှာတော့ ထိုးဆေး၊ သောက်ဆေးတွေ မသုံးဘဲ ရှောင်ကြဉ်သင့်ပါတယ်… လူနာအများစုကတော့ ဆေးဖြတ်လိုက်တာ နဲ့ ရောဂါပြန်ဖြစ်ကြပါတယ်…
အကြေးခွံ Psoriasis၊ လည်ချောင်း Psoriasis၊ ပြည်တည်နာ Psoriasis ရောဂါသည်တွေရဲ့ အာသီး (tonsils) ကို ခွဲစိတ်ပြီး ထုတ်ပစ်တာကလည်း အကျိုးဖြစ်စေတယ်လို့ တွေ့ရှိထားကြပါသေးတယ်…
ဒီရောဂါဖြစ်လာပြီဆိုရင် သောက်ဆေး၊ ထိုးဆေးတွေနဲ့ကုသမှုခံယူတာအပြင် ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ ဘဝနေထိုင်မှုပုံစံ (Lifestyle) တွေကိုပါ သတိထားဆင်ခြင်နေထိုင်မှ ရောဂါဆိုးရွားတိုးပွားလာတဲ့အန္တရာယ်ကနေ ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်…
စားသောက်နေထိုင်မှုပုံစံပြောင်းလဲတဲ့နေရာမှာ အချက် (၅) ချက်နဲ့ ဆောင်ရွက်နိုင်ပါတယ်…
(၁) ကောင်းမွန်မှန်ကန်သော အစားအသောက်များ စားသုံးခြင်း၊
(၂) ကိုယ်အလေးချိန်လျှော့ချခြင်း၊
(၃) ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊
(၄) စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချခြင်း၊
(၅) တစ်ကိုယ်ရေသန့်ရှင်းရေး၊ အသုံးအဆောင်တို့ကို ဂရုတစိုက်အသုံးပြုခြင်းတို့ပဲဖြစ်ပါတယ်…
(၁) ကောင်းမွန်မှန်ကန်သော အစားအသောက်များ စားသုံးခြင်း
ဒီ အရေပြားထူ အရေပြားလေးဘက်နာရောဂါကြောင့်ဖြစ်တဲ့ အဆစ်အမြစ်တွေ ရောင်ရမ်းတာတွေကို အိုမီဂါ ၃ အဆီ (Omega 3 Fatty Acid) ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးရင် သက်သာစေနိုင်ပါတယ်… အိုမီဂါ ၃ အဆီ ပါဝင်တဲ့ အစားအစာတွေကတော့ အဆီများတဲ့ ငါးတွေ၊ ဆာဒင်းငါး၊ ဆယ်လ်မွန်ငါး၊ ငါးကြီးဆီ၊ သစ်ကြားသီး၊ စတာတွေပဲဖြစ်ပါတယ်… ငါးကို စားတယ်ဆိုတယ်ဆိုတဲ့နေရာမှာ ချက်စား၊ ပြုတ်စားတာမျိုးကပဲ ငါးအဆီရဲ့ အကျိုးအာနိသင်ကို ပြည့်ပြည့်ဝဝ ရမှာဖြစ်ပါတယ်… ကြော်စားရင် အာနိသင်မရတော့တဲ့အပြင် ဆိုးကျိုးပါ ဖြစ်သွားတတ်ပါတယ်…
အသား၊ ငါးဆိုတဲ့နေရာမှာ ဖြစ်နိုင်ရင် အသားငါး လတ်လတ်ဆတ်ဆတ်တွေကိုပဲ စားသုံးသင့်ပါတယ်… အသားငါး အပါအဝင် တာရှည်အထားခံအောင်ပြုလုပ်ထားတဲ့ ဘယ်အစားအစာကိုမဆို မစားသုံးသင့်ပါဘူး… လက်တည်ချဉ်တွေ၊ တာရှည်ခံအစားအစာ၊ အမြန်စာ fast food တွေ ၊ ခေါက်ဆွဲခြောက်၊ ကြာဆန်ခြောက်တွေ မစားသုံးသင့်ပါဘူး… မီးကင်၊ မီးဖုတ်ထားတဲ့ အစားအစာတွေကိုလည်း ရှောင်ကြဉ်ရပါမယ်…
အစာစားတဲ့နေရာမှာ လတ်ဆတ်တဲ့ သဘာဝ သစ်သီးသစ်ဥ၊ အသီးအရွက်တွေကိုပဲ အဓိကအားပြုပြီး စားသင့်ပါတယ်… ပန်းသီး၊ သစ်တော်သီး၊ ဘလူးဘယ်ရီသီး (blue berries) လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များများပါတဲ့ သစ်သီးသစ်ဥ လတ်လတ်ဆတ်ဆတ်တွေကို စားသုံးပေးနိုင်ပါတယ်…
နောက်ပြီး ထုံးစံအတိုင်း ဆေးလိပ်၊ အရက်တွေ လုံးဝရှောင်ကြဉ်သင့်ပါတယ်…
ဆေးလိပ်သောက်တာဟာ ရောဂါကို ပိုမိုဆိုးရွားပြင်းထန်စေတတ်တာကြောင့်ဖြစ်ပါတယ်… အရက်ကတော့ လုံးဝဖြတ်မရရင် တစ်နေ့ကို အာဏာကုန် တစ်ပက် ကနေ နှစ်ပက်အထိပဲ သောက်သင့်ပါတယ်… အဲ့ဒါထက်ပိုရင် အရက်ဟာ ရောဂါတိုးဖို့အတွက် လောင်စာလိုဖြစ်သွားတာမို့ ရောဂါထကြွသောင်းကျန်းစေနိုင်ပါတယ်…
ဒီရောဂါဟာ Celiac disease လို့ခေါ်တဲ့ရောဂါတစ်မျိုးနဲ့လည်း ဆက်စပ်နေတတ်တာကြောင့် အဲ့ဒီ Celiac disease ကို ဖြစ်စေတဲ့ ဂလူတန်ဓာတ် ( Gluten) ပါဝင်တဲ့ အစားအစာတွေကိုလည်း သတိထားပြီး ရှောင်ကြဉ်သင့်ပါတယ်… ဂလူတန်ဓာတ် ဆိုတာက ပရိုတင်းဓာတ်တစ်မျိုးဖြစ်ပြီး ဂျုံ၊ ဘာလီ၊ ရိုင်းစပါး (rye) တွေမှာ ပါဝင်တတ်ပါတယ်… ကိုယ့်မှာ Celiac disease ရှိနေပြီဆိုရင် အဲ့ဒီ ဂလူတန်ဓာတ်တွေပါတဲ့ ပေါင်မုန့်၊ အချိုရည်၊ အသုပ်တွေကိုလည်းရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်… ဂလူတန်ဓာတ် မပါတဲ့ အချိုရည်တွေကိုတော့ Gluten Free လို့ စာတန်းထိုးထားတတ်ပါတယ်…
(၂) ကိုယ်အလေးချိန် လျှော့ချခြင်း
အဝလွန်ခြင်းဟာ ဆီးချို၊ သွေးတိုးရောဂါတွေနဲ့ ဆက်စပ်မှုရှိသလို ဒီ အရေပြားထူ အရေပြားလေးဘက်နာရောဂါကို လည်း ပိုမိုဆိုးရွားပြင်းထန်စေတတ်ပါတယ်… ဝလေလေ ရောဂါပြင်းထန်လေလေပါပဲ… အရေပြား၊ အဆစ်ရောင်တာတွေ ပိုပြီးပြင်းထန်လာမှာဖြစ်တဲ့အတွက် ကိုယ်အလေးချိန်မတိုးအောင် ဂရုတစိုက် ဆင်ခြင်ရမှာဖြစ်ပြီး အဝလွန်နေရင်လည်း ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားရမှာဖြစ်ပါတယ်… အဝလွန်တာဟာ ဒီရောဂါအတွက် သောက်တဲ့ဆေးဝါးတွေရဲ့ အာနိသင် ကိုလည်း လျော့ကျစေတာမို့ ရောဂါ သက်သာဖို့ ခက်ပါလိမ့်မယ်…
ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာ ဆေးဝါးနဲ့လျှော့ချတာကိုတော့ အားမပေးပါဘူး… ဆေးဝါးနဲ့ ကိုယ်အလေးချိန် လျှော့ချတာဟာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို လျော့နည်းပျက်စီးစေတတ်တာမို့ ရောဂါပိုတိုး၊ ပိုဆိုးစေတတ်ပါတယ်…
ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာလည်း အမြန်လျော့ချင်ဇောနဲ့ အချိန်တိုအတွင်း အမြန်လျှော့မချသင့်ပါဘူး… အဲ့လို ကိုယ်အလေးချိန်မြန်မြန်လျှော့ချတာကလည်း အကျိုးထက် အဆိုးကို ပိုဖြစ်စေပါလိမ့်မယ်… ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချတဲ့ အခါမှာလည်း နားလည်တတ်ကျွမ်းတဲ့သူ၊ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ တဖြည်းဖြည်း လျှော့ချရမှာ ဖြစ်ပါတယ်…
(၃) ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း
အေရိုးဗစ်ကစားတာ၊ လမ်းလျှောက်တာ၊ လမ်းမြန်မြန်လျှောက်တာ၊ ရေကူးတာ၊ ကာယလေ့ကျင့်ခန်းလုပ်တာ၊ ယောဂ ကျင့်တာမျိုးတွေကို နေ့စဉ် ပုံမှန်လုပ်ပေးသင့်ပါတယ်… လုပ်တဲ့နေရာမှာလည်း ပြင်းပြင်းထန်ထန်လုပ်တာမျိုးမဟုတ်ဘဲ ပုံမှန်သာ လုပ်သင့်ပါတယ်… တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ် အနည်းဆုံးလုပ်ပေးသင့်ပါတယ်… တစ်ပတ်ကို မိနစ် ၁၅၀ စာတော့ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်…
(၄) စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံးလျှော့ချခြင်း
စိတ်ဖိစီးမှုများတာဟာလည်း ဒီအရေပြားထူအရေပြားလေးဘက်နာရောဂါကို ပိုမိုဆိုးရွားစေတတ်တာကြောင့် စိတ်ဖိစီးမှု နည်းနိုင်သမျှနည်းအောင် သတိထားပြီး နေထိုင်ရမှာဖြစ်ပါတယ်… စိတ်ဖိစီးမှုလျော့ကျဖို့အတွက် ဟာသဇာတ်ကားတွေကြည့်တာ၊ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်တာ၊ တရားထိုင်တာ၊ တရားမှတ်တာ၊ ယောဂကျင့်တာ၊ မိမိ ကစားလိုတဲ့ ကစားနည်းကို ပျော်ပျော်ရွှင်ရွှင်ကစားတာမျိုးတွေ လုပ်ပေးသင့်ပါတယ်…
(၅) တစ်ကိုယ်ရေသန့်ရှင်းရေး၊ အသုံးအဆောင်တို့ကို ဂရုတစိုက်အသုံးပြုခြင်း
ဒီရောဂါဟာ ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ အသုံးအဆောင်ပစ္စည်းတွေကို အထူးဂရုပြုရတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်… ဒီရောဂါသည်တွေဟာ နေ့စဉ်နေ့တိုင်း ရေပုံမှန်ချိုးသင့်ပါတယ်… ရေချိုးတဲ့နေရာမှာ သတိထားရမှာက ရေပူ၊ ရေနွေးကို လုံးဝမချိုးသင့်ပါဘူး… ရေအေးကိုသာ ချိုးရမှာဖြစ်ပါတယ်…
ဆပ်ပြာတိုက်တဲ့နေရာမှာလည်း အမွှေးနံ့ပါတဲ့ ဆပ်ပြာတွေ၊ ရနံ့ခဲတွေ (deodorant ) ၊ ဓာတုပစ္စည်းပါတဲ့ ဆပ်ပြာတွေ၊ ဆပ်ပြာကြမ်း (Scrubs) တွေ၊ ဆိုးဆေးတွေပါဝင်တဲ့ ရေချိုးခန်းသုံးပစ္စည်းတွေကို ရှောင်ကြဉ်ရပါမယ်… အဲ့ဒါတွေဟာ ကိုယ့်ရဲ့ အရေပြားကို လှုံ့ဆော်ပေးတာမို့ ရောဂါထကြွစေတတ်ပါတယ်… အဲ့ဒါကြောင့် ဆပ်ပြာတိုက်တဲ့နေရာမှာ သဘာဝ ရေချိုးအဆီ (bath oil, colloidal oatmeal) တွေ၊ ပင်လယ်နက်ဆား (Deep Sea Salt/Epsom Salt) တွေကိုသာ အသုံးပြုသင့်ပါတယ်… အဲ့လိုအသုံးပြုတာကြောင့် အရေပြားမှာဖြစ်လာတဲ့ အကြေးခွံပုံစံ အရေပြားအနာတွေကို လျော့နည်းစေပါ လိမ့်မယ်…
ဒီရောဂါမှာ အရေးကြီးတာက ကိုယ့်အရေပြားကို လုံးဝ အခြောက်ခံလို့မရတာပါပဲ… ဒါကြောင့် အရေပြား သွေ့ခြောက်လွယ်တဲ့ ဆောင်းရာသီလို ရာသီဥတုမျိုးမှာ အရေပြားထူ အရေပြားလေးဘက်နာရောဂါဝေဒနာရှင်တွေဟာ ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်… ရေချိုးပြီးတိုင်း၊ ခြေလက်ဆေးပြီးတိုင်းမှာလည်း အဆီပါဝင်တဲ့ အရေပြားစိုစွတ်စေတဲ့လိမ်းဆေး (Ointment based Moisturizer) ကို အမြဲတမ်းလိမ်းပေးရပါမယ်… အထူးသဖြင့် ဆောင်းရာသီမှာ ဒီလိမ်းဆေးကို နေ့စဉ် အကြိမ်ကြိမ်လိမ်းပေးသင့်ပါတယ်…
နောက်ပြီး ဦးရေပြားကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရပါမယ်… ဦးရေပြားမှာ အနာတွေဖြစ်နေတဲ့ ရောဂါသည်တွေမှာ ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်… ခေါင်းလျှော်ရည်ကို သုံးတဲ့နေရာမှာလည်း အထက်ကပြောခဲ့သလို အနံ့၊ ဆိုးဆေး၊ ဓာတုပစ္စည်းတွေပါတဲ့ခေါင်းလျှော်ရည်မျိုးကို ရှောင်ကြဉ်ရမှာဖြစ်ပြီး ဓာတ်မတည့်မှု အနည်းဆုံးဖြစ်စေမယ့် သဘာဝ ခေါင်းလျှော်ရည်တွေကို အသုံးပြုသင့်ပါတယ်…
ခေါင်းလျှော်ပြီးတဲ့အခါမှာလည်း ဦးရေပြားနဲ့ ဆံပင်ရဲ့ စိုစွတ်မှုကို ထိန်းသိမ်းပေးတဲ့ Conditioner တွေကို အသုံးပြုသင့်ပါတယ်… Conditioner တွေကို အသုံးပြုပေးခြင်းအားဖြင့် ဦးရေပြားခြောက်သွေ့တာကို ကာကွယ်ပေးတာကြောင့် ရောဂါကို သက်သာစေပါတယ်…
နောက်ပြီး ဆံပင်ဆေးဆိုးတာ၊ ဆံပင်ဖြောင့်တာ၊ ဆံပင်ပေါင်းတာတွေကိုလည်း လုံးဝ မလုပ်သင့်ပါဘူး… ဒီလိုလုပ်တာဟာ ရောဂါကို ပိုမိုဆိုးရွားပျံ့ပွားစေနိုင်ပါတယ်…
မိတ်ကပ်လိမ်းတဲ့အခါမှာလည်း ကိုယ်နဲ့ သင့်တော်တဲ့ မိတ်ကပ်ကို ရွေးချယ်အသုံးပြုတတ်ဖို့ အရေးကြီးပါတယ်… ဓာတ်မတည့်မှုမဖြစ်စေတဲ့၊ အရက်မပါတဲ့၊ အနံ့မရှိတဲ့ မိတ်ကပ်ကိုပဲ ရွေးချယ်ဝယ်ယူပြီး လိမ်းသင့်ပါတယ်…
ဒီရောဂါကို ကုသတဲ့နေရာမှာ နေရောင်ခြည်နုနုကို နံနက်တိုင်း ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ ခံယူသင့်ပါတယ်… နေပူရှိန်ပြင်းပြင်းကိုတော့ လုံးဝရှောင်ကြဉ်ရမှာဖြစ်ပါတယ်… နေရောင်ခြည်နုနုကို မိမိရဲ့ ဦးရေပြားနဲ့တိုက်ရိုက်ထိတွေ့စေနိုင်ရင် ပိုကောင်းပါတယ်… ဒါပေမယ့် တန်ဆေး၊ လွန်ဘေး ဆိုသလိုပဲ အပူရှိန်လွန်ကဲရင်တော့ ရောဂါကိုပိုမို ဆိုးရွားစေနိုင်ပါတယ်… နည်းနည်းလောက် နေလောင်ခံရရင်ကို အရေပြားရောဂါ ဆိုးဆိုးရွားရွားဖြစ်စေနိုင်တာကြောင့် နေ့လယ်နေ့ခင်း၊ နေပူထဲသွားရင် လုံခြုံတဲ့အဝတ်အစား၊ နေလောင်ခံခရင်မ် တွေကို လိမ်းပြီးမှ သွားသင့်ပါတယ်… မဖြစ်မနေမှ မဟုတ်ရင် နေပူထဲသွားတာကို လုံးဝ ရှောင်ကြဉ်ရပါမယ်…
မတော်တဆ ထိခိုက်ဒဏ်ရာရရင်ပဲဖြစ်ဖြစ်၊ ရောဂါပိုးဝင်ရင်ပဲဖြစ်ဖြစ် ရောဂါကို ပိုသည်းစေတတ်ပါတယ်… ဒါကြောင့် ကိုယ့်ကိုကို မတော်တဆ ထိခိုက်မှုမဖြစ်အောင်၊ ကျန်းမာအောင် အထူးဂရုပြုနေထိုင်စားသောက်ရပါမယ်…
ဒီရောဂါသည်တွေဟာ ကိုယ့်ရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတတွေကို အမြဲရှာဖွေဖတ်ရှုသင့်၊ လိုက်နာ ဆောင်ရွက်သင့်ပါတယ်… ကိုယ့်ကျန်းမာရေးအခြေအနေကိုလည်း နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ အမြဲပြသပြီး သွေးဖိအား၊ သွေးချို၊ သွေးတွင်းအဆီဓာတ်တွေကို ပုံမှန်တိုင်းတာစစ်ဆေးသင့်ပါတယ်…
နောက်ပြီး ဒီ အရေပြားထူ အရေပြားလေးဘက်နာရောဂါဝေဒနာရှင်တွေဟာ ကင်ဆာဖြစ်နိုင်ချေ အရမ်းများပါတယ်… ဒါကြောင့် ရင်သားဓာတ်မှန်ရိုက်တာ၊ သားအိမ်ခေါင်းကင်ဆာကို Pap smear နဲ့စစ်တာ၊ အူမကြီးကင်ဆာရှိမရှိ စစ်ဆေးတာ၊ အရေပြားကင်ဆာစစ်ဆေးတာ စတဲ့ ကင်ဆာနဲ့ပတ်သက်လို့ စစ်ဆေးတာမျိုးတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး လုပ်ပေးသင့်ပါတယ်…
နိဂုံးချုပ်အနေနဲ့ပြောရရင် ဒီ အရေပြားထူအရေပြားလေးဘက်နာ ရောဂါသည်တွေရဲ့ အရေပြားအနာတွေဟာ လိမ်းဆေးတွေနဲ့ သက်သာစေတယ် ဆိုပေမယ့် ပျောက်ကင်းတဲ့အထိတော့ မဖြစ်နိုင်ပါဘူး… ဒါပေမယ့် အစားအသောက်၊ အနေအထိုင်ဆင်ခြင်ပြီး တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ စနစ်တကျ ကုသမှု ခံယူမယ်ဆိုရင် ရောဂါလက္ခဏာတွေ လျော့နည်းသက်သာစေပြီး ကိုယ့်လုပ်ငန်းဆောင်တာကို ပုံမှန်အတိုင်းလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်… ဒါကြောင့် ဒီဆောင်းပါးကိုဖတ်ပြီးရင် ကိုယ့်ရဲ့ရောဂါနဲ့ပတ်သက်လို့ ဂရုစိုက်ဆင်ခြင်စရာ ကျန်းမာရေးအသိပညာတွေ ရနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း ကျွန်တော့်ရဲ့ ဆောင်းပါးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါရစေဗျာ…။ ။
_
Credit … ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)
Family Life Magazine

Comments
Post a Comment