ကက္ကဋဇာတ် '' နှင့် '' အာလမ္ဗရာ စည်တော်

" ကက္ကဋဇာတ် '' နှင့် '' အာလမ္ဗရာ စည်တော်



''

 (လက်မဖြင့်ညှပ်လျက် ဆင်တို့ကို သတ်စားနေသော ပုစွန်သည် မ,သံကြား၍ မေ့လျောမိသဖြင့် ဆင်တို့၏ ခြေအောက်တွင် သေရသောအကြောင်း)

၂၆၇ - ကက္ကဋဇာတ်

လက်မဖြင့်ညှပ်လျက် ဆင်တို့ကို သတ်စားနေသော ပုစွန်သည် မသံကြား၍ မေ့လျောမိသဖြင့် ဆင်တို့၏ ခြေအောက်တွင် သေရသော ပုစွန်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု

မိန်းမမွန်မြတ် ဘေးလွတ်တတ်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် သူကြွယ်တစ်ယောက်သည် မိမိမယားကိုခေါ်၍ ဇနပုဒ်သို့သွာား ကြွေးမြီဆပ်ပြီးလျှင် ပြန်လာရာ လမ်းခရီးအကြား၌ သူခိုးတို့သည် ဖမ်းကြကုန်၏။ သူကြွယ်မယားကား အဆင်းလှ၏။ ရှုချင်စဖွယ်ရှိ၏။

သူခိုးကြီးသည် မိန်းမ၌ ချစ်ခင်နှစ်သက်သဖြင့် သူကြွယ်ကိုသတ်ရန် အားထုတ်လေ၏။ အကျင့်သီလရှိ၍ လင်ကို နတ်ကဲ့သို့ကိုးကွယ်သော မိန်းမမြတ် ဖြစ်ရကား၊ သူခိုးကြီး ခြေတို့၌ ရှိခိုး၍ အရှင်သူခိုးကြီး … အကျွန်ုပ် အကယ်၍ ချစ်ခင်နှစ်သက်ငြားအံ့၊ အကျွန်ုပ်လင်ကို မသတ်ပါလင့်၊ အကယ်၍ သတ်ငြားအံ့၊ အကျွန်ုပ်သည် အဆိပ်သောက်၍လည်းကောင်း၊ နှာခေါင်းလေကို ပိတ်ချုပ်၍ လည်းကောင်း တစ်နည်းနည်းဖြင့် သေပါအံ့၊ သင်နှင့်အတူ မလိုက်နိုင်ပါ၊ အကျွန်ုပ်လင်ကို အကြောင်းမဲ့ မသတ်ပါလင့်ဟု ခယတောင်းပန်ကာ လင်ကို လွှတ်စေ၏။

ထိုလင်မယားတို့သည် မိမိတို့နေရာ သာဝတ္ထိပြည်သို့ ရောက်လျှင် မြတ်စွာဘုရားထံတော်သို့ ဆည်းကပ်ရန် သွားကြကုန်၏။ မြတ်စွာဘုရားသည် သူကြွယ် လင်မယားကို “သီတင်းသည်တို့ … ဘယ်သို့သွားကြသနည်း” ဟု မေးတော်မူလျှင်၊ သီတင်းသည်တို့သည် မိမိတို့သွားသော အရပ်နှင့် မိမိတို့ဖြစ်ခဲ့သမျှ အကြောင်းစုံကို လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားလည်း ထိုအကြောင်းကို သိတော်မူလျှင် - “သီတင်းသည် … ဤမိန်းမသည် သင့်အား ယခုအခါ၌သာလျှင် အသက်ကိုပေးသည် မဟုတ်၊ ရှေးအခါ၌လည်း ပညာရှိတို့အား အသက်ကိုပေးဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု

အိုင်တွင်းပုစွန် ကြီးကဲလွန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဟိမ၀န္တာအရပ်ဝယ် ရေကန်ကြီးသည် ရှိလေ၏။ ထိုရေကန်ကြီး၌ ကုဠိရ မည်သော ရွှေပုစွန်ကြီးသည် နေ၏။ ကုဠိရ ရွှေပုစွန်ကြီးနေရာ ဖြစ်သောကြောင့် နောက်အခါ ကန်ကြီးသည်လည်း ကုဠိရရေကန်ကြီးဟု ထင်ရှားလေ၏။ ရွှေပုစွန်ကြီးသည် ကောက်နယ်တလင်းခန့် ပမာဏရှိ၏။ ရေကန်ကြီးသို့ဆင်း၍ ကျက်စားသော ဆင်တို့ကို ဖမ်းယူစားသောက်လေ့ရှိ၏။ ဆင်တို့သည်လည်း ရွှေပုစွန်ကြီးမှ ကြောက်သဖြင့် ထိုကန်ကြီးကို ဆင်းသက်၍ မကျက်စားဝံ့ကုန်။

ထိုအခါ ဘုရားအလောင်းသည် ကုဠိရရေကန်ကြီးကိုမှီ၍နေသော ဆင်မင်းကိုစွဲ၍ ဆင်မတစ်ကောင်း၏ ၀မ်း၌ ပဋိသန္ဓေနေ၏။ ထိုဆင်မလည်း ပဋိသန္ဓေကို စောင့်ရှောက်ရန် အရပ်တစ်ပါးသို့ သွား၍နေရာ သားငယ်ကို ဖွားမြင်လေ၏။ ထိုဆင်ငယ်သည် အစဉ်သဖြင့် လိမ္မာသောအရွယ်သို့ ရောက်လတ်သော် ကြီးသောကိုယ်ရှိ၏။ အားအစွမ်းနှင့် ပြည့်စုံ၏။ တင့်တယ်ခြင်းအစုသို့ရောက်၏။ မျက်စဉ်းတော်နှင့်တူ၏။

ပုစွန်ဖမ်းရန် ဆင်ငယ်ကြံ

ထိုဆင်သည် ဆင်မတစ်ကောင်နှင့် ပေါင်းဖော်ကာ နေထိုင်၏။ တစ်နေ့သ၌ ရွှေပုစွန်ကြီးကို ဖမ်းမည်ဟု မိမိမယားနှင့် အမိဆင်မကို ယူဆောင်လျက် ဆင်အပေါင်းသို့ ချဉ်းကပ်ပြီးလျှင် အဖဆင်မင်းကို ဖူးမြင်၍ - ဖခင် … အကျွန်ုပ် ရွှေပုစွန်ကြီးကို ဖမ်းမည်ဟု တောင်းပန်ရာ ချစ်သား … သင်သည် ရွှေပုစွန်ကြီးကို မဖမ်းနိုင်၊ မဖမ်းလေနှင့်ဟု အကြိမ်ကြိမ် တားမြစ်၏။

ဆင်မင်း၏သားသည် အဖ အကြိမ်ကြိမ် တားမြစ်သော်လည်း မနာယူဘဲ ဆင်အပေါင်းကို စည်းဝေးပြီးလျှင် ရေကန်ကြီး အနီးသို့သွား၍ - အမောင်တို့ … ရွှေပုစွန်ကြီးသည် ဆင်တို့ကို ဆင်းသက်သောအခါ ဖမ်းသလော၊ သို့တည်းမဟုတ် အစာစားသောအခါ ဖမ်းသလော၊ သို့တည်းမဟုတ် တက်သောအခါ ဖမ်းသလောဟု မေးလေ၏။

အရှင် … တက်သောအခါ နောက်ကျသော ဆင်ကို ဖမ်းပါသည်။ အမောင်တို့ … သည်လိုဖြစ်လျှင် သင်တို့သည် ရေကန်ကြီးသို့ဆင်း၍ အလိုရှိတိုင်း ကျက်စားပြီးလျှင် အရင်တက်ကြလော့၊ ငါသည် … နောက်မှတက်မည်ဟု ပြောဆိုလေ၏။

ထိုအခါ ဆင်အပေါင်းတို့သည် ဆင်မင်းသား ဆိုသောအတိုင်း ရေကန်ကြီးသို့ ဆင်းသက်ကာ အလိုရှိတိုင်း ကျက်စားပြီးလျှင် အရင်တက်ကြကုန်၏။

ပုစွန်ညှပ်ကိုင် ဆင်မရုန်းနိုင်

ဆင်မင်းသားသည် နောက်မှ တက်လေ၏။ ရွှေပုစွန်ကြီးသည် နောက်ဆုံးမှတက်သော ဆင်မင်းသားကို ပးန်ပဲတို့သည် သံညှပ်ဖြင့် သံချောင်းကို မြဲစွာညှပ်သကဲ့သို့ တက်မနှစ်ခုဖြင့် ခြေကို မြဲစွာညှပ်လေ၏။ ဆင်မသည် ယောက်ျားကိုမစွန့်မူ၍ အနီးတွင်နေ၏။ ဆင်မင်းသားသည် ရွှေပုစွန်ကြီး ညှပ်ထားမှန်းသိ၍ ခြေကိုဆွဲငင်သည်ရှိသော် ရွှေပုစွန်ကြီးကို ဆောင်ယူခြင်းငှာမတတ်နိုင်။ ရွှေပုစွန်ကြီး ဆွဲငင်ရာသို့သာ ပါသွားလေ၏။ ထိုအခါ သေဘေးမှ ကြောက်သဖြင့် ရန်သူလက်တွင် မိနေသော မြည်ခြင်းကို မြည်လေ၏။ ထိုအသံကိုကြားလျှင် ဆင်အပေါင်းတို့သည် သေဘေးမှ ကြောက်သဖြင့် ကြိုးကြာသံကဲ့သို့ မြည်ကြာ ချေးသေးပါ၍ ပြေးကြကုန်၏။ မယားဆင်မလည်း ကြောက်ခြင်းကို သည်းခံနိုင်သဖြင့် ပြေးရန် အားထုတ်လေ၏။

ထိုအခါ ဆင်မင်းသားသည် မိမိအား ရွှေပုစွန်ကြီး ဖမ်းမိနေသည်ကို မယားဆင်မကို သိစေ၍ ဆင်မကို မပြေးစိမ့်သောငှာ -

“အို ဆင်မ … ရွှေပုစွန်ကြီးသည် ရှည်သောမျက်စိရှိ၏။ အရိုးဟူသော အရေရှိ၏။ ရေ၌နေ၏။ အမွေးမရှိ၊ ထိုရွှေပုစွန်ကြီး နှိပ်စက်အပ်သည်ဖြစ်၍ ငါသည် သနားစဖွယ် ငိုကြွေးပါ၏။ အသက်နှင့်တူသော ငါ့ကို အစွန့်ပစ်ပါလင့်” –

ဟု - သနားစဖွယ် ပြောလေ၏။ ထိုအခါ ဆင်မသည် လင်ယောက်ျားကို သက်သာရာရစေ၍ -

“အရှင် … ငါသည် အသက်ခြောက်ဆယ်ရှိမှ အားယုတ်သော သင်ဆင်မင်းသားကို ငါမစွန့်ပါ၊ သမုဒ္ဒရာလေးစင်း အဆုံးရှိသော မြေအပြင်၌ သင့်ကို ငါသည် အလွန်ချစ်မြတ်နိုးပါ၏” –

ဟု အားပေးစကား ပြောကြားလေ၏။ ထိုနောက် ဆင်မင်းသားကို တောင်းပန်၍ “အရှင် … ယခု ငါသည် ရွှေပုစွန်ကြီးနှင့်တကွ အတန်ငယ် စကားပြောဆိုကာ သင့်ကို လွှတ်စေမည်” ဟု - ပြောဆိုပြီးလျှင် ရွှေပုစွန်ကြီးကို -

“အရှင် ရွှေပုစွန်ကြီး … ရေ၌ ကျက်စားလေ့ရှိသော သင် ရွှေပုစွန်ကြီးကား - သမုဒ္ဒရာ၌ လည်းကောင်း၊ ဂင်္ဂါ၌လည်းကောင်း၊ ယမုံနာ၌ လည်းကောင်း ရှိကြကုန်သော ရွှေပုစွန်ကြီးတို့ထက် မြတ်ပါ၏။ အရှင် ရွှေပုစွန်ကြီးသည် ငိုကြွေးနေသော အကျွန်ုပ် လင်ယောက်ျားကို လွှတ်ပါလေ” –

ဟု - သနားစဖွယ် ခယတောင်းပန်လေ၏။

ဆင်မသံပေး ပုစွန်ငေး

ထိုအခါ ရွှေပုစွန်ကြီးသည် ဆင်မအသံ၌ မိန်းမသံ ဟူသော အာရုံကိုယူလျက် ထိုမိန်းမသံသည် ဆွဲငင် သွေးဆောင်အပ်သောစိတ် ရှိရကား၊ မေ့လျော့လျက် ဤဆင်သည် အညှပ်လျော့လတ်သော် ဤမည်သောအမှုကို ပြုလိမ့်မည်ဟု မသိတော့ဘဲ တွေဝေမိန်းမောကာ ဆင်ခြေမှ တက်မကို ဖြေသကဲ့သို့ လျော့၍ထားလေ၏။

ထိုအခါ ဆင်မင်းသားသည် အချက်ကောင်းကိုရခိုက် ခြေကို လျင်မြန်စွာချီမလျက် ရွှေပုစွန်ကြီး ကျောကုန်းကို တအားနင်းလေ၏။ ခဏချင်းလျှင် ရွှေပုစွန်ကြီး အရိုးခွံတို့သည် ကွဲကုန်၏။ ဆင်မင်းသားလည်း ရန်သူကိုနိုင်ပြီဟူသော အထိမ်းအမှတ်ဖြင့် ၀မ်းမြောက်ဝမ်းသာသောအသံကို မြည်လေ၏။ ဆင်အပေါင်းတို့သည် စည်းဝေးရောက်လာကာ သူ့ထက်ငါ ရွှေပုစွန်ကြီးကို ကုန်းပေါ်သို့ဆွဲ၍ တင်ကြပြီးလျှင် စိစိညက်ညက်ကျေအောင် နင်းသတ်ကြကုန်၏။ တက်မနှစ်ချောင်းတို့သည် ကိုယ်မှကွဲကာ လျောက်ပတ်သောနေရာ၌ ကျကုန်၏။

ပုစွန်လက်မ စည်လုပ်ကြ

ကုဠိရ ရေကန်ကြီးသည် ဂင်္ဂါမြစ်နှင့် တစ်စပ်တည်းဖြစ်၍ ဂင်္ဂါမြစ်ရေ ပြည့်သောအခါ ရေကုန်ကြီးသို့ဝင်ကာ ရေပြည့်လေ၏။ ဂင်္ဂါမြစ်ရေ နည်းသောအခါ ရေကန်ကြီးမှ ရေတို့သည် ဂင်္ဂါမြစ်သို့ စီးဆင်းကုန်၏။ ထိုအခါ ရွှေပုစွန် တက်မကြီးနှစ်ခုတို့သည် ရေထဲတွင်ပါ၍ ဂင်္ဂါမြစ်၌ မျောကုန်၏။ တက်မတစ်ခုကား သမုဒ္ဒရာသို့ ၀င်လေ၏။ တက်မတစ်ခုကိုကား ဒသဘာတိက မင်းတို့ ရေကုန်၌ ရေကစားစဉ် ရ၍ *အာလိင်္ဂ မည်သော စည်ကိုပြုလုပ်ကုန်၏။ သမုဒ္ဒရာသို့ ၀င်သော တက်မကိုကား အသုရာတို့ ရကုန်၏ *အာလမ္ဗရမည်သော စည်ကို ပြုလုပ်ကြကုန်၏။ နောက်အခါ သိကြားမင်းနှင့် စစ်ထိုး၍ ရှုံးသဖြင့် အာလမ္ဗရစည်ကို သိကြားမင်း ယူ၍သွား၏။ [ထိုစည်ကို ရည်၍ အာလမ္ဗမိုးကဲ့သို့ မြည်၏ - ဟု ဆိုစမှတ်ပြုကြ၏။]

ဤဒေသနာတော်ကို ဆောင်ပြီး၍ သစ္စာကိုပြသည်၏ အဆုံး၌ သူကြွယ်လင်မယားတို့သည် သောတာပတ္တိဖိုလ်၌ တည်ကုန်၏။

ဇာတ်ပေါင်း

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

· ထိုအခါ ဆင်မသည် - ယခုအခါ သီတင်းသည်မ။

· ဆင်မင်းသားသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်

(၁) မ,သံကြောင်းဟိတ်၊ အဖိုစိတ်၊ ချိတ်၍ဆွဲတတ်သည်။

(၂) မိမိလင်ဝယ်၊ အသက်ကယ်၊ မိမယ်မြတ်လှသည်။

ကက္ကဋဇာတ် ပြီး၏။

_
ကောက်နုတ်ချက်.....
မဟာပညာဗလပဌမကျော်ဦးကြီးဖေ ငါးရာ့ငါးဆယ်နိပါတ်တော်စကားပြေ (နှာ ၄၆၆-၄၆၈)

🐝 🐝 🐝 🐝 🐝 🐝 🐝 🐝 🐝 🐝 🐝 🐝 🐝

ဆရာမြို့မငြိမ်းရဲ့ ကသစ်ပန်း သီချင်းစာသားထဲက “နတ်စည်ငယ်လေ ပုဇွန်လက်ရိုး အာလမ္ဗရာ”ဆိုတဲ့အပိုဒ်မှာ အာလမ္ဗရ-ဆိုတဲ့ပုဒ်နဲ့ပတ်သက်လို့ ကျနော်ခပ်တည်တည်လုပ်ပြီး “အာလမ္ဗ-ဆိုတာ ဆွဲကိုင်၍ လို့ အဓိပ္ပါယ်ရကြောင်း” ရှင်းပြခဲ့ပါတယ်။ တကယ်တော့ ကျနော်လဲ ၀ါးတားတားပါပဲဗျာ။ အဟဲ---ကိုယ့်ကိုယ်ကို ၀ါးတားတားဖြစ်ကြောင်းပြောရတာ တစ်မျိုးကြီးပဲ။ ပြောပြီးမှ မသေချာလို့ ဖတ်ဖူးမှတ်ဖူးတဲ့ စာတွေဟိုဟိုဒီဒီ လှန်လှောကြည့်ရှု ရှာဖွေသမှုပြုလိုက်ရတာ အမောပါပဲဗျာ။ အဘိဓာန်စာအုပ်ကြီးတွေရဲ့ ကျေးဇူးကြောင့် ဒီစကားလုံးဟာ ဘယ်မှာရှိတယ်ဆိုတာ အခုမှပဲ သေသေချာချာသိရတော့သဗျို့။ ကျေးဇူးပါ အဘိဓာန်ဆရာကြီးတို့ရယ်။

ဇာတ်လမ်းကိုတော့ ထုံးစံအတိုင်း “ပြည်မသိ ဗာရဏသီ၊ မင်းမသိ ဗြဟ္မဒတ်” နဲ့ စလိုက်ကြစို့ရဲ့။ ဟိုးရှေးရှေးတုန်းက ဗာရဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီးစိုးစံအုပ်ချုပ် မင်းလုပ်နေတဲ့ကာလ ဟိမ၀န္တာတောနက်ကြီးတစ်နေရာမှာ လွန်စွာကြီးမားတဲ့ ရေအိုင်ကြီးတစ်အိုင်ရှိခဲ့ဖူးတယ်။ အဲဒီရေအိုင်ကြီးထဲမှာ ရွှေရောင်အဆင်းရှိတဲ့ ပုဇွန်လုံး (ဂဏန်း)ကြီးတစ်ကောင် နေထိုင်ကျက်စားသွားလာလှုပ်ရှားနေတယ်။ အဲဒီပုဇွန်လုံးကြီးကို အကြောင်းပြုပြီး ရေအိုင်ကြီးကိုလဲ “ကုဠီရဒဟ-ပုဇွန်အိုင်”လို့ ခေါ်ဝေါ်ကြပါတယ်။

ပုဇွန်လုံးကြီးဟာ ဘယ်လောက်တောင်ကြီးသလဲဆိုရင် စပါးနယ်ရာတလင်းပြင်လောက်ရှိပြီး ဆင်တွေကိုတောင် ဖမ်းယူစားသောက်နိုင်သတဲ့။ အဲဒီရေအိုင်ကြီးအနားမှာလဲ ရေအိုင်ကြီးကို အမှီပြုပြီး ဆင်အုပ်ကြီးတစ်အုပ်နေပါတယ်။ ပုဇွန်လုံးကြီးဟာ ဆင်တွေ အိုင်ထဲရေကူးဆင်း၊ ဆော့ကစားပြီး ပြန်တက်သွားတဲ့အခါ နောက်ဆုံးကျန်နေတဲ့ကောင်ကို နောက်ကနေ အသာလေး သူ့လက်မကြီး (အဠ) နှစ်ခုနဲ့ ညှပ်ယူဖမ်းဆီးစားသောက်ပစ်လေ့ရှိပါတယ်။ ဒီလိုနဲ့တစ်နေ့တော့ ဆင်ကောင်ရေလျှော့ပါးလာတာကို သတိထားမိတဲ့ ဆင်ခေါင်းဆောင်ကြီးက အခြေအနေကို စုံစမ်းလိုက်တဲ့အခါ ဘာ့ကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကို သိသွားရပြီး ဆင်အုပ်ကြီးတစ်အုပ်လုံးလဲ အကြီးအကျယ်တုန်လှုပ်သွားရပါတော့တယ်။ တခြားသွားကျက်စားစရာနေရာလဲ ရှာမရလို့ အဲဒီအနားမှာပဲ ကျီးလန့်စာစားလုပ်ပြီး ကုတ်ကပ်နေကြရရှာတယ်။

တစ်နေ့တော့ အုပ်စုခေါင်းဆောင်ဆင်ကြီးရဲ့ မယားဖြစ်တဲ့ ဆင်မမှာ ကိုယ်ဝန်ရလာပါတယ်။ ဆင်မဟာ “ဒီကလေးကိုတော့ ငါသေသေချာချာကို စောင့်ရှောက်မှ ဖြစ်မယ်”ဆိုတဲ့အတွေးနဲ့ ပုဇွန်လုံးရန်က ကင်းအောင် အိုင်ကြီးနဲ့ ဝေးရာသွားပြီး တစ်ကောင်းတည်းနေရရှာတယ်။ ဒီလိုနဲ့ ရက်လစေ့လို့ ဆင်ကလေးတစ်ကောင် မွေးဖွါးလာခဲ့ပါတယ်။ ဆင်ကလေးဟာ သူ့မိခင်နဲ့အတူနေရင်း တဖြေးဖြေးကြီးပြင်းလာတဲ့အခါ အလွန်ခွန်အားဗလတောင့်တင်းပြီး ဆင်အာဇာနီကြီးတစ်ကောင် အသွင်ဆောင်လာပါတယ်။ တစ်နေ့တော့ ဆင်ကလေးက သူ့အမေဆင်မကြီးကို ဘာ့ကြောင့် အမေတစ်ကောင်တည်း ဒီနေရာမှာ လာနေရသလဲ မေးတော့ ဆင်မကြီးက အကြောင်းစုံကို ပြောပြရှာတယ်။

ဆင်ကလေးလဲ သူ့ဆွေသူ့အမျိုးတွေ ဒီလိုဒုက္ခနဲ့ ကြုံနေရတာကို မခံမရပ်နိုင်ဖြစ်လို့ သူ့ဆွေမျိုးတွေဆီပြန်သွားပြီး အဲဒီပုဇွန်လုံးကြီးကို နှိမ်နှင်းပစ်မယ်လို့ ကြုံးဝါးလိုက်တယ်။ မိခင်ဆင်မကြီးလဲ သူ့သားငယ်ကို ခေါ်ပြီး ဆွေမျိုးတွေရှိရာ ဆင်အုပ်စုကြီးဆီ ပြန်သွားပါတယ်။ ဖခင်ဆင်ခေါင်းဆောင်ကြီးလဲ သူ့ဇနီးနဲ့ သားကလေးကိုတွေ့ရတဲ့အခါ အလွန်တရာဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်။ ဆင်ကလေးက ဒီလောက်ဆိုးသွမ်းနေတဲ့ ပုဇွန်လုံးကြီးကို သူကိုယ်တိုင်နှိမ်နှင်းမယ်လို့ သူ့ဖခင်ကို ပြောလိုက်တယ်။ ဒါပေမဲ့ ဖခင်ဆင်ကြီးက အလွန်အန္တရာယ်များလို့ ခွင့်မပြုဘူး။ ဒီလိုနဲ့ ဆင်ပေါက်လေးလဲ အခြေအနေကို စောင့်ကြည့်နေခဲ့တယ်။ အဲဒီလိုနေရင်းက သူဟာ ဆင်မလေးတစ်ကောင်နဲ့ ရည်ငံပြီး သမီးရည်းစားဖြစ်သွားတယ်။ ဆင်မလေးက သူဘယ်နားသွားသွား နောက်က တစ်ကောက်ကောက်လိုက်ပြီး အရိပ်တကြည့်ကြည့်နဲ့နေရှာတယ်။ သူတို့နှစ်ကောင်လုံးဟာ သူတို့အမျိုးမှာ ကျရောက်နေတဲ့ အန္တရာယ်ကိုတောင် မေ့နေရလောက်အောင် ပျော်ရွှင်နေကြတယ်။

တစ်နေ့တော့ ဆင်စုံတွဲဟာ ပြေးလွှားဆော့ကစားရင်း ပူလောင်အိုက်စပ်လာလို့ ရေချိုးချင်တာနဲ့ ရေအိုင်ထဲဆင်းပြီး ရေချိုးကြတယ်။ သူတို့စုံတွဲ ရေထဲဆင်းဆော့နေတာမြင်တဲ့အခါ တခြားဆင်ကြီးတွေလဲ စိုးရိမ်ပူပင်စိတ်တွေနဲ့ ကမ်းနဖူးကနေ ရပ်ပြီး ရင်တမမနဲ့ စောင့်ကြည့်နေကြတယ်။ အဲဒီကျမှ ဆင်ပေါက်စုံတွဲလဲ အန္တရာယ်ကို သတိရလာပြီး ကမ်းပေါ် ကမန်းကတမ်းတက်ပြေးဖို့လုပ်တယ်။ ဆင်မလေးက ကမ်းစပ်အနီးမှာမို့ သူအရင်ကမ်းပေါ်ရောက်သွားတယ်။ ဆင်အထီးကလေးကတော့ သူလဲတက်မယ်လုပ်တဲ့အချိန်မှာ နောက်ကျသွားခဲ့ပြီ၊ သူ့ရဲ့နောက်ချေထောက် နှစ်ချောင်းကို ပြုတ်တူကြီးနဲ့ ညှပ်သလို ပုဇွန်လုံးကြီးက သူ့လက်မနှစ်ဖက်နဲ့ ညှပ်ထားလိုက်တယ်။

ဆင်ပေါက်လေးဟာ ဟန်ကိုယ့်ဖို့လုပ်ပြီး ရုန်းကြည့်တယ်။ ဘယ်လိုမှရုန်းလို့မရဘူး။ တကယ်တော့ ဆင်ပေါက်လေးဟာ ဆင်အုပ်စုထဲမှာ အင်အားအကြီးဆုံးဆင်တစ်ကောင်ဖြစ်တဲ့အပြင် ဖြစ်လေရာဘ၀မှာ ဘ၀ါဘ၀က ဖြည့်ဆည်းထားခဲ့ဖူးတဲ့ ကောင်းမှုအရှိန်အဟုန်တွေနဲ့ ပြည့်ဝနေတဲ့ ဘုရားအလောင်းဆင်မင်းဖြစ်ပါတယ်။ ဒါပေမဲ့ ပုဇွန်လုံးကြီးရဲ့အားနဲ့ယှဉ်လိုက်တဲ့အခါ ဘယ်လိုမှ မရုန်းသာအောင်ဖြစ်နေရရှာတယ်။ အဲဒါနဲ့ သေရတော့မယ်ဆိုတဲ့ အသိဝင်လာပြီး တအားအော်ပစ်လိုက်တယ်။ ကမ်းစပ်ရောက်နေတဲ့ ဆင်မလေးလဲ သူ့ချစ်သူ သေတော့မှာတွေးပြီး မျက်ရည်စက်လက်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင်ဖြစ်နေရှာတယ်။ ခဏနေတော့မှာ ရလိုရငြားဆိုပြီး အိုင်ကမ်းစပ်အနားပြန်ဆင်းလာပြီး အောက်ပါအတိုင်း ပုဇွန်လုံးကြီးကို တောင်းပန်လိုက်တယ်။

“အို--ပုဇွန်လုံးမင်း---၊ ရွှေအဆင်းနဲ့ တင့်တယ်ပြည့်ဝ လှပတော်မူသော အရှင်သည် ယမုနာနှင့် ဂင်္ဂါတို့လို မြစ်ကြီးမြစ်ကျယ်တွေထဲရှိ ပုဇွန်ထောင်သောင်း ဂဏန်းအပေါင်းကို မဆိုထားဘိ၊ သမုဒ္ဒရာလေးစင်းအတွင်းမှာ ကျက်စားသွားလာ နေထိုင်ကြတဲ့ ထောင်သောင်းသိန်းသန်း ကိန်းဂဏန်းအလွန်ရှိတဲ့ ပုဇွန်တွေထဲမှာပင် အင်အားဗလ ရုပ်ဆင်းအရ သာလွန်ပြည့်ဝ တင့်တယ်လှပတော်မူပါတယ်။ အို---ရွှေအဆင်းနှင့် တင့်တယ်ပ၀င်း ပုဇွန်မင်းအရှင်---၊ နှမမျက်ရည် သက်သေတည်စု တောင်းပန်သမှု ပြုလိုပါသည်။ ကျမသက်ထား မောင်တော်ဘုရားကို ကြင်နာသနားသောအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုတော်မူပါ အရှင်--”

ဆင်မလေးက အဲဒီလို ညုတုတုအသံလေးလုပ်ပြီး မြှောက်ပြောတဲ့ တောင်းပန်အသံကို ကြားလိုက်ရတဲ့အခါ ပုဇွန်လုံးကြီးလဲ “ဘာပါလိမ့်” ဆိုတဲ့အတွေးနဲ့ သတိတစ်ချက်လစ်ပြီး ညှပ်ထားတဲ့ လက်မနှစ်ခုကို နည်းနည်းစီ လျှော့လိုက်မိတယ်။ အဲဒီအချိန် အခွင့်ကောင်းယူပြီး ဘုရားအလောင်းဆင်မင်းလဲ ရုပ်တရက်ရုန်းထွက်လိုက်တယ်။ ပြီးတော့မှ ဂဏန်းကြီးမလှုပ်ရှားမီ လက်ဦးမှုယူ၊ အားကုန်ထည့်ပြီး ပုဇွန်လုံးကြီးရဲ့ ကျောကုန်းပြင်ပေါ် ခုန်တက်လိုက်တယ်။ ကျောပြင်ရောက်တာနဲ့ ရှိသမျှအင်အားတွေ အကုန်စုပြီး ချေထောင့်နှစ်ဘက်နဲ့ တအားဆောင့်နင်းပစ်လိုက်တဲ့အခါ ပုဇွန်လုံးရဲ့ ကျောပြင်ကြီးဟာ မြေအိုးကို ဒုတ်နဲ့ရိုက်ခွဲလိုက်သလို ထက်ခြမ်းကွဲသွားပြီး အသက်ထွက်သွားရရှာတယ်။

အဲဒီအခါကျမှ ကမ်းပေါ်က ရင်တမမနဲ့ စောင့်ကြည့်နေကြတဲ့ ဆင်တွေဟာလဲ စုပြုံဆင်းလာ၊ ပုဇွန်လုံးကြီးကို ကမ်းပေါ်ဝိုင်းဆွဲတင်ပြီး စိတ်နာနာနဲ့ အသကုန်ဝိုင်းနင်းလိုက်ကြတာ ပုဇွန်လုံးကြီးလဲ မှုန့်မှုန့်ညက်ညက်ကို ကျေသွားတော့တာပါပဲ။ ဒါပေမဲ့ ဆင်တွေ သတိမထားမိလိုက်တဲ့အချက်က ပုဇွန်လုံးရဲ့ လက်မကြီးနှစ်ဘက်ဟာ သူတို့ဒေါနဲ့မောနဲ့ ၀ိုင်းနင်းလိုက်တဲ့အခါ ဘေးလွင့်ထွက်သွားပြီး တစ်နေရာစီမှာ ကျသွားပါတယ်။ အချို့ဆင်တွေ မြင်ကောင်းမြင်နိုင်ပေမဲ့ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကျေမွသွားပြီဆိုတော့ ဘာမှအန္တရာယ်မပြုနိုင်တော့လို့ ဂရုမစိုက်တော့တာလဲ ဖြစ်နိုင်ပါတယ်။ အဲလိုနဲ့ လက်မကြီးနှစ်ဘက်ဟာ အဲဒီကျသွားတဲ့နေရာတွေမှာ အတော်ကြာကြာအထိ တည်ရှိနေကြပြီး လက်မတစ်ဘက်ကို တောကစားထွက်လာကြတဲ့ မင်းသားညီနောင်(၁၀)ယောက်တို့တွေ့ပြီး သူတို့နိုင်ငံသယ်သွားကြတယ်။ အဲဒီလက်မကြီးကို “အာဠိင်္ဂ” အမည်ပေးပြီး စည်တော်ကြီးတစ်ခုအဖြစ် အသုံးပြုလိုက်ကြတယ်။

နောက်လက်မကြီးတစ်ခုကတော့ ရေအိုင်ကြီးအနီးအနာမှာပဲ ပြန်ကျတဲ့အတွက် သမုဒ္ဒရာထဲက ၀င်လာတဲ့ရေတွေနဲ့အတူ ရေအကျမှာ သမုဒ္ဒရာထဲ ပါသွားတဲ့အခါ အသုရာနတ်တွေက တွေ့လို့ “အာလမ္ဗရ” အမည်ပေးပြီး နတ်စည်တော်ကြီးတစ်ခုအဖြစ် အသုံးပြုကြတယ်။ နောက်ပိုင်းမှာ သိကြားစစ်တပ်နဲ့ စစ်တိုက်တဲ့အခါ အသုရာနတ်တွေ စစ်ရှုံးပြီး ချေဦးတည်ရာပြေးရင်းလွှားရင်းက အသူရာနတ်စစ်သားတွေလက်ထဲက ပြုတ်ကျကျန်ရစ်လို့ သိကြားစစ်တပ်ကကောက်ယူပြီး သိကြားမင်းထံ ဆက်သလိုက်တယ်။ “အာလမ္ဗရ” ခေါ်တဲ့ ပုဇွန်လက်မစည်တော်ကြီးဟာ အသူရာနိုင်ငံပိုင်ပစ္စည်းကနေ သိကြားနိုင်ငံပိုင်ပစ္စည်းဖြစ်သွားပြန်တယ်။

_
#crd

Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

" M.T.Hla ဟု ကျော်ကြားသော ပန်းချီဦးထွန်းလှ "

ဓူဝံကြယ် (သို့) Polaris အကြောင်း