အမွေမမီ မြေးများက အဘိုး၊ အဘွားထံက အမွေရပြီးနောက်၏ ဖခင်ရဲ့ညီမ မွေးစားအမေဆီကကော အမွေတောင်းခံနိုင်သလား

အမွေမမီမြေးများ
မြေးများတွင် ‘အမွေမီမြေး’၊ ‘အမွေမမီမြေး’ဟူ၍ နှစ်မျိုးရှိပါတယ်။ ‘အမွေမီမြေး’ဆိုတာ ၄င်းတို့၏မိဘ များသည် ဘိုးဘွားများ သေဆုံးကြပြီး နောက်မှသေဆုံး ကြသဖြင့် ‘အမွေမီမြေး’ဟု ခေါ်ဆိုကြပါတယ်။ ‘အမွေမမီမြေး’ကတော့ ၄င်းတို့၏မိဘများသည် ဘိုးဘွား တစ်ယောက်ဖြစ်စေ၊ နှစ်ယောက်စလုံးဖြစ်စေ၊ မသေမီ၊ ရှေးဦးစွာ သေဆုံးကြသဖြင့် ‘အမွေမမီမြေး’ဟု ခေါ်ကြ ပါတယ်။ (ဖိုးမွန်နှင့် မောင်တင်၊ ၈ အယ်ဘီအာ- ၁၁၃)
အမွေဆက်ခံခွင့်ကိစ္စ
‘အမွေမမီမြေး’တို့၏အခွင့်အရေးမှာ ‘အမွေမီ မြေး’များကဲ့သို့ မဟုတ်ပါ။ ‘အမွေမမီမြေး’တို့သည် မိဘများ ရရှိသင့်သည့် အခွင့်အနေအလျောက် မိဘ ကိုယ်စား အမွေဆက်ခံရရှိခြင်းမဟုတ်ပါ။ မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေးများအဖြစ် တစ်ဦးချင်းအနေနှင့် အမွေဆက်ခံခြင်း ဖြစ်ပါတယ်။ (ဦးမြင့်သော်ပါ ၇ နှင့် မောင်ဇင်လင်းပါ ၃၊ ၁၉၉၈ မတစ စာ ၂၂၇)

လင်ပါ မယားပါ မြေးများရဲ့ အမွေဆက်ခံရေး
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်ပါမယားပါ မြေးများသည်လည်း အမွေဆက်ခံခွင့်ရှိပါတယ်။ လင်ပါ မယားပါမြေးသည် ဘိုးရင်း ဘွားရင်းထံမှ အမွေဆက်ခံ ခွင့်ရရှိပြီးသော်လည်း ဘိုးထွေး၊ ဘွားထွေးတို့ထံမှ အမွေဆက်ခံခွင့် မဆုံးရှုံးပါ။
ဘိုးထွေး၊ ဘွားထွေးများတွင် သားသမီးမရှိလျှင် လင်ပါ မယားပါ မြေးများသည် ပါရင်း ပစ္စည်းတစ်ဝက် နှင့် လက်ထက်ပွားပစ္စည်း၏ ရှစ်ပုံတစ်ပုံ ရခွင့်ရှိပါ တယ်။ (မမှန်နှင့် မငွေသင်၊ ၁ ရန်ကုန် ၃၄)
ကိတ္တိမသားသမီး
ကိတ္တိမသားသမီးများသည် မွေးစားမိဘ၏အမွေ ကို ဆက်ခံစေရန် ရည်ရွယ်၍ မွေးခြင်းဖြစ်၍ မွေးစား ခံရသူ (ကိတ္တိမ)အနေဖြင့် မိရင်း ဖရင်းထံမှ အမွေ ဆက်ခံခွင့် ဆုံးရှုံးသည်ဆိုသော ဥပဒေသမှာ မိရင်း ဖရင်းမကွယ်လွန်မီ သို့မဟုတ် မိရင်း ဖရင်း၏အမွေကို ဆက်ခံခွင့်မရမီ မွေးစားခြင်းပြုလုပ်သောကိစ္စရပ်များ နှင့်သာ ဆိုင်ပါတယ်။ မိရင်း ဖရင်းအမွေကို ဆက်ခံ ပြီးနောက်ပိုင်း မွေးစားပြုလုပ်တဲ့ကိစ္စမျိုးမှာ အကျုံးဝင် သက်ဆိုင်ခြင်းမရှိပါ။ မိရင်း ဖရင်း ကွယ်လွန်၍ မိရင်း ဖရင်းရဲ့အမွေကို ဆက်ခံခွင့်ရပြီးမှ မွေးစားခြင်းပြုလုပ် တဲ့ကိစ္စတွေမှာ၊ အမွေဆက်ခံခွင့်မှာ အပြီးအပိုင် ရရှိ သည့်အခွင့်အရေးဖြစ်သောကြောင့် ဆုံးရှုံးရန်အကြောင်း မရှိကြောင်း(ဦးအောင်ခင်နှင့် ဒေါ်ရင်လှပါ ၆၊ ၁၉၆၆ မတစ စာ-၈)မှာ ထုံးဖွဲ့ထားပါတယ်။
အမွေဆက်ခံခွင့်(၂)ကြိမ်နှင့် မီးသေပြဿနာ
သည်တစ်ပတ် ရေးသားတင်ပြလိုတဲ့ကိစ္စက ပထမမှု အမွေမှုမှာ အမွေမမီမြေးအဖြစ် အမွေဆက်ခံ ခွင့်ရရှိခဲ့တဲ့သူတစ်ဦးက နောက်တစ်မှုမှာ ဖခင်ရဲ့ ညီမ က မွေးစားမိခင်ဖြစ်ပြီး ၄င်းကို အမွေစား အမွေခံ အဖြစ် မွေးစားတဲ့အခါ မွေးစားမိခင်ရဲ့အမွေကိုကော ထပ်မံပြီး အမွေအဖြစ် ခံစားခွင့်ရှိသလား၊ ဒါမှမဟုတ် အခွင့်အရေးဟာ မီးသေဆုံးဖြတ်ချက်ဖြစ်သွားလို့ အမွေ ဆက်ခံဖို့ ဒုတိယအမှုကို တရားစွဲဆိုခွင့် ရှိ၊ မရှိဆိုတဲ့ ပြဿနာကို အကျယ်တဝင့် ဆုံးဖြတ်ခဲ့တဲ့အမှု ဖြစ်ပါ တယ်။ ဖတ်ရှုမှတ်သားသိသင့်သိထိုက်တဲ့စီရင်ချက် တစ်ရပ်ဖြစ်လို့ ရှာဖွေရေးသားတင်ပြလိုက်ရပါတယ်။
လေ့လာသင့်တဲ့ စီရင်ချက်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ၂၀၁၃ ခုနှစ် တရားမ အထူးအယူခံအမှု ၂၇၊ ဒေါ်မြင့်မြင့်လှပါ (၂) နှင့် ဒေါ်အုန်းအုန်း၊ ဒေါ်မြမြ၊ ဦးဇော်မင်းထွန်း(ခ)ဦးဇော် ထွန်းတို့အမှု ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က အမိန့်ချမှတ်ခဲ့တာပါ။
အမှုဖြစ်စဉ်
မြန်မာ၊ ဗုဒ္ဓဘာသာဝင် ကွယ်လွန်သူ ဦးဘတင် နှင့် ဒေါ်ကြည်တို့မှ သားသမီး ၉ ဦးထွန်းကားခဲ့ရာ (၁) ဦးကျော်လှ၊ (၂)ဦးသိန်းမောင်၊ (၃)ဒေါ်ခင်မေ၊ (၄) ဦးသိန်းအောင်၊ (၅)ဒေါ်ကြင်ကြင်၊ (၆)ဒေါ်တင်တင်၊ (၇)ဦးထွန်းကြိုင်၊ (၈)ဒေါ်မြမြ၊ (၉)ဒေါ်အုန်းအုန်းတို့ ဖြစ်ကြသည်။ တရားလိုများ၏ဖခင် ဦးကျော်လှသည် ၂၈-၁၀-၁၉၅၃ နေ့တွင် ကွယ်လွန်ခဲ့ပြီး မိခင် ဒေါ်မမကြီးမှာလည်း စိတ်ဝေဒနာရှင်ဖြစ်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ တရားလို ဒေါ်မြင့်မြင့်လှ သည် ၄၅ ရက် သမီးအရွယ်၊ တရားလို ဒေါ်အေးအေး လှသည် ၆ လသမီးအရွယ်ကပင် ဖခင်၏ညီမဖြစ်သူ ဒေါ်ကြင်ကြင်က အမွေစားအမွေခံသားသမီးအဖြစ် မွေး စားခဲ့သည်။ ဦးဘတင်နှင့် ဒေါ်ကြည်တို့ကွယ်လွန်စဉ် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်အ ကွက် အမှတ်(၆၂၆)၊ ဦးပိုင်(၁၁) (၁၂)ဘိုးဘွားပိုင် မြေကွက်များ ကျန်ရစ်ခဲ့ရာ ဒေါ်မြမြက တရားလိုပြုလုပ် ၍ မန္တလေးခရိုင်တရားရုံး၊ တရားမကြီးမှုအမှတ် ၁၁၆/ ၁၉၉၈ (ယခင်မန္တလေးတိုင်းတရားရုံး၊ တရားမကြီးမှု အမှတ် ၁၃၄/၁၉၉၆)တွင် အမွေပုံစံစီမံခန့်ခွဲပေးစေ လိုမှုစွဲဆိုခဲ့ရာ တရားလိုများက ၉ ပုံ ၁ ပုံ၊ ဒေါ်ကြင် ကြင်အပါအဝင် ကျန်မောင်နှများအားလုံးကလည်း ၉ ပုံ ၁ ပုံစီ အမွေရရှိခဲ့ကြသည်။ တရားလိုများ၏ မွေး စားမိခင် ဒေါ်ကြင်ကြင်သည် ၆-၆-၂၀ဝ၈ နေ့တွင် ကွယ်လွန်သောအခါ နောက်ဆက်တွဲပစ္စည်းစာရင်း (က) (ခ)ပါ ပစ္စည်းများကျန်ရစ်ကြောင်း၊ ဒေါ်မြမြကို ဒေါ်တင်တင်က ၂၅-၈-၁၉၉၅ ရက်တွင် မှတ်ပုံတင် စာချုပ်အမှတ် ၇၁/၁၉၉၅ ဖြင့် ကိတ္တိမသမီးအဖြစ် မွေးစားခဲ့သဖြင့် ဒေါ်မြမြသည် မွေးချင်းမောင်နှမများ၏ အမွေကိုရထိုက်ခွင့်မရှိကြောင်း၊ ဒေါ်မြမြသည် ဦးသိန်း မောင်၊ ဒေါ်ကြင်ကြင်နှင့် ဒေါ်တင်တင်တို့ပိုင်ဆိုင်သည့် အမွေကို ၄င်းတို့ခွဲဝေရထိုက်ကြောင်းဖြင့် မန္တလေးတိုင်း တရားရုံး၊ တရားမကြီးမှုအမှတ် ၃၅၂/၂၀ဝ၈ ဖြင့် လည်းကောင်း၊ ဒေါ်တင်တင်၏ အပတိဋ္ဌမွေးစားသား ဟုဆိုကာ ဦးဇော်မင်းထွန်းက တရားမကြီးမှုအမှတ် ၁၇၆/၂၀ဝ၉ ဖြင့် အမွေပုံစီမံခန့်ခွဲပေးစေလိုမှုကိုလည်း ကောင်း၊ တရားလိုများမပါဘဲ စွဲဆိုခဲ့ကြကြောင်း ဒေါ် အုန်းအုန်း (တရားပြိုင်-၁) သည်သာလျှင် အမွေရှင် ဒေါ်ကြင်ကြင်၏ အမွေကို တရားလိုများနှင့် တစ်ဝက်စီ ရခွင့်ရှိကြောင်းဖြင့် တရားလိုများက အဆိုပြုစွဲဆိုသည်။
တရားပြိုင်အမှတ်(၁) ဒေါ်အုန်းအုန်းက မန္တလေး ခရိုင်တရားရုံး၊ တရားမကြီးမှုအမှတ် ၁၁၆/၁၉၉၈ တွင် တရားလိုများသည် ကွယ်လွန်သူ ဦးကျော်လှ၏ အမွေ စားအမွေခံသမီးများအဖြစ် ပါဝင်ပြီး အမွေခံစားခွင့်ရခဲ့ ပြီးဖြစ်၍ ထိုအမှု၏ဆုံးဖြတ်ချက်မှာ မီးသေဖြစ်ကြောင်း၊ ဒေါ်ကြင်ကြင်၏မွေးစားသမီးအဖြစ် စွဲဆိုခွင့်မရှိကြောင်း ဖြင့် ချေပသည်။
တရားပြိုင်အမှတ်(၂) ဒေါ်မြမြက တရားလိုများ သည် ဒေါ်ကြင်ကြင်၏ မွေးစားသမီးများမဟုတ်ကြောင်း ဒေါ်ကြင်ကြင်နှင့် ဒေါ်တင်တင်တို့ကျန်ရစ်သော ပစ္စည်း အရပ်ရပ်ကို ဒေါ်အုန်းအုန်းနှင့် ဒေါ်မြမြတို့နှစ်ဦးသာ ဆက်ဆံခွင့်ရှိကြောင်း၊ တရားလိုများသည် မန္တလေး ခရိုင်တရားရုံး၊ တရားမကြီးမှုအမှတ် ၁၁၆/၁၉၉၈ တွင် အမွေမမီမြေးများအနေဖြင့် အမွေဆက်ခံရရှိခဲ့ပြီးဖြစ်၍ ဒေါ်ကြင်ကြင်က မွေးစားခဲ့ခြင်းမှန်လျှင်ပင် ဒေါ်ကြင် ကြင်၏အမွေကို ရခွင့်မရှိကြောင်း၊ တရားစွဲရန်အကြောင်း မပေါ်ပေါက်ကြောင်းဖြင့် ချေပသည်။
တရားပြိုင်အမှတ်(၃) ဦးဇော်မင်းထွန်းက တရား မကြီးမှုအမှတ် ၁၁၆/၁၉၉၈ တွင် တရားလိုများပါဝင် ခဲ့၍ ထိုအမှု၏ဆုံးဖြတ်ချက်များသည် မီးသေဆုံးဖြတ် ချက်ဖြစ်ကြောင်း၊ ယခုအမှုကို ဤပုံစံအတိုင်း စွဲဆိုခွင့် မရှိကြောင်း၊ ကာလစည်းကမ်းသတ်ကျော်လွန်ကြောင်း ဖြင့် ချေပခဲ့ပါတယ်။
မူလရုံးဆုံးဖြတ်ချက်နှင့် အယူခံအဆင့်ဆင့်
မန္တလေးခရိုင်တရားရုံး၊ ၂၀၁၁ ခုနှစ်၊ တရားမ ကြီးမှုအမှတ် ၃၁၀ တွင် တရားလို ဒေါ်မြင့်မြင့်လှပါ (၂)ဦးတို့က တရားပြိုင် ဒေါ်အုန်းအုန်းပါ (၃)ဦးတို့အ ပေါ် အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုရာ တရား လိုများသည် ဤအမှုကို ဤပုံစံအတိုင်းစွဲဆိုပိုင်ခွင့်မ ရှိဆိုသည်မှာမှန်ကြောင်း ပဏာမငြင်းချက်ကို ဖြေဆို ပြီး တရားလိုများစွဲဆိုသောအမှုကို ပလပ်ခဲ့သည်။ အဆိုပါ စီရင်ချက်နှင့်ဒီကရီကို တရားလိုများက မန္တ လေးတိုင်းဒေသကြီးတရားလွှတ်တော်ချုပ်သို့ ၂၀၁၂ ခုနှစ်၊ တရားမပထမအယူခံမှုအမှတ် ၁၁ ဖြင့်လည်း ကောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ၂၀၁၂ ခုနှစ်၊ တရားမှုအယူခံမှုအမှတ် ၃၃၀ ဖြင့်လည်းကောင်း အဆင့်ဆင့် အယူခံသော်လည်း အောင်မြင်မှုမရရှိချေ။
အထူးအယူခံ
တရားလိုများက အထူးအယူခံဝင်ခွင့်ပြုရန် ၂၀၁၃ ခုနှစ်၊ တရားမအထွေထွေလျှောက်လွှာ(အထူး) အမှတ် ၂၁ တွင် လျှောက်ထားသောအခါ အောက် ပါပြဿနာကို ပြန်လည်စိစစ်ကြားနာနိုင်ရန် အထူးအ ယူခံဝင်ခွင့်ပြုခဲ့သည် –
‘မန္တလေးတိုင်း တရားရုံး၊ ၁၉၉၈ ခုနှစ်၊ တရား
မကြီးမှုအမှတ် ၁၁၆ တွင် ယခုအမှုမှ တရားလို
များသည် အမွေမမီမြေးများအဖြစ် ဖခင်အရင်း
ဖြစ်သည့် ကွယ်လွန်သူ ဦးကျော်လှ ရထိုက်သည့်
အမွေကို ဘိုးဘွားများထံမှ အမွေရထိုက်ခွင့်ရှိ ကြောင်း ကောက်ယူဆုံးဖြတ်ချက်သည် အဒေါ်
ဖြစ်သော ကွယ်လွန်သူ ဒေါ်ကြင်ကြင်၏ အပတိဌ သမီးများအဖြစ် အမွေတောင်းခံတရားစွဲဆိုသည့်
ယခုအမှုအတွက် မီးသေဆုံးဖြတ်ချက်ဖြစ်ကြောင်း၊
တရားလိုများသည် ယခုအမှုကိုစွဲဆိုရန် အခွင့်အ
ရေးမရှိတော့ကြောင်း သုံးသပ်၍ တရားလိုစွဲဆို သော အမှုကိုပလပ်ခဲ့သည့်မန္တလေးခရိုင်တရားရုံး၏ ဒီကရီကိုအတည်ပြုခဲ့သော မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်၏ ဒီကရီကိုဆက် လက်အတည်ပြုခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဒီကရီသည် ဥပဒေအရ မှန်ကန်ခြင်း ရှိ မရှိ’
ဟူသော ပြဿနာဖြင့် အထူး အယူခံဝင်ခွင့်ပြုခဲ့ကြောင်း တွေ့ရှိရပါတယ်။
အယူခံတရားလိုများ (ဒေါ်မြင့်မြင့်လှ၊ ဒေါ်အေးအေးလှ)တို့ဘက်က တင်ပြချက်
အယူခံတရားလိုများ၏ရှေ့နေက ယခင်မန္တလေး တိုင်းတရားရုံး၊ ၁၉၉၈ ခုနှစ်၊ တရားမကြီးမှုအမှတ် ၁၁၆ တွင် အယူခံတရားလိုများက ဖခင်ဦးကျော်လှ၏ အမွေကိုဆက်ခံခြင်းမဟုတ်ဘဲ ဦးကျော်လှ၏ မိဘများ ဖြစ်သော အမွေရှင် ဦးဘတင်၊ ဒေါ်ကြည်တို့၏ အမွေကို ဩရသသားကြီးမှ မွေးဖွားသည့်အမွေမမီမြေး များအဖြစ် ကိုယ်ပိုင်အခွင့်အရေးအရ ဘိုးဘွား၏အမွေ ကို ဆက်ခံရရှိခြင်းဖြစ်ကြောင်း၊ ယခုအမှုမှာ ဖခင်၏ ညီမဒေါ်ကြင်ကြင်က အမွေစားအမွေခံသမီးများအဖြစ် မွေးစားခဲ့သည့်အတွက် မွေးစားမိခင်ဒေါ်ကြင်ကြင် ကွယ်လွန်သည့်အခါ အပတိဋ္ဌသမီးများအဖြစ် အမွေ ခွဲဝေပေးရန် တရားစွဲဆိုခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခင်အမှုတွင် အငြင်းပွားသောအကြောင်းအရာမှာ အမွေရှင်ဦးဘတင်၊ ဒေါ်ကြည်တို့၏အမွေဆိုင်ပစ္စည်းများ နှင့်ယင်းပစ္စည်းများတွင် အမွေခံများ၏အမွေခံစားခွင့် တို့အပေါ် ဆုံးဖြတ်ရခြင်းဖြစ်ပြီး၊ ယခုအမှုတွင် အငြင်း ပွားသောအကြောင်းအရာမှာ အမွေရှင်ဒေါ်ကြင်ကြင်၏ အမွေဆိုင်ပစ္စည်းများတွင် အမွေခံများ၏ အမွေခံစား ခွင့်အပေါ် ဆုံးဖြတ်ရန်ဖြစ်သည့်အတွက် အငြင်းပွားအ ကြောင်းအရာချင်းမတူကြောင်း၊ ယခင်အမှုနှင့် ယခု အမှုတို့သည် အမှုသည်တူညီခြင်းမှအပ အငြင်းပွားအ ကြောင်းခြင်းရာတူညီခြင်း မရှိ၊ ဆိုင်ရေးဆိုင်ခွင့် တစ် ရပ်တည်းအရ တရားဆိုင်ခဲ့ခြင်းလည်းမဟုတ်၊ ယခု အမှုအတွက် အကြောင်းခြင်းရာမပေါ်ပေါက်သေး သဖြင့် ယခင်အမှုတွင် အပြီးသတ်ဆုံးဖြတ်ခဲ့ခြင်းလည်း မရှိသောကြောင့် တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁ ပါ မီးသေခြင်းဆိုင်ရာဥပဒေသနှင့် ညီညွတ်ခြင်းမရှိသဖြင့် မီးသေဆုံးဖြတ်ချက်မဖြစ်ကြောင်း၊ ဒေါ်သန်းသန်းပါ (၃)နှင့် ဒေါ်တီပါ(၃) အမှု ၁၉၉၀ ပြည့်နှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ-၁၃၁၊ ကို ကိုးကားတင်ပြကြောင်း၊ ယခုအမှုမှတရားလိုများသည် မတူညီသည့် အမွေဆက် ခံခွင့်နှစ်ကြိမ်ရရှိခြင်းကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ မွေးစားသားသမီးများသည် မိဘရင်းထံမှ အမွေဆက် ခံခွင့်ဆုံးရှုံးသည်ဆိုသော မောင်ပန်ပါ(၂)နှင့် မညှီပါ (၂) အမှု ၂ ယူဘီအာ၊ ၁၈၉၇-ဝ၁ စာ-၁၀၄- ကို ကိုးကားဆုံးဖြတ်ခဲ့ခြင်းသည် မှားယွင်းကြောင်း၊ ယခင် အမှုဖြစ်ပွားချိန်တွင် အမွေရှင်ဒေါ်ကြင်ကြင်သည် သက် ရှိထင်ရှားဖြစ်၍ ဒေါ်ကြင်ကြင်၏ အမွေဆက်ခံ ခွင့်နှင့်ပတ်သက်၍ ပေါ်ပေါက်ခြင်းမရှိသည့်အတွက် ယခင်အမှုတွင် တင်ပြရန်အကြောင်းမပေါ်ပေါက် ကြောင်း၊ သို့ဖြစ်၍ ဒေါ်ကြင်ကြင်၏အမွေကို ဆက်ခံ ခွင့်နှင့်ပတ်သက်၍ မည်သည့်တရားရုံးကမျှ အဆုံး အဖြတ်မပြုရသေးသဖြင့် အပြီးသတ်ဆုံးဖြတ်ချက်မ ရှိကြောင်း၊ ယခင်အမှုတွင်လည်း ယခုအမှုမှ တရား လိုများသည် အမှုသည်အဖြစ် ပါဝင်ခြင်းမရှိပါက အမှု သည်မစုံမလင်သဖြင့် အဆိုပါအမှုကို အဆုံးအဖြတ်ပေး ၍ ရမည်မဟုတ်ကြောင်း၊ သို့ဖြစ်၍ အယူခံတရားလို များသည် ဤအမှုကို ဤပုံစံအတိုင်း စွဲဆိုခွင့်ရှိကြောင်း၊ ဤအထူးအယူခံမှုကို ခွင့်ပြုသင့်ကြောင်းဖြင့် လျှောက် လဲတင်ပြကြောင်း တွေ့ရှိရပါတယ်။
အယူခံတရားပြိုင်ရှေ့နေများတင်ပြချက်
အယူခံတရားပြိုင် (၁)ဒေါ်အုန်းအုန်း၊ (၂)ဒေါ်မြမြ တို့ဘက်ကလည်း ဤအထူးအယူခံကို ပလပ်သင့် ကြောင်း တင်ပြခဲ့ကြပါတယ်။
အယူခံတရားပြိုင်(၃) ရှေ့နေတင်ပြချက်
၎င်းတို့ရဲ့တင်ပြချက်က စိတ်ဝင်စားစရာကောင်းလို့ အသေးစိတ်ဖော်ပြပါမယ်။
အယူခံတရားပြိုင်အမှတ် (၃)၏ ရှေ့နေက အယူ ခံတရားလိုများသည် ဖခင်ရင်းဦးကျော်လှကွယ်လွန်သည့် အတွက် အချင်းဖြစ်မြေတွင် အမွေဝေစု ၉ ပုံ ၁ ပုံ ခံစားခဲ့ပြီးကြောင်း အငြင်းမပွားကြောင်း၊ ထို့ကြောင့် အယူခံတရားလိုများသည် မိရင်းဖရင်း၏အမွေဝေစုရော အပတိဋ္ဌ၏ အမွေဝေစုကိုပါ နှစ်မျိုးလုံးခံစားခွင့်ရှိသည့် အတွက် ဤပုံစံအတိုင်းစွဲဆိုခွင့်မရှိကြောင်း၊ ယခင်အမှု တွင် အယူခံတရားလိုများသည် ဦးဘတင်၊ ဒေါ်ကြည် တို့၏ အမွေမမီမြေးများဖြစ်ကြောင်း ဝန်ခံခဲ့ပြီးနောက် ယခုတဖန်ဒေါ်ကြင်ကြင်က ၄င်းတို့ကို မွေးစအရွယ်မှ မွေးစားခဲ့၍ ဒေါ်ကြင်ကြင်၏အမွေကို ဆက်ခံလိုသော အကြောင်းအရာသည် ယခင်အမှုတွင် ဝန်ခံထားသည့် အချက်နှင့်ဆန့်ကျင်လျက်ရှိကြောင်း၊ ထို့ကြောင့် တရား မကျင့်ထုံးဥပဒေပုဒ်မ ၁၁ က ပိတ်ပင်လျက်ရှိကြောင်း၊ မောင်ခက်နှင့်မရင် အမှု ၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ-၂၇ တွင် မွေးစားသားသမီးများ သည် မိရင်းဖရင်းထံမှ အမွေဆက်ခံခွင့်ဆုံးရှုံးကြောင်း၊ မိရင်းဖရင်းထံမှ အမွေဆက်ခံခွင့်ရရှိပြီးသော သားသမီး သည် ထပ်မံအမွေဆက်ခံရန် မွေးစားမိဘပေါ်ပေါက်ရန် အကြောင်းမရှိဟု ထုံးဖွဲ့ထားကြောင်း၊ ထို့ကြောင့် ဤ အထူးအယူခံမှုကို ပလပ်သင့်ကြောင်းဖြင့် လျှောက်လဲ တင်ပြခဲ့ပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ သုံးသပ်ချက်
ယခု ဒေါ်မြင့်မြင့်လှပါ ၂ ဦးက စွဲဆိုသော အမွေ ပုံစီမံခန့်ခွဲပေးစေလိုမှုမှာ အမွေရှင် ဒေါ်ကြင်ကြင် ကျန် ရစ်ခဲ့သည့် အမွေပုံပစ္စည်းများကို စီမံခန့်ခွဲပေးစေလိုမှု စွဲဆိုခြင်းဖြစ်သည်။ ထို့ကြောင့် မန္တလေးတိုင်းတရားရုံး၊ ၁၉၉၈ ခုနှစ်၊ တရားမကြီးမှုအမှတ် ၁၁၆ တွင် စီ ရင်ဆုံးဖြတ်ခဲ့သော အမွေရှင် ဦးဘတင်၊ ဒေါ်ကြင်တို့ ကျန်ရစ်သည့် အမွေပုံပစ္စည်းနှင့် တူညီခြင်းမရှိချေ။ အ ငြင်ပွားသောအမွေပုံပစ္စည်းချင်းမတူညီသည့်အပြင် အမွေဆက်ခံခွင့် အခွင့်အရေးများ၊ အမွေဝေစုအချိုး များလည်း တူညီခြင်းမရှိချေ။
မန္တလေးတိုင်းတရားရုံး၊ ၁၉၉၈ ခုနှစ်၊ တရားမ ကြီးမှုအမှတ် ၁၁၆ တွင် ဆုံးဖြတ်ခဲ့သည့် အငြင်းပွား သောအကြောင်းအရာသည် တရားလိုများ၏ ဘိုးဘွား များရန်ရစ်သည့် အမွေပုံပစ္စည်းနှင့် သက်ဆိုင်ပြီး ယခု အမှုမှာ တရားလိုများ၏မွေစားမိခင် ဒေါ်ကြင်ကြင်၏ အမွေပုံပစ္စည်းနှင့်သက်ဆိုင်သဖြင့် ဆုံးဖြတ်ရမည့်အ ငြင်းပွားအကြောင်းအရာချင်း တူညီမှုမရှိချေ။ ယခင် ၁၉၉၈ ခုနှစ်၊ တရားမကြီးမှုအမှတ် ၁၁၆ တွင် ကြား နာ၍ ဆုံးဖြတ်စဉ်က ယခုအမှုမှ အမွေရှင်ဒေါ်ကြင် ကြင်သည် သက်ရှိထင်ရှားရှိသည့်အတွက် ယခုအငြင်း ပွားသည့် ဒေါ်ကြင်ကြင်၏အမွေပုံပစ္စည်းဟူသော အကြောင်းချင်းရာသည် အလျဉ်းပေါ်ပေါက်ခြင်းမရှိသေး ချေ။ ထို့ကြောင့် ဒေါ်ကြင်ကြင်ကျန်ရစ်သော အမွေပုံ ပစ္စည်းဆိုသည့် အငြင်းပွားအကြောင်းအရာကို ယခင် ၁၉၉၈ ခုနှစ်၊ တရားမကြီးမှုအမှတ် ၁၁၆ တွင် အဆုံး အဖြတ်ပြုနိုင်ခြင်းမရှိသည်မှာ ထင်ရှားသည်။ ယခင် ၁၉၉၈ ခုနှစ်၊ တရားမကြီးမှုအမှတ် ၁၁၆ ၏ ဆုံးဖြတ် ချက်သည် ယခုအမှုအတွက် မီးသေဆုံးဖြတ်ဖြစ်ရန် အကြောင်းမရှိချေ။ တရားမကျင့်ထုံးဥပေဒပုဒ်မ ၁၁ တွင် ပြဋ္ဌာန်းထားသည့် မီးသေဆုံးဖြတ်ချက်နှင့် အကျုံး ဝင်ရန် အောက်ပါအချက်များနှင့် ညီညွတ်ရမည်ဟု မညိုညိုမြင့်(ခ)မလွင်လွင်မြင့်နှင့် ဒေါ်ခင်မာမာပါ ၂ အမှု ၂၀ဝ၀ ပြည့်နှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ -၁၀၅ တွင် ညွန်ပြသည်။
၁။ နောက်အမှုတွင် သို့မဟုတ် နောက်ငြင်းချက်
တွင် တိုက်ရိုက်အားဖြင့်လည်းကောင်း၊ အဓိက
အားဖြင့်လည်းကောင်း၊ အငြင်းပွားသော
အကြောင်းအရာသည် ယခင်အမှုတွင် အငြင်းပွားသောအကြောင်းအရာနှင့်တူရမည်။
၂။ ယခင်အမှုမှ တူသောအမှုသည်များ သို့မ
ဟုတ် ၄င်းအမှုသည်တို့ကို ဆက်ဆံအရေးဆိုသူ
များ သို့မဟုတ် ဆက်ခံအရေးဆိုသူများအနက်
တစ်ဦးဦးတို့အကြားပေါ်ပေါက်သည့်အမှုဖြစ်ရမည်။
၃။ ဆိုခဲ့သောအမှုသည်များသည် ယခင်အမှုတွင်
ဆိုင်ရေးဆိုင်ခွင့်တစ်ရပ်တည်းအရ တရားဆိုင်ခဲ့ ရမည်။
၎။ ယခင်အမှုကို ဆုံးဖြတ်ခဲ့သော တရားရုံးသည်
နောက်အမှုကို စီရင်ပိုင်ခွင့်ရှိရမည်။
၅။ နောက်အမှုတွင် တိုက်ရိုက်အားဖြင့်လည်း
ကောင်း၊ အဓိကအားဖြင့်လည်းကောင်း အငြင်း
ပွားသည့်အကြောင်းအရာကို ယခင်အမှုတွင် ကြားနာ၍ အပြီးသတ်ဆုံးဖြတ်ပြီးဖြစ်ရမည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယခင် တရားမကြီးမှုအမှတ် ၁၁၆/၁၉၉၈ တွင် ဒေါ်မြမြက တစ်ဖက်၊ ဒေါ်မြင့်မြင့်လှ၊ ဒေါ်အေးအေးလှနှင့် ဒေါ် အုန်းအုန်းတို့က တစ်ဖက်အမွေရှင် မတူသော်လည်း အမွေဆိုင်အချင်းချင်းအကြား အမွေဆက်ခံခွင့်နှင့်ပတ် သက်၍ အငြင်းပွားမှုဖြစ်ပြီး အဆိုပါဒီကရီကို အယူခံ ဝင်ရာ တရားရုံးချုပ်(မန္တလေး)၏ တရားမပထမအယူခံ မှုအမှတ် ၃၈/၁၉၉၉ တွင် ဒေါ်မြင့်မြင့်လှနှင့် ဒေါ်အေး အေးလှတို့အား အမွေမမီမြေးအဖြစ် ဆုံးဖြတ်ခဲ့ခြင်း သည် ၄င်းတို့အကြား အကျိုးသက်ဆိုင်ခွင့်များ ဝိရော ဓိဖြစ်စေသည့်အတွက် မီးသေသောဆုံးဖြတ်ချက်သာ ဖြစ်သည်ဟု ကောက်ယူဆုံးဖြတ်ခဲ့သည်။
ဒေါ်ထွေးခင်နှင့် ဒေါ်တင်မြ အမှု ၁၉၉၀ ပြည့် နှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၄၉ တွင် ကွယ် လွန်သူ ဒေါ်ညွန့်တင်၏ကျန်ရစ်သောပစ္စည်းကို စီမံခန့် ခွဲပေးရန် မောင်နှမများဖြစ်သူ ဒေါ်တင်မြက ဒေါ်ထွေး ခင်နှင့် ဒေါ်ညွန့်ခင်တို့ ၄ ဦးအပေါ် စွဲဆိုရာ ဒေါ်ထွေး ခင်တစ်ဦးတည်းကသာ ချေပပြီး ဒေါ်ညွန့်ခင်ပါ ၄ ဦး တို့က ဖြောင့်ဆိုဝန်ခံသည်။ ဒေါ်ထွေးခင်က အချင်း ဖြစ်အိမ်မှာ ကွယ်လွန်သူတစ်ဦးတည်းပိုင်မဟုတ် ကြောင်း၊ ကွယ်လွန်သူနှင့် ၄င်းဆောက်လုပ်ခဲ့သည်ဟု ထုချေသဖြင့် ဒေါ်ထွေးခင်နှင့် ဒေါ်ညွန့်ခင်ပါ ၄ ဦးအ ကြား အချင်းဖြစ်အိမ်မှာ ကွယ်လွန်သူတစ်ဦးတည်းပိုင် ဟုတ်မဟုတ် အငြင်းပွားလျက်ရှိကြောင်း၊ ယင်းအငြင်း ပွားချက်ကို မူလရုံးက ငြင်းချက်(၁) နှင့် (၂)တို့ကို ထုတ်နုတ်ကြားနာကာ ဒေါ်ညွန့်ခင်အား အနိုင်ပေးဆုံး ဖြတ်ခဲ့သည်။ ဒေါ်ထွေးခင်က အယူခံတင်သွင်းရာတွင် မူလရုံးတရားပြိုင် ဒေါ်ညွန့်ခင်ပါ ၄ ဦးတို့အား အမှု သည်အဖြစ် ထည့်သွင်းခဲ့ခြင်းမရှိချေ။ တရားရုံးချုပ်က အယူခံမှုတွင် အယူခံတရားလို ဒေါ်ထွေးခင်နှင့် မူလ တရားပြိုင် ဒေါ်ညွန့်ခင်ပါ ၄ ဦးတို့အကြား အချင်းဖြစ် အိမ်မှာ ကွယ်လွန်သူတစ်ဦးတည်းပိုင်ဖြစ်သည်ဟူသော မူလရုံး၏ဆုံးဖြတ်ချက်သည် မီးသေပြီးဖြစ်ကြောင်း၊ အ ယူခံမှုတွင် အယူခံတရားလို၏တင်ပြချက်ကို လက်ခံ ၍ အချင်းဖြစ်အိမ်မှာ ကွယ်လွန်သူနှင့် ဒေါ်ထွေးခင်တို့ နှစ်ဦးပိုင်ဖြစ်သည်ဟု ကောက်ယူဆုံးဖြတ်ပါက ပြဿ နာတစ်ရပ်တည်းနှင့် ပတ်သက်၍ ဆန့်ကျင်ဆုံးဖြတ်ချက် နှစ်ရပ်ပေါ်ပေါက်မည်ဖြစ်ကြောင်း သုံးသပ်ထုံးပြုခဲ့သည်။
အဆိုပါအမှုတွင် ညွန်ပြချက်အရ မူလရုံးတရား ပြိုင် ဒေါ်ထွေးခင်သည် ချေပပြီး၊ တရားပြိုင် ဒေါ်ညွန့် ခင်ပါ ၄ ဦးတို့သည် ကွယ်လွန်သူကျန်ရစ်သော အိမ် ဖြစ်ကြောင်း၊ ဖြောင့်ဆိုဝန်ခံသဖြင့် ゞင်းတရားပြိုင် အချင်းချင်းကြားတွင် အငြင်းပွားလျက် အကျိုးဆန့် ကျင်မှုပေါ်ပေါက်နေသည်။ အဆိုပါ အငြင်းပွားချက်ကို မူလရုံးက ငြင်းချက်ထုတ်ပြီး အဆုံးအဖြတ်ပေးခဲ့ပြီးဖြစ် သောကြောင့် အဆိုပါဆုံးဖြတ်ချက်သည် တရားပြိုင် အချင်းချင်းကြားတွင် မီးသေဆုံးဖြတ်ချက်ဖြစ်ကြောင်း ထုံးဖွဲ့ထားခြင်းဖြစ်သည်။
ဤအမှုမှ တရားလိုများဖြစ်ကြသော ဒေါ်မြင့်မြင့် လှနှင့် ဒေါ်အေးအေးလှတို့သည် ယခင်တရားမကြီးမှု အမှတ် ၁၁၆/၁၉၉၈ တွင် တရားပြိုင်များအဖြစ် ပါ ဝင်ခဲ့သည့်နည်းတူ ဤအမှုမှ တရားပြိုင်အမှတ်(၁)ဖြစ် သူ ဒေါ်အုန်းအုန်းသည်လည်း တရားပြိုင်အဖြစ် ပါဝင် ခဲ့ကြောင်း တွေ့ရသည်။ တရားမကြီးမှုအမှတ် ၁၁၆/ ၁၉၉၈ တွင် တရားလိုမှာ ဒေါ်မြမြ(ယခုအမှုမှ တရား ပြိုင် -၂ )ဖြစ်သည်။ အဆိုပါ တရားမကြီးမှုတွင် တရား လိုဒေါ်မြမြက မိဘများဖြစ်သည့် ဦးဘတင်၊ ဒေါ်ကြည် တို့ကျန်ရစ်သော အမွေပုံပစ္စည်းများကို စီမံခန့်ခွဲပေးစေ လိုမှုစွဲဆိုသည်။ ယင်းအမှုတွင် တရားပြိုင် ဒေါ်အုန်း အုန်းနှင့် ဒေါ်အေးအေးလှတို့က အမွေပစ္စည်းမကျန်ရစ် ကြောင်း ချေပထားပြီး တရားပြိုင် ဒေါ်မြင့်မြင့်လှသည် ရုံးရှေ့သို့လာရောက်ချေပခြင်းမရှိကြောင်း တွေ့ရသည်။ ထို့ကြောင့် တရားပြိုင် ဒေါ်အုန်းအုန်းနှင့် တရားပြိုင် ဒေါ်အေးအေးလှ၊ ဒေါ်မြင့်မြင့်လှတို့သည် အကျိုးသက် ဆိုင်ခွင့်များ ဆန့်ကျင်လျက်အငြင်းပွားမှုမရှိကြောင်း၊ တစ်နည်းအားဖြင့် တရားပြိုင် အချင်းချင်းကြားတွင် အကျိုးသက်ဆိုင်ခွင့်များ ဝိရောဓိဖြစ်လျက်ရှိသည်ဟု ပေါ်ပေါက်ခြင်းမရှိကြောင်း တွေ့ရသည်။
ယခုအမှုမှ တရားလိုများသည် အဘိုးအဘွား၏ အမွေကို အမွေမမီမြေးအဖြစ် ခံစားခဲ့ပြီးဖြစ်၍ ကွယ် လွန် ဒေါ်ကြင်ကြင်၏အမွေကို အပတိဋ္ဌသမီးများအ ဖြစ်ခံစားခွင့်မရှိတော့ဟူသော ယခုအမှုမှ အငြင်းပွား အကြောင်းခြင်းရာသည် ယခင်အမှုတွင် တရားပြိုင် အချင်းချင်းကြားတွင် အငြင်းပွားခဲ့ခြင်း၊ အဆုံးအဖြတ် ပြုခဲ့ခြင်းမရှိကြောင်း မြင်သာထင်ရှားနေသဖြင့် ပြည် ထောင်စုတရားလွှတ်တော်ချုပ်က အမွေမမီမြေးအဖြစ် ဆုံးဖြတ်ချက်သည် မီးသေဆုံးဖြတ်ချက်ဖြစ်ကြောင်း ကောက်ယူဆုံးဖြတ်ခဲ့ခြင်းသည် မှန်ကန်သည်ဟု မဆို သာချေ။
ယခုအမှုမှ တရားလိုများသည် ယခင်တရားမ ကြီးမှုအမှတ် ၁၁၆/၁၉၉၈ တွင် မိရင်းဖရင်း၏ အမွေ ကို ခံစားခဲ့ကြခြင်းမဟုတ်ဘဲ ဘိုးဘွား၏အမွေကို အမွေမမီမြေးအဖြစ် မိမိတို့၏ကိုယ်ပိုင်အခွင့်အရေးအ ရ အမွေဆက်ခံခဲ့ခြင်းသာဖြစ်၍ အဆိုပါစီရင်ထုံးနှင့် ဖြစ်ရပ်ချင်းမတူညီသဖြင့် အယူခံရားပြိုင်ဘက်မှ တင် ပြချက်ကို လက်ခံနိုင်ခြင်းမရှိပေ။
ထို့ကြောင့် ကြားနာလျက်ရှိသော ပြဿနာအပေါ် အောက်ပါအတိုင်းဖြေဆိုလိုက်သည် –
‘မန္တလေးတိုင်းတရားရုံး၊ ၁၉၉၈ ခုနှစ်၊ တရားမ ကြီးမှုအမှတ် ၁၁၆ တွင် အမှုမှ တရားလိုများသည် အမွေမမီမြေးများအဖြစ် ဖခင်ရင်းဖြစ်သည့် ကွယ်လွန် သူ ဦးကျော်လှရထိုက်သည့် အမွေကို ဘိုးဘွားများထံ မှ အမွေရထိုက်ခွင့်ရှိကြောင်း ကောက်ယူဆုံးဖြတ်ချက် သည် အဒေါ်ဖြစ်သော ကွယ်လွန်သူ ဒေါ်ကြင်ကြင်၏ အပတိဋ္ဌသမီးအဖြစ် အမွေတောင်းခံတရားစွဲဆိုသည့် ယခုအမှုအတွက် မီးသေဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ တရားလိုများသည် ယခုအမှုကိုစွဲဆိုရန် အခွင့်အရေးမ ရှိတော့ကြောင်း သုံးသပ်၍ တရားလိုစွဲဆိုသော အမှုကို ပလပ်ခဲ့သည့် မန္တလေးခရိုင်တရားရုံး၏ ဒီကရီကို အတည်ပြုခဲ့သော မန္တလေးတိုင်းဒေသကြီးတရားလွှတ် တော်၏ ဒီကရီကို ဆက်လက်အတည်ပြုခဲ့သည့် ပြည် ထောင်စုတရားလွှတ်တော်ချုပ်၏ ဒီကရီသည် ဥပဒေ အရ မှန်ကန်ခြင်းမရှိကြောင်း’
သို့ဖြစ်၍ ဤအထူးအယူခံမှုကို ခွင့်ပြုသည်။ မူလ ရုံးတရားလိုများသည် ဤအမှုကို ဤပုံစံအတိုင်းစွဲဆို ပိုင်ခွင့်မရှိကြောင်း ပဏာမငြင်းချက်အမှတ်(၁)ကို ဖြေ ဆိုကာ အမှုပလပ်ခဲ့သည့် မန္တလေးခရိုင်တရားရုံး၏ စီ ရင်ချက်နှင့် ဒီကရီ၊ ယင်းဒီကရီကို အတည်ပြုခဲ့သည့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်နှင့် ပြည် ထောင်စုတရားလွှတ်တော်ချုပ်တို့၏ စီရင်ချက်နှင့်ဒီက ရီများကို ပယ်ဖျက်လိုက်သည်။ မန္တလေးခရိုင်တရားရုံး သည် အမှုကိုမူလအမှုအမှတ်ဖြင့် ပြည်လည်ဖွင့်လှစ် ၍ အမှုကိုဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်သွားရန် ညွှန် ကြားလိုက်သည်ဟု ဆုံးဖြတ်ခဲ့ပါတယ်။
ဗဟုသုတ
သည်အမှုကို သေသေချာချာဖတ်ကြည့်စေလိုပါ တယ်။ ဆိုင်ရာစီရင်ထုံေးတွလည်း ဖတ်စေလိုပါတယ်။ အမွေဆက်ခံခွင့်ဆိုင်ရာမှာ မတူညီတဲ့အချက်တွေကို ရှာဖွေကောက်နုတ်တင်ပြသွားတာပါ။ မီးသေဆုံးဖြတ် ချက်ပြဿနာကိုလည်း ဗဟုသုတရစေမယ်လို့ မျှော် လင့်မိပါတယ်။ စာဖတ်သူများ ဥပဒေဗဟုသုတတိုးတက် ကြပါစေ။
_
ဦးခင်ဇော်(တရားလွှတ်တော်ရှေ့နေ-ပဲခူး)
အငြိမ်းစားဥပဒေအရာရှိ အဆင့်-၂
Credit … http://crimenews-journal.com

Comments
Post a Comment