အင်္ဂလိပ်ဆေးနှင့် အချဉ် မတည့်သည့် အယူအဆ
' အင်္ဂလိပ်ဆေးနှင့် အချဉ် မတည့်သည့် အယူအဆ '
ပထမဦးဆုံးတင်ပြချင်သည့် အယူအဆတစ်ခုမှာ “အင်္ဂလိပ်ဆေးနှင့် အချဉ်မတည့်” ဟူသော အကြောင်းပင်ဖြစ်ပါသည်။ ဆေးခန်းသို့ ရောက်လာသော လူနာတချို့ မေးတတ်၊ ပြောတတ်ကြပါသည်။
“ကျွန်တော်၊ ကျွန်မ ချဉ်ပေါင်ဟင်းနဲ့ထမင်းစားလာတယ် ဆေးထိုးလို့ဖြစ်ပါ့မလား”
“စောစောကပဲ အချဉ်စားထားလို့ ဆေးသောက်လို့ မဖြစ်သေးဘူး” စသဖြင့် ဖြစ်၏။
ဤအယူအဆမှာ ယခုမှသာမဟုတ် နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ လူတစ်ယောက် နှစ်ယောက်သာမဟုတ်၊ လူအများအပြား ယုံကြည်နေကြခြင်းဖြစ်၏။ တချို့ ပညာမတတ်၍မဟုတ်။ ဘွဲ့များစွာ ရထားသူများပင် ယင်းယုံကြည်မှုရှိနေသည်။ ကျွန်တော်တို့ မိဘများသည်လည်း ကျွန်တော်တို့ ငယ်စဉ်ကပင် အင်္ဂလိပ်ဆေးတိုက်တော့မည်ဆိုလျှင် အချဉ်နဲ့ ရှောင်၍ တိုက်ကြသည်။ အချဉ်စားထားသူများကို ဆေးမသောက်နဲ့ဦးဟု ဟန့်တားကြသည်။
တချို့လူများက “အချဉ်စားပြီး အင်္ဂလိပ်ဆေး သွားမသောက်နဲ့၊ တစ်ခါတည်းသေသွားမယ်၊ ဘာမှတ်လဲ” ဆိုသည့် စကားမျိုးကိုပင် ပြောတတ်ကြသည်။
အချဉ်အကြောင်းမပြောမီ ဆေးအကြောင်း အရင်တင်ပြပါမည်။ အင်္ဂလိပ်ဆေးများတွင် စာဖတ်သူများ သတိပြုမိကြပါလိမ့်မည်။ ဆေးအညွှန်းစာရွက်တွင် ဆေးတွင်ပါဝင်သည့် ဆေးဝါးပစ္စည်းများ၊ ပမာဏ၊ သောက်ရန်အညွှန်း (သောက်ရန် ပမာဏ၊ အကြိမ်)၊ သောက်သုံးသင့်သည့် အခြေအနေ (ဥပမာ-ရောဂါဝေဒနာများ)၊ ဘေးထွက်ဆိုးကျိုးများနှင့် မတည့်သော အခြေအနေများပါဝင်ကြောင်း တွေ့ရပါလိမ့်မည်။
ယနေ့အချိန် သုံးစွဲနေသော အင်္ဂလိပ်ဆေးဝါးများ (ထိုးဆေး၊ စားဆေး) တွင် အချဉ်စားပြီး မထိုးရ၊ မသောက်ရဟု တားမြစ်ချက်များ မပါဝင်ပါ။ အင်္ဂလိပ်ဆေးနှင့် အချဉ်မတည့်ဟူသော အယူအဆမှာ ရှေးခေတ်သုံးခဲ့သော ဆေးဝါးတချို့ ဓာတ်မတည့်မှုရှိခဲ့၍ ပေါ်လာခြင်းဖြစ်သည်ဟု ကြားဖူးခဲ့ပါသည်။ အတိကျတော့ မပြောနိုင်ပါ။
အချဉ်ဟုဆိုရာတွင် ဥပမာ-သံပုရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ ချဉ်ပေါင်ရွက်၊ မန်ကျည်းရွက်၊ မန်ကျည်းသီး စသည်တို့ ဖြစ်နိုင်သည်။ ယင်းအသီးအနှံအရွက်များတွင် ဗီတာမင် “စီ” ဓာတ်ပါဝင်သည်။ ဗီတာမင် “စီ” သည် အစာလမ်းကြောင်းမှ ဆေးဝါးတချို့ စုပ်ယူအားကို ကောင်းစေသည်။ ထို့ကြောင့်ပင် ဆေးဝါးတချို့ကို ဗီတာမင် “စီ” နှင့်တွဲ၍ သောက်စေသည်။ ဥပမာ သံဓာတ်စုပ်ယူသမှုကို ဗီတာမင် “စီ” က အားပေးသည်။ တချို့ကျွမ်းကျင်ပညာရှင်အချို့က အကယ်၍ အချဉ်နှင့်ဆေးဝါးတချို့ရောသောက်လျှင် စုပ်ယူမှုပိုကောင်း၍ အန္တရာယ်မဖြစ်စေနိုင်ဘူးလားဟု စောဒကတက်ကြသည်။ ဆေးဝါးများတွင် မူလကတည်းက လူအတွက် အန္တရာယ်မရှိသော လိုအပ်သည့် အတိုင်းအတာပမာဏကိုသာ ထည့်သွင်းပေးထားခြင်း ဖြစ်ပါသည်။ အန္တရာယ်ဖြစ်စေနိုင်စရာအကြောင်း မရှိပါ။
ကျွန်တော်တင်ပြလိုသည်မှာ အင်္ဂလိပ်ဆေးနှင့် အချဉ်မတည့်ဆိုသည်မှာ အယူအဆအမှားတစ်ခုသာ ဖြစ်ပါသည်။ အင်္ဂလိပ်ဆေးတချို့နှင့် ဓာတ်မတည့်သည့် ဥပမာတချို့ကို တင်ပြပေးပါမည်။ အရက်နှင့် တချို့အင်္ဂလိပ်ဆေးမတည့်ပါ။ ဤသည်မှာ အမှန်ဖြစ်ပါသည်။ လူတစ်ယောက် အရက်အလွန်အကျွံသောက်လျှင် အမူးလွန်သွားနိုင်သည်။ အိပ်ဆေးအသောက်များလျှင်လည်း မူးဝေပြီး အိပ်ရာမှ မထချင်ဘဲ ဖြစ်နေတတ်သည်။ အရက်နှင့် အိပ်ဆေးတွဲသောက်မိလျှင် အသက်အန္တရာယ်ဖြစ်စေနိုင်သည်။
အရက်နှင့်အိပ်ဆေးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အားကူလှုံ့ဆော်မှုပြုကြသည်။ အရက်နှင့် မက်ထရိုနိုက်ဒဇော် (မက်ထရို) Metronidazole အကြောင်းမှာ Metronidazole မက်ထရိုနိုက်ဒဇောဆေးမှာ အရက်ဖြတ်ဆေးကဲ့သို့ အာနိသင်ရှိသောကြောင့်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရသော် အင်္ဂလိပ်ဆေးနှင့် အချဉ်မတည့်ဟူသော အယူအဆအမှားကို မေ့ဖျောက်သင့်ပြီဖြစ်ပါသည်။ အချဉ်စားထားသူလည်း ဆေးထိုးနိုင်ပါသည်။ အချဉ်စားပြီးလျှင်လည်း ဆေးသောက်နိုင်ပါသည်။
အင်္ဂလိပ်ဆေးနှင့်အချဉ် တည့်ပါသည်။
အရက်နှင့် တချို့အင်္ဂလိပ်ဆေးများ မတည့်ပါ။
.
Author … Dr.အေးကျော်,
အယူအဆမှားများနှင့်သိမှတ်ဖွယ်ရာများ

Comments
Post a Comment