တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ

 တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ......

ဗုဒ္ဓမြတ်စွာသည် ဘုရားဖြစ်တော်မူပြီး ( ၇ ) ဝါ မြောက်ဝါဆိုခါနီးတွင် သာ၀တ္ထိမြို့ကဏ္ဍသရက်

ဥယျာဉ်အတွင်း၌ တိတ္ထိများနှင့် တန်ခိုးပြိုင်မည်ဟု ကြေညာတော်မူကာ ရေမီး အစုံစုံတန်ခိုး ပြာဋိဟာတို့ကို ပြတော်မူခဲ့သည်။

ဃရဏီ မည်သော အနာဂါမ် ဥပါသိကာမ၊

စူဠအနာထပိဏ် မည်သော အနာဂါမ် ဥပါသကာ၊ ပဋိသမ္ဘိဒါပတ္တစီရ မည်သော ရဟန္တာ သာမဏေမ၊

စုန္ဒမည်သော ရဟန္တာကိုရင်လေး၊ 

ဘိက္ခုနီ လက်ဝဲတော်ရံ တန်ခိုးအရာ 

ဧတဒဂ်ရ ရဟန္တာမ ဥပ္ပလ၀ဏ္ဏာနှင့် 

လက်ဝဲတော်ရံ အရှင်မဟာ မောဂ္ဂလာန် မထေရ် 

တို့က ဘုရားရှင်ကိုယ်တော်အစား တိတ္ထိ တို့နှင့် 

တန်ခိုး ပြိုင်ပါမည်ဟု လျောက်ထားကြသည်၊

သို့သော်လည်း ဘုရားရှင်သည် ဤနေရာတွင် ငါဘုရား၏ တာ၀န်ဖြစ်သည်၊ သင်တို့နှင့်

မသက်ဆိုင်ပါ၊ တကယ်အရေးကြုံလာလျှင် 

ငါဘုရား ထမ်းဆောင်ရမည့် တာ၀န်ကို မည်သူ

တဦးတယောက်ကမှ  မထမ်းဆောင်နိုင်ကြပေဘူး 

ဟု မိန့်မြွက်တော်မူကာ ကဏှဥသဘ

ဇာတ်တော် ( ဇာ ဋ္ဌ ၁၊ ၁၊ ၁၉ ) နှင့် နန္ဒိဝိသာလဘုရား အလောင်း နွားလားဥဿဘ ဇာတ်တော်

တို့ကိုဟောကြားတော်မူကာ တပည့်ပရိသတ်များကို ဖြေသိမ့်ပေးတော်မူခဲ့သည်။

ထို့နောက်တွင်တော့ ကိုယ်တော်တိုင် 

တေဇောကသိုဏ်း သမာပတ်၏ အစွမ်းဖြင့်

ခန္ဓာကိုယ်အောက်ပိုင်းမှ မီးတောက်အလျံများ ထွက်နေသော်လည်း ကိုယ်တော်အထက်ပိုင်းမှ အာပေါကသိုဏ်း သမာပတ်၏ အစွမ်းဖြင့် 

ရေအလျံများ ထွက်ကျနေအောင် တန်ခိုးအမျိုးမျိုး 

ကိုဖန်ဆင်းပြတော်မူသည်၊ ခန္ဓာကိုယ်နောက်ပိုင်း မှ ရေအလျံများကျနေလျှင် ရှေ့ပိုင်းကိုယ်မှမီးတောက်

များ ထွက်နေအောင် ဖန်ဆင်းပြတော်မူခဲ့သည်၊ ပရိသတ်ထဲ မှ တယောက်ချင်းစီ၏ စိတ်အလိုကို ကြည့်တော်မူကာ သူတို့စိတ်အလိုကျ မြင်ချင်သလို တန်ခိုးအမျိုးအစားကိုဖန်ဆင်းတော်မူပြီး 

နှုတ်တော်မှလည်း တရားဟောတော်မူသည်။


ဘုရားရှင်၏ စိတ်ဖြစ်စဉ် လျင်မြန်လွန်းသောကြောင့် ကသိုဏ်းစျာန်များကို နိုင်နိုင်နင်းနင်း ၀င်စားကာ တန်ခိုးတော်တို့ကို တမျိုးပြီးတမျိုး မရိုးနိုင်အောင် ဖန်ဆင်းနေသည်ကို ကြည့်ရှုဖူးမြင်ရသူ

လူအပေါင်းတို့၏ စိတ်ထဲတွင် တပြိုင်နက်တည်း ရေရော မီးရော ထွက်နေသယောင်

ထင်မှတ်နေကြရသည်။ ဤကား ဘုရားရှင်၏ တိတ္ထိတို့နှင့် တန်ခိုးပြိုင်စဉ်မြင်ကွင်း

တစ်ချို့ ဖြစ်ပါသည်။ ထိုအချိန်မှစ၍ တိတ္ထိတို့လဲ 

ကစဉ့်ကလျား ဖရိုမရဲ ထွက်ပြေးကြကာ

ပုရာဏကဿပ သည်ကား မိမိလည်ပင်းတွင် 

သဲအိုးကို ကြိုးချည်ဆွဲကာ မြစ်ထဲခုန်ချပြီး

ဘ၀နိဂုံး အဆုံးသတ်သွားသည်ဟူ၏၊ 

ယနေ့အထိ အဝီစိငရဲမှာ ရှိနေသည်ဟု ဆိုပါသည်။


ရေမီး အစုံစုံသော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူပြီး သည်နှင့် တပြိုင်နက် ညာဖက်ခြေဖဝါးကိုလှမ်းကာ ယုဂန္ဓိုရ်တောင်ထိပ်ပေါ်နင်းပြီး၊ ဘယ်ဖက်ခြေလှမ်းကို မြင့်မိုရ်တောင်ထိပ်တွင် ချတော်မူသည်၊ 

ထို့နောက် တာ၀တိံသာနတ်ပြည် ပင်လယ်ကသစ်ပင် ခြေရင်းမှ သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာ ထက်တွင် ထိုင်တော်မူကာ လူ့ဘ၀ကမယ်တော် 

ဖြစ်ခဲ့ဖူးသော မယ်တော်မာယာ တဖြစ်လဲ 

သန္တုဿိတနတ်သား အမှူးပြုသော နတ် ဗြဟ္မာများ အား အဘိဓမ္မာပဋ္ဌာန်းတရားတော်ကြီးကို 

အကျယ်တ၀င့် ဟောပြတော်မူခဲ့သည်။


မြတ်စွာဘုရားရှင်သည် တာ၀တိံသာနတ်ပြည်တွင် ဝါတွင်းသုံးလပတ်လုံး နေ့မနား ညမနား

ပဋ္ဌာန်းတရားတော်ကို ဟောကြားတော်မူရာတွင် 

နတ်တို့အတွက် မိနစ်ပိုင်းမျှ ဖြစ်သော်လည်း

လူသားဖြစ်သော ဘုရားရှင်အတွက်မူ အစာ 

အာဟာရ မဘုန်းပေးပဲ မဖြစ်နိုင်ရကား ပုံတူနိမ္မိတ

ဘုရားရှင်ကို ဖန်ဆင်းပြီး တရားကို ဒီနေရာမှ ဒီနေရာ အထိ ဟောခဲ့စေသတည်းဟု အဓိဋ္ဌာန်ကာ ကိုယ်တော်တိုင်က မြောက်ကျွန်းအနောတတ္တ 

ရေအိုင်သို့ကြွကာ ဆွမ်းဘုန်းပေးတော်မူပြီး

တဖန်ပြန်လည် ဟောကြားတော်မူခဲ့သည်၊ 

နတ်ဗြဟ္မာတို့၏စိတ်တွင်ကား ဘုရားရှင်တပါးတည်း ဟောကြားနေသည်ဟု မှတ်ထင်နေကြ၏၊ 

ပြန်ရောက်ပါမှ တရားတော်ကို ရောက်သည့်နေရာမှ ဆက်လက်ဟောကြားတော်မူသည်။


အရှင်သာရိပုတ္တရာသည်လည်း လူ့ပြည်မှတက်ကာ ဘုရားရှင် ဆွမ်းဘုန်းပေးနေစဉ်အတွင်း

၀တ်ကြီး၀တ်ငယ်ကို ပြုစုပေးတော်မူ၏၊ ထိုအချိန် လေးအတွင်းမှာပင် သာရိပုတ္တရာ ငါဘုရားကတော့ ဒီနေ့မှာ အဘိဓမ္မာတရားကို ဒီနေရာကနေ ဒီနေရာ အထိဘယ်လို ဘယ်လိုဟောထားခဲ့တယ် ဆိုပြီး အကျဉ်းဆုံးနည်းကို လမ်းပြညွှန်တော်မူ၏၊ 

ထိုအကျဉ်းဆုံးကိုပင် အရှင်သာရိပုတ္တရာကလည်း 

သူဉာဏ်ရှိသလိုချဲ့ထွင်ကာ ရှေးအခါက လင်းနို့သား ငါးရာအဖြစ်ဖြင့် အဘိဓမ္မာတရားကို နာဖူးခဲ့သော 

ပါရမီအထုံရှိခဲ့သည့် တပည့်သားရဟန်း 

နောက်လိုက်ငါးရာကိုတဆင့် ပြန်လည်ဟောကြား ခဲ့သည်။ 

(ထိုရဟန်းများသည် ဝါမဆိုခင်အချိန်က ဘုရားရှင် တန်ခိုးပြသည်ကို ကြည်ညိုကာ သာသနာ့ဘောင် ၀င်ရောက်ခဲ့ကြသော လူဒကာများဖြစ်ကြ၏ )


သီတင်းကျွတ် လပြည့်နေ့၏ မြင်ကွင်းများ......


ဗုဒ္ဓမြတ်စွာသည် အဘိဓမ္မာတရားတော်ကို 

ဟောပြီးသည့်အခါ အရှင်မောဂ္ဂလာန်က နတ်ပြည်

တက်လာကာ မြတ်စွာဘုရား လူ့ပြည်မှာ 

ဘယ်နေရာမှာ ဆင်းသက်ပါမလဲ ဘုရား

ဟု လျောက်ထားသောကြောင့် .. ငါ၏ သားကြီး လက်ယာတော်ရံ သာရိပုတ္တရာနှင့် တပည့်ငါးရာ ရှိနေရာ သင်္ကဿမြို့ကိုဆင်းတော်မူမယ်၊ သို့သော် လည်း ယခုလက်ရှိ သာ၀တ္ထိကပရိသတ်တွေ 

အားလုံးကို တန်ခိုးတော်နဲ့ မနက်ခင်းမှာ ကျောင်းကို ဥပုသ်စောင့်သွားကြသလို သင်္ကဿမြို့ကို 

ခေါ်စေမယ်ဟု မိန့်တော်မူသည်။ 


ထိုသို့ဆင်းသက်စဉ် သိကြားမင်းသည် စောင်းတန်းသုံးမျိုးဖန်ဆင်းကာ

အလယ်ပတ္တမြားစောင်းတန်းမှ ဆင်းသက်တော်မူ သည်။ ဗြဟ္မာပရိသတ်များက ဘုရားရှင်၏ လက်ဝဲဘက် ငွေစောင်းတန်းမှလည်းကောင်း၊ 

နတ်ပရိသတ်များက လက်ယာဘက်ရွှေစောင်းတန်း မှ လည်းကောင်း၊ ပဉ္စသီခနတ်သားက ဘုရားရှင်၏ လက်ယာဘက်မှ ဗေလု၀နတ်စောင်းကို တီးခတ်ကာ ဂုဏ်တော်တို့ကို ရွတ်ဆိုသီကြူးလျက်လည်းကောင်း၊ မာတလိနတ်သားက လက်ဝဲဘက်မှ နတ်ပန်းနံ့သာ များ ကြဲချလျှက်လည်းကောင်း၊ ဗြဟ္မာ့ပြည်မှ တန်ခိုး

အကြီးဆုံး မဟာဗြဟ္မာကြီးသည် ဘုရားရှင်အား 

ထီးမိုးလျှက်လည်းကောင်း၊ သုယာမနတ်မင်းကြီး သည် ဘုရားရှင်အား သားမြီးယပ်ခပ်ပေးလျှက် လည်းကောင်း ကြည်နူးမဆုံးနိုင်သော 

အသရေတော်ဖြင့် ရတနာစောင်းတန်း အသီးသီးမှ ဆင်းသက်တော်မူခဲ့သည်။


အထူးခြားဆုံးကား လူတွေ နတ်တွေ ဗြဟ္မာတွေအားလုံး တယောက်မျက်နှာ တစ်ယောက် မြင်နိုင်ကြခြင်း ဖြစ်ရကား အတွေးဖြင့် မြင်ယောင် ကြည့်သည်ကပင် တော်တော်ပီတိ ဖြစ်စရာကောင်း ပါလိမ့်မည်။ ထို့ကြောင့်လည်း မြင်သမျှ ပရိသတ်များ က ဆီမီးမျိုးစုံထွန်းညှိကာ ပူဇော်ကြိုဆို နေကြရကား အားကျကြည်ညိုသောကြောင့် ဘုရားဆုတောင်း ကြခြင်းများလည်း ဖြစ်နိုင်ပါသည်။

ဘုရားရှင် တာ၀တိံသာနတ်ပြည်မှ အဆင်းတွင် ပရိသတ်အားလုံးတို့အား တရားဟောတော်မူရာ

လင်းနို့သားငါးရာဖြစ်ဖူးသော ရဟန်းငါးရာ ရဟန္တာ ဖြစ်တော်မူကြသည်၊ နောက်တဖန် ဘုရားရှင်၏

သင်္ကဿမြို့၌ လက်ယာဘက်ခြေချမိရာ ဋ္ဌာနတွင် ဘုရားအားလုံးတို့ မစွန့်လွှတ်ရာ နေရာတစ်ခု 

ဖြစ်သော အဝိဇဟိတဋ္ဌာနအဖြစ် အစလစေတီ ဟု ယနေ့တိုင် ခေါ်ဝေါ်နေကြဆဲဖြစ်သည်။


ဤသို့သော အဖြစ်အပျက်များကို လေ့လာခြင်းဖြင့် သီတင်းကျွတ် လပြည့်နေ့တွင် သံဃာတော်များက ပဝါရဏာပြုရန် စုဝေးကြရခြင်း၊ ဗုဒ္ဓဘာသာ၀င် အားလုံးတို့သည်လည်း ဘုရားရှင်အား ဆီမီးမျိုးစုံ ဖြင့် ပူဇော်ခြင်း၊ အဘိဓမ္မာပဋ္ဌာန်း တရားတော်ဖြင့် ရွတ်ဖတ် ပူဇော်ကြခြင်းဖြင့် ကောင်းမြတ်သော

အထွဋ်အမြတ်ဖြစ်သော ဘုရားရှင်၏ ဂုဏ်တော် 

တို့ကို အာရုံပြုကာ အထူးတလည် ကြည်ညိုစရာ နေ့ထူးနေ့မြတ် တနေ့သာဖြစ်ပါတော့သည်။


_

အရှင်သုနန္ဒာလင်္ကာရ M.A (ပန်းကမ္ဘာ)


Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)