မျက်နှာတစ်ခြမ်းလေဖြတ်ခြင်း (Bell's palsy - ဘဲလ်ပေါ်စီ)

မျက်နှာတစ်ခြမ်းလေဖြတ်ခြင်း (Bell's palsy - ဘဲလ်ပေါ်စီ)


မျက်နှာတစ်ခြမ်းလေဖြတ်ခြင်း ကို ဘဲလ်ပေါ်စီ လို့ ခေါ်ပါတယ် ။

ဦးနှောက်ကင်ဆာ ( Brain tumor ) ၊
လေသင်ဓုန်း ( Stroke ) ၊
ကြွက်သားလျော့ရည်းခြင်း ( Myasthenia gravis ) ၊
မွှားကိုက်သဖြင့် ဘောရီးလီးယား ( Borrelia )
ဗက်တီးရီးယားကူးစက်ခြင်း ( Lyme disease ) ၊
မျက်နှာအာရုံကြော ( Facial nerve )တွင် ရေယုံရောဂါ ( Herpes zoster ) ဖြစ်ခြင်းတို့ တွင်လည်း ၊ မျက်နှာတစ်ခြမ်း လေဖြတ်တတ်ပါသည် ။

ဒီလို နောက်ခံအကြောင်းရင်း ရှိပြီး မျက်နှာတစ်ခြမ်း လေဖြတ်တာကိုတော့ Bell's palsy လို့
 မခေါ်ပါဘူး ။
အကြောင်းရင်း တစုံတရာ မရှိဘဲ ၊ နေ့ ချင်းညချင်း ထဖြစ်တဲ့ မျက်နှာတစ်ခြမ်း လေဖြတ်တာကိုသာ
Bell's palsy လို့ ခေါ်တာပါ ။

.

မျက်နှာတစ်ဖက်စီကို ဦးနှောက်မှတိုက်ရိုက် နံပါတ်၇ အာရုံကြော ( cranial nerve VII ) ဘယ်တခု ၊ ညာတခု ထွက်ပြီးထိန်းချုပ်ပါတယ် ။
၎င်းအာရုံကြောကို မျက်နှာအာရုံကြော ( facial nerve ) လို့ ခေါ် ပါတယ် ။
Facial nerve က မျက်တောင်ခတ်ခြင်း ( blinking )၊
မျက်လုံးပိတ်ခြင်း (  closing the eyes ) ၊
ပြုံးခြင်း ( smiling ) ၊
မျက်မှောင်ကြုတ်ခြင်း ( frowning ) ၊
မျက်ရည်ထွက်ခြင်း ( lacrimation ) ၊
သွားရည်ထွက်ခြင်း ( salivation ) ၊
နှာခေါင်းပွခြင်း ( flaring nostrils ) ၊
မျက်ခုံးပင့်ခြင်း ( raising eyebrows ) ၊
လျှာ ရှေ့ ပိုင်း ၃ပုံ ၂ပုံတွင် အရသာခံစားခြင်း
လုပ်ငန်းများကို ထိန်းချုပ်ပါတယ် ။

.

၎င်းအာရုံကြော ၁ခုစီဟာ ဦးနှောက်မှ ဦးခွံကိုဖြတ်ထွက်ရာမှာ နားအောက်ဖက်က အရိုးလှိုင်ခေါင်းကို ဖြတ်ထွက်ရပါတယ် ။
၎င်းအာရုံကြော ရောင်ရမ်းလာလျှင် ၊ ထိုလှိုင်းခေါင်းထဲမှာ ကြပ်ညပ်ပြီး ထိခိုက်ပျက်စီးပါတယ် ။ ၎င်းအာရုံကြော ထိခိုက်ပျက်စီး တဲ့အခါ မျက်နှာ တစ်ခြမ်း လေဖြတ်ပါတယ် ။
Facial nerve ကို ထိခိုက်ရောင်ရမ်းစေတဲ့ အကြောင်းရင်းကို သေသေချာချာ မသိပါဘူး ။
ကာလတာရှည်ကူးစက်ဝင်ရောက်နေသော်လည်း ရောဂါလက္ခဏာမပြဘဲ မြုံနေတဲ့ ရေယုံဗိုင်းရပ် ( varicella zoster virus ) ကြောင့်လို့ ယူဆပါတယ် ။

တိုက်ရိုက်ထိခိုက်မိသည်ဖြစ်စေ ၊
ပတ်ဝန်းကျင် အပူအအေး မမျှတမှုကြောင့်ဖြစ်စေ ၊
ဇီဝကမ္မကမောက်ကကြောင့်ဖြစ်စေ ၊
စိတ်ခံစားမှု ကမောက်ကမဖြစ်လို့ ဖြစ်စေ ၊
၎င်းမြုံနေခြင်းကို ဆွပေးလိုက်သဖြင့် Facial nerve ရောင်ရမ်းခြင်းဖြစ်တယ်လို့ယူဆထားပါတယ် ။

.

 Facial nerve ထိခိုက်လို့   Bell's palsy ဖြစ်ရင် ၊
ထိခိုက်တဲ့မျက်နှာတစ်ခြမ်းမှာ မျက်လုံးမပိတ်နိုင်တာ ၊
သွားမစေ့နိုင်တာ ၊
အစာမသိမ်းနိုင်တာ ၊
ဖြစ်တဲ့ဖက်က ကြွက်သားတွေ ပျော့သွားလို့ ကောင်းတဲ့ဖက်ကို ပါးစပ်ရွဲ့ သွားတာ တွေဖြစ်လာပါတယ်
နားက အသံကျယ်ကျယ်ကို မခံနိုင်တာလည်း ဖြစ်တတ်ပါတယ် ။

.

၎င်း လက္ခဏာများအပြင်
မျက်နှာတစ်ခြမ်း ထုံကျင်ခြင်း ၊
ခေါင်းကိုက်ခြင်း ၊
ဇက်နာခြင်း ၊
ဒယီးဒယိုင်ဖြစ်ခြင်း ၊
ဖြစ်တဲ့မျက်နှာဖက်ခြမ်းက ခြေလက်များ ထုံကျင်ခြင်း ၊ ခြေလက်များ ပျော့ခွေသွားခြင်း ၊
နဝေတိမ်တောင်ဖြစ်ခြင်း
စတဲ့လက္ခဏာတွေလည်း ဖြစ်ပေါ်တတ်ပါတယ် ။

.

 Bell's palsy ဟာ ခလေးထက် လူကြီးတွေမှာဘဲ အဖြစ်များပါတယ် ။
အများအားဖြင့် ၁၀ရက်လောက်အကြာမှာ အလိုအလျောက်အကောင်းအတိုင်း သို့မဟုတ် အကောင်းနီးပါး  ပြန်ကောင်းသွားပါတယ် ။
ပုံသေတွက်လို့ တော့ မရပါဘူး ။ လုံးဝပြန်မကောင်းဘဲ ၊ မျက်လုံးမပိတ်နိုင်လို့
မျက်ကြည်လွှာခြောက်သွားပြီး အမြင်အာရုံ ပျက်စီးတတ်ပါတယ် ။
ပါးစပ်ရွှဲ့ တာ ထာဝရဖြစ်သွားတတ်ပါတယ် ။
HIV ရောဂါရှိသူများမှာ ပါးနှစ်ဖက်လုံး လေဖြတ်တာ ရှိခဲ့ပါတယ် ။

.

Steroids ဆေးများနဲ့ ကုသရပါတယ် ။
ကော်တီကိုစတီးရွိုက် Corticosteroid ဖြစ်တဲ့ ပရက်နီစလုံး  prednisone က
ပြန်လည်ကောင်းလာဘို့ များစွာ အားထားရပါတယ် ။
ရောဂါလက္ခဏာပြပြချင်း ၃ရက်အတွင်း ကုသနိုင်လျှင် အကျိုးပိုထူးပါတယ် ။
Antivirals ဗိုင်းရပ်သတ်ဆေးများကတော့ ကျေးဇူးပြုမှု ရာခိုင်နှုန်း နည်းပါတယ် ။



ဒေါက်တာမြင့်သိန်း
၉ သြဂုတ် ၂၀၁၅

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း