ဆိုက်ယာတစ်ကာ ( Sciatica ) ခါး ပေါင် ခြေသလုံး ကိုက်ခြင်း

' ဆိုက်ယာတစ်ကာ ( Sciatica  ) ခါး ပေါင် ခြေသလုံး ကိုက်ခြင်





း '

ပေါင် ခြေသလုံးတလျှောက် ကိုက်ခြင်း ( Sciatica ) ဟာ ဆိုက်ယာတစ်
( sciatic nerve ) နာဗ်ကြော ခါးရိုးတိုင်ကအထွက်မှာ အဖိမိခံရလို့ ဖြစ်စေ ၊ 
အထိအခိုက်ခံရလို့ ဖြစ်စေ ၊ အာရုံကြော ဖြန့်ကျက်ရာတလျှောက် ဖြစ်တဲ့
ခါးအောက်ပိုင်း နဲ့ တင်ပါးခွက်မှစ၍ ပေါင်နောက်ဖက်တလျှောက် ၊
 ခြေသလုံးတလျှောက် နာကျင်ကိုက်ခဲနေခြင်းကို ခေါ်ပါတယ် ။
ပူပြီး ထုံကျဉ်နေခြင်း ၊ ထိုးထိုးကိုက်ခြင်းတို့လည်း ဖြစ်တတ်ပါတယ် ။
မထိုင်နိုင် ၊ မရပ်နိုင် ဖြစ်တတ်ပါတယ် ။ ခြေတလျှောက် ထုံပြီး အားပျော့
သွားတတ်ပါတယ် ။ ခြေချောင်းလေးတွေထိ ထိခိုက်တတ်ပါတယ် ။

.

ခါးဆစ်ရိုးကြီးတွေအကြားမှာ အရိုးနုပြား ( intervertebral disc ) က 
အရိုးချင်း ပွတ်တိုက်မှုမရှိအောင် ကြားကူရှင်သဖွယ် ခံထားပါတယ် ၊
၎င်း အရိုးနု ကျွံထွက်ခြင်း ၊ ချော်ထွက်ခြင်း က အာရုံကြော ဖိမိ၍ 
ကိုက်ခဲခြင်း ဖြစ်တတ်သလို ..
ခါးရိုးတိုင် ထိခိုက်မိခြင်း (  spinal injury ) ၊ 
ခါးရိုးဆစ် ပိုးဝင်ခြင်း ( infection ) ၊ 
အရိုးနုပျက်ဆီးခြင်း ( degenerative disc disease )
ကိုယ်ဝန်ဆောင်ခြင်း  ( pregnancy )
ခါးရိုးဆစ်လမ်းကြောင်း ကျဉ်းမြောင်းခြင်း ( spinal stenosis ) 
ခါးဆစ်ရိုးကြေခြင်း (  isthmic spondylolisthesis  )
ပိုင်ရီဖောမစ် ဆင်ဒရုန်း ( piriformis syndrome )
  
စတာတွေကြောင့် ဆိုက်ယာတစ်နာဗ်ကြောထိခိုက်ပြီး Sciatica ကိုက်ခဲခြင်း
ဖြစ်တတ်ပါတယ် ။

.

ယခု တင်ပြမှာက ဆိုက်ယာတစ်ကာ ( Sciatica ) ကိုက်ခဲခြင်း သက်သာ
စေမယ့် သဘာဝကုထုံးများ ဖြစ်ပါတယ် ။

.

1. အပူ ( သို့မဟုတ် ) အအေး ကပ်ခြင်း 
Hot or Cold Compresses

.

အပူ ( သို့မဟုတ် ) အအေး ကို ဖိကပ်ပေးခြင်း ဖြင့် ရောင်ခြင်း ၊ နာခြင်းတို့
သက်သာစေပါတယ် ။
အပူဖိကပ်ခြင်းက ကြွက်သားများကို ပျော့ပြောင်းစေပါတယ် ။ 
ထို့ကြောင့် နာဗ်ကြောအပေါ် ဖိနှိပ်ခြင်းကို လျော့စေပါတယ် ။

အအေးဖိကပ်ခြင်းက နာဗ်ကြောဝန်းကျင်က ရောင်ရမ်းမှုများကို လျော့စေပြီး
အအေးကြောင့် ထုံသွားစေသဖြင့် နာကျင်မှု လျော့စေပါတယ် ။

အပူ နဲ့ အအေး ကို တလှည့်စီ ကပ်ပေးတဲ့နည်းလည်း ရှိပါတယ် ။
အပူနဲ့ စပြီး အအေးနဲ့ ဆုံးရပါမယ် ။

အပူကို အသုံးပြုရာမှာ ရေနွေးငွေ့ နဲ့ အပူပေးထားတဲ့ သဘက်ကို သုံးသင့်
ပါတယ် ။ ( ရေနွေးစိမ်ထားတဲ့ အ၀တ် မဟုတ်ပါ )

နည်းကတော့

အပူ ဖြစ်စေ အအေးဖြစ်စေ ၁၅ - ၂၀ မိနစ် လောက် ကိုက်တဲ့နေရာမှာ
ဖိကပ်ပေးခြင်း လုပ်ရပါမယ် ။
တနာရီ တခါလောက် သက်သာလာတဲ့ထိ လုပ်ပေးရပါမယ် ။

.

2. နနွင်း ( Turmeric )

.

နနွင်းမှာ ကာကူမင် ( curcumin ) ဓါတ် ပါရှိတဲ့အတွက် နာဗ်ကြောရောင်ခြင်း
နာကျင်ခြင်းကို သက်သာစေပါတယ် ။

နည်းကတော့

နနွင်းမှုန့်  လက်ဘက်ရည်ဇွန်း ၁ဇွန်း ကို နွားနို့ ၁ခွက်မှာထည့်
သစ်ကြံပိုးခေါက် အနည်းငယ်ထည့် 
ဆူအောင် အပူပေး
အချိုလိုလျှင် ပျားရည် ထည့်
မနက် ၁ခွက် ည ၁ခွက် သောက် ။ ( သက်သာလာသည်ထိ သောက်ပါ )

နောက်တနည်းက

တနေ့ ၃ကြိမ် နဲ့ တခါစား နနွင်းမှုန့် ၄ရွေးသား ၊ ရက်ပတ် အတော်ကြာ
စားပေးရပါမယ် ။ 
( ဆီးချိုရှိသူ ၊ သည်းခြေကျောက်ရှိသူ ၊ သွေးကျဲဆေး
သောက်သူများတော့ နနွင်းမစားရပါ )

.

3. နှိပ်ခြင်း ( Massage )

.

ကြွက်သားများတောင့်တင်းခြင်းကြောင့် ဖြစ်တာမျိုးဆိုရင်တော့ နှိပ်ပေးခြင်း
က နာကျင်မှုကို သက်သာစေပါတယ် ။ ကြွက်သားများ ပျော့ပျောင်းစေပြီး 
သွေးလှည့်ပတ်မှု ကောင်းစေပါတယ် ။

St. John’s wort oil ဆိုတာ ရှိပါတယ် ။ ခု ၀ယ်လို့ ရ မရ တော့ မသိပါဘူး ။
နောင် ၀ယ်လို့ ရခဲ့ရင် သုံးနိုင်အောင် ထည့်ရေးလိုက်ပါတယ် ။
နာကျင်ကိုက်ခဲတဲ့နေရာတွေကို ဒီဆီ လူးပြီး ၊ နှိပ်နယ်ပေးရပါတယ် ။

နောက်တနည်းက

ဇာတိဖ္ဖိုလ်သီးမှုန့် လက်ဘက်ရေဇွန်း ၃ဇွန်း ကို နှမ်းဆီတခွက်မှာ ထည့်ပြီး
အပူပေးရပါမယ် ။
အအေးခံပြီးနောက် ခပ်နွေးနွေး အနေအထားရရင် နာကျင်တဲ့နေရာတွေကို ဆီလူးပြီး နှိပ်နယ်ပေးရပါတယ် ။
တနေ့ ၃ - ၄ ကြိမ် နဲ့ ရက်ပတ် အတန်ကြာ နှိပ်ပေးရပါမယ် ။

.

4. လေ့ကျင့်ခဏ်း ( Exercises )

.

နာကျင်မှု သက်သာလာရင် လေ့ကျင့်ခဏ်း တွဲလုပ်တာဟာ ပိုအကျိုးဖြစ်စေ
ပါတယ် ။

ဒူး ရင်ဘတ် ထိခြင်း ( Knee to Chest Stretch ) လေ့ကျင့်ခဏ်း

~ ပက်လက်လှဲအိပ်ပါ ။ ခြေထောက်ကို ဖြောင့်ဖြောင့် ဆန့်ထားပါ ။
( စု မထားရ ၊ ကား မထားရ )

~ ခန္ဓာကိုယ် အထက်ပိုင်းကို လျော့ထားပြီး ၊ အသက် ရှုသွင်းရင်း 
ညာဖက်ဒူးကို ကွေးယူပါ ။

~ လက် ၂ဖက်ဖြင့် ပေါင်ကို ဖက်လိုက်ပြီး ၊ ဒူးကို ရင်ဘတ်ဆီ ဆွဲယူပါ ။
ဖြည်းဖြည်းသက်သာနဲ့ ခံနိုင်သလောက် ဆွဲယူပါ ။

~ ကျန်သည့် ဘယ်ဖက်ခြေထောက်ကို ကြမ်းပြင်မှာ ကပ်နေပါစေ ။

~ စက္ကန့် ၂၀လောက် အသက်အောင့်ရင်း ထိန်းထားပြီး ၊ ဖြည်းဖြည်း ပြန်ချပါ ။

~ နောက် ၊ ဘယ်ဖက်ခြေထောက်ကို ဒီအတိုင်း လုပ်ပါ ။

~ တဖက်ကို ၅ကြိမ်စီ လုပ်ပါ ။

.

5. ငရုတ်သီး ( Capsaicin Crea )

.

ငရုတ်သီးနဲ့ ဖော်စပ်ထားတဲ့ လူးဆေး ( Capsaicin cream or ointment )
များ ရှိပါတယ် ။

နာကျင်သည့်နေရာများကို ၎င်း လူးဆေးများ တနေ့ ၄ကြိမ်လောက် လူးပေး
နိုင်ပါတယ် ။

.
ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
2/6/2016

(#credit_Dr_Myint_Thein)

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ