ရှေ့နေခ အကြောင်း-(၁)
' ရှေ့နေခ အကြောင်း-(၁)
'
(တိုင်ပင်ခ)
ကိုဖြူ ။ “ရှေ့နေခ”အကြောင်းပြောပြပါဆရာ။
ယူတီကေ ။ ရှေ့နေလုပ်ငန်းဟာအကျိုးဆောင်ရတဲ့ (Service)လုပ်ငန်းဖြစ်ပါတယ်။ ရှေ့ နေဆိုတာ အမှု့သည်အတွက် အမှုကိစ္စတွေမှာ လိုက်ပါဆောင်ရွက်ပေးရပါတယ်။ အမှု့သည်တွေကို ဥပဒေနဲ့ဆိုင်တဲ့ အခွင့်အရေးနဲ့ တာဝန်တွေအကြောင်း အကြံပေးပြောဆိုရတဲ့ အသက်မွေးဝမ်းကြောင်း ဖြစ်ပါတယ်။
အမှု့အပ်နှံသူ/တိုင်ပင်သူ (Clients)တွေဟာ အမှု့အခင်းမဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီး ကာလတွေမှာ ဘယ်လိုဥပဒေရေးရာအရ (အခွင့်အရေး/တာဝန်)ရှိနိုင်တယ်ဆိုတာကို ရှေ့နေရှေ့ ရပ်များထံသွားပြီး ဆွေးနွေးတိုင်ပင်ကြပါတယ်။ ရှေ့နေကို စိတ်တိုင်းကျရင် အမှု့အပ်နှံပါတယ်။ မူလရုံးမှာ မူလရုံးမှာအမှု့ပြီးပြတ်သွားရင် အမှု့တစ်ခုပြီးဆုံးပါတယ်။ မူလရုံးစီရင်ချက်အမိန့်အပေါ် မကျေနပ်ရင်အထက်ရုံးကို မိမိ(အမှု့သည်)ကဖြစ်စေ၊ တစ်ဘက်အမှု့သည်ကဖြစ်စေ (အယူခံမှု့/ပြင်ဆင်မှု)တက် တတ်ပါတယ်။ အဲဒီအခါမှာလဲ ဒီရှေ့နေကို ဆက်ငှားရမ်းမယ်ဆိုရင် နောက်ထပ်တစ်မှု့အတွက် ရှေ့ နေလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ မူလရုံး၊ အယူခံရုံး၊ ပြင်ဆင်မှု့ရုံး၊ နေပြည်တော်တစ်ဦးထိုင်ရုံး၊ စုံညီခုံရုံးအထိ ရောက်အောင်ရှေ့နေများ လိုက်ပါဆောင်ရွက် (အကျိုးဆောင်)ပေးရတတ်ပါတယ်။ ဒါ့ကြောင့် ရှေ့နေခ အကြောင်းတင်ပြတဲ့အခါ အမှု့မဖြစ်မီတိုင်ပင်ခြင်း၊ အကြံပေးခြင်းက စပြီး ပြောပြပါမယ်။ ကျန်တဲ့အမှု့လိုက်ပါခြင်း အကြောင်းကို နောက်ဆောင်းပါးများမှာ တင်ပြပါမယ်။
အမှု့ကိစ္စတိုင်ပင်၊ ဆွေးနွေး၊ အကြံပေးခြင်း။
အမှု့အခင်းမဖြစ်ပွားမီတိုင်ပင်ခြင်း။
(က) တရားမမှု့ခင်းများ
လင်မယားကွာလိုမှု့၊ အိမ်ငှားနှင်လိုမှု့၊ ချေးငွေရလိုမှု့၊ ကျူးကျော်သူကိုနှင်ထုတ်လိုမှု့၊ အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု့စတဲ့ တရားမကြောင်းဆိုင်ရာ အမှု့တွေကို တရားမစွဲဆိုမီ (အမှု့အခင်းတရားရုံးမရောက်မီ) ရှေ့နေများထံမှာ တိုင်ပင်တတ်ကြပါတယ်။
ဥပမာ (၁) ကွာလိုမှု
ကွာလိုမှု့များမှာ လင်ကမယား/မယားကလင်ကို ကွာချင်တတ်ပါတယ်။ (ဆန္ဒ) ကွာချင်ပေမဲ့ ကွာရတဲ့အကြောင်းက ဥပဒေနဲ့ညီ/မညီ မသိတတ်ကြပါဘူး။ ရှေ့နေရှေ့ရပ်က ကွာလိုသူရဲ့ ဆန္ဒကိုဆောင်ရွက်ပေးရာမှာ ဥပဒေနဲ့ ညီတဲ့အမှု့အခင်းဖြစ်/မဖြစ် မေးမြန်းကြည့်ရပါတယ်။ လိမ်လည်ပြောဆိုပြီး ပေါင်းသင်းခဲ့လို့၊ အခြားသူနဲ့ ဖောက်ပြန်လို့၊ နောက်မိန်းမယူလို့၊ မထောက်ပံ့ဘဲ စွန့်ပစ်ထားလို့၊ ရက်စက်ရိုက်နှက်မှု့လုပ်လို့စတဲ့ လင်မယားကွားရှင်းပြတ်စဲစေတဲ့၊ ဥပဒေရေးရာ (အခွင့်အရေးနဲ့တာဝန်)အကြောင်းမေးမြန်းရပါတယ်။ ရှေ့နေရဲ့ မှတ်ဥာဏ်ထဲမှာ လင်ခန်းမယားခန်းပြတ်စဲရန် လုံလောက်သောအကြောင်း (၅)ချက်ဖြစ်တဲ့ (လည်ဆယ်၊ ဖောက်ပြား၊ နောက်မယား ချစ်၊ စွန့်ပစ်၊ ရက်စက်-ဤငါးချက်)ကို သိထားရပါတယ်။ ဒီအချက်တွေ ရှိ/မရှိမေးမြန်း တိုင်ပင်၊ အကြံပေးရပါတယ်။ လင်ဖြစ်သူက အသားမဲသွားလို့၊ သွားခေါလာလို့၊ ညအိပ်ယာထဲမှာ ဟောက်တတ်လို့ဆိုတဲ့ မယားဖြစ်သူရဲ့အကြောင်းပြချက်တွေဟာ ဥပဒေနဲ့မညီပါဘူး။ ဥပဒေနဲ့ အညီ တရားစွဲနိုင်တဲ့ အမှု့မဟုတ်ကြောင်း၊ နိုင်-နိုင်တဲ့အမှု့ မဖြစ်နိုင်ကြောင်း ရှေ့နေများက အကြံပေးပေးရပါတယ်။ တိုင်ပင်အကြံပေးခတောင်းရပါတယ်။ (ပေး-၅သောင်း)
(၂) အမွေမှုများ
ဒီအမှုမျိုးမှာ လာရောက်တိုင်ပင်သူအမှု့သည်ဟာ အမွေရထိုက်သူအမွေစားအမွေခံ ဟုတ်/မဟုတ် ရှေ့နေက မေးမြန်းရပါတယ်။ အမွေလမ်းကြောင်းမှာ မရှိတဲ့ သူဆိုရင် အမွေမှု့စွဲဆိုရင်လည်း အမွေမရနိုင်ပါဘူး။ ဥပမာ – အမှု့သည်ဟာ သေသူအမွေရှင်ရဲ့ မွေးစားသားပါ၊ အမွေမှုစွဲချင်ပါတယ်လို့ ပြောလာတယ်။ မွေးစားတာက ကိတ္ထိမသားဖြစ်နိုင်တဲ့ မှတ်ပုံတင်စာချုပ်နဲ့ မွေးစားတာမဟုတ်ဘူး။ သေသူမှာ သားရင်း၊ သမီးရင်းတွေရှိနေရင် ဒီမွေးစားသားဆိုသူဟာ အမွေမရနိုင်ပါဘူး။ ရှေ့နေက ဥပဒေရေးရာအရ အခွင့်အရေးမရှိကြောင်း အကြံပေးရပါတယ်။ တိုင်ပင်အကြံပေးခတောင်းရပါတယ်။ (ပေး-ခြောက်သောင်း)
(ခ)။ ရာဇ၀တ်မှုများ
(၁)လိမ်လည်မှု(၄၂၀)၊ အလွဲသုံးစားမှု(၄၀၃/၄၀၆)
A အမှု့သည်က သူ့အပေါ်တဘက်လူ B ကလိမ်လည်မှု့၊ ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု့ (အလွဲသုံးစားမှု့နဲ့)တရားစွဲတော့မယ်၊ ဘာဖြစ်နိုင်သလဲ အကြံဥာဏ်လာတောင်းတတ်ပါတယ်။ (သို့မဟုတ်)
B အမှု့သည်က သူထံကငွေချေးပြီးပြန်မပေးတဲ့ A အပေါ်ရာဇ၀တ်ကြောင်းနဲ့ တရားစွဲချင်ကြောင်း လာတိုင်ပင်တတ်ပါတယ်။ ရှေ့နေက လိမ်လည်မှု့ (ပုဒ်မ -၄၂၀)နဲ့ အလွဲသုံးစားမှု့ (ပုဒ်မ-၄၀၃/၄၀၆)မြောက်စေတဲ့ အင်္ဂါရပ်များကို ပြောပြပြီးအကြံပေးရတတ်ပါတယ်။ အကြံပေး၊ တိုင်ပင်ခ ရပါတယ်။ (ပေး -တစ်သိန်း)
(၂) မယားခိုးမှု(၄၉၇)
“ဆရာ-ကျွန်တော်ယူထားတဲ့ မိန်းမမှာ လွန်ခဲ့တဲ့ (၄)နှစ် ကျောင်းသူဘ၀တုန်းက ခိုးရာလိုက်ပြေးဖူးတယ်။ တရားရုံးမှာ လက်ထပ်စာချုပ် ချုပ်ခဲ့ဖူးတယ်တဲ့။ နောက်လက်ထပ်ပွဲ ပျက်သွားပြီး မယူဖြစ်တော့ဘူးတဲ့။ အခုကျွန်တော်နဲ့ လက်ထပ်ပြီးမှ ကျွန်တော့်အပေါ် “မယားခိုးမှု့”နဲ့ တရားစွဲဆိုမလို့ ခြိမ်းခြောက်နေတယ်။ ဘာဖြစ်နိုင်သလဲဆရာ” တဲ့။ (ပေး-ရှစ်သောင်း)
(၃) တစ်လင်တစ်မယားဥပဒေ ပုဒ်မ – ၁၃
“ဆရာ-ကျွန်တော့်ပထမမယားကြီးက ကျွန်တော့်ကို တစ်လင်တစ်မယားမှု့နဲ့ တရားစွဲမယ်။ မစွဲစေချင်ရင် ပစ္စည်းတွေအကုန်သူ့ကိုလွှဲပေးရမယ် ပြောနေတယ်ဆရာ။ တရားစွဲလို့၊ ထောင်ကျရင်တော့ ကျွန်တော်ရာထူးလဲပြုတ်ပြီ၊ ပစ္စည်းလဲဆုံးပြီ။ ကယ်ပါဦး” တဲ့။ (ပေး- ကိုးသောင်း)
ဒီလိုနဲ့ ရှေ့နေတွေဟာ အမှု့အခင်းမဖြစ်သေးတဲ့ (တရားမမှု့ /ရာဇ၀တ်မှု့က) အမှု့သည်တွေကို အကြံဥာဏ်တွေပေးရပါတယ်။ အကြံပေးခ (Consultation Fee)ဆိုတာ တောင်းယူကြပါတယ်။
ကိုဖြူ ။ ဆရာတို့ရှေ့နေ ရှေ့ရပ်တွေ (တိုင်ပင်ခ)ကို ဘယ်လိုနှုန်းနဲ့ တောင်းကြတာလဲဆရာ။
ယူတီကေ ။ “တိုင်ပင်ခ”ဆိုတာ တိုင်ပင်တယ်၊ အကြံပေးတယ်ဆိုတဲ့အဆင့်မှာ ပေးရတဲ့ ရှေ့ နေခ ဖြစ်ပါတယ်။ တိုင်ပင်ခနှုန်းကို အမျိုးမျိုးချင့်ချိန်ပြီး ရှေ့နေတွေ ကိုယ့်သဘောနဲ့ကိုယ် တောင်းချင်သလောက် တောင်းပါတယ်။ (ဟယ် —) ဟုတ်ကဲ့။ အချို့ရှေ့နေတွေဟာ ပုံသေနှုန်းထားနဲ့ တိုင်ပင်ခ တောင်းပါတယ်။ (တစ်ခါတိုင်ပင်ရင် ကျပ်ငါးသောင်း) အချို့ရှေ့နေများကြတော့ တိုင်ပင်ချိန်(အချိန်ကာလ ကြာမြင့်မှု့အပေါ် တောင်းပါတယ်) (၁၅)မိနစ်ထိ ငါးသောင်း၊ နောက်ထပ် (၁၅)မိနစ်လျှင် ၃သောင်းနှုန်း တိုင်ပင်ခပေးရပါတယ်။ အမှု့သည်နဲ့ ရှေ့နေစတွေတဲ့အချိန်မှာ၊ ရှေ့နေဟာအချိန်မှတ်နာရီ (Timer)ဖွင့်ပါတယ်။ ပထမ(၁၅)မိနစ်အတွက် တိုင်ပင်ခငွေကြိုပြီးပေးရပါတယ်။ (၁၅)မိနစ်ပြည့်ရင် ရှေ့နေက သတိပေးပါတယ်။ နောက်ထပ် (၁၅)မိနစ်တွက်ငွေထပ်ပေးရပါတယ်။ ရှေ့နေခမပေးရင် ဆက်ပြီး စကားမပြောတော့ပါဘူး (အိုး —–) အချို့ကတော့အမှု့သည်ရဲ့ချမ်းသာမှု့ အမှု့တန်ဖိုးအပေါ်မှာ ကြည့်ပြီး တိုင်ပင်ပြီးမှ (၁)သိန်း(၂)သိန်းတောင်းကြတယ်။
ကိုဖြူ ။ အမှု့သည်တွေထံက ရှေ့နေတွေက ဘာဖြစ်လို့ တိုင်ပင်ခ တောင်းကြတာလဲဆရာ။ ကိုယ့်ကိုရှေ့ နေအဖြစ်ငှားလိုက်ရင်ပြီးတာပဲ “အမှု့လိုက်ခ/ရှေ့နေခ ထဲမှာ တိုင်ပင်ခပါပြီးသား မဟုတ်လား ဆရာ။
ယူတီကေ။ အမှု့သည်နဲ့ရှေ့ နေ့ဆက်ဆံရေးဟာ ကိုဖြူပြောသလို အမြဲတန်းဖြောင့်ဖြောင့်တန်းတန်း၊ လွယ်လွယ်ကူကူ၊ လေးလေးစားစားမရှိတတ်ဘူးဗျ။ အမှု့တိုင်ပင်ပေမဲ့ တကယ်အမှု့ဖြစ်လာတော့ အခြားရှေ့နေကို ငှားသွားတတ်တယ်။ ပထမတိုင်ပင်ထားတဲ့ ရှေ့နေကိုမသုံးတော့ဘူး။ အဲဒီပထမရှေ့နေခမျာ တိုင်ပင်ခလဲယူမထားဘူးဆိုရင် ဒီအမှု့သည်ထံကဘာမှမရတော့ဘူး။ ရုံးမှာ တွေ့ရင်တောင် မသိသလို၊ မခေါ်ချင်သလိုနေတတ်တယ်။ ပိုဆိုးတာက ပထမရှေ့နေဟာ ကိုယ့်ကို တိုင်ပင်ထားဖူးတဲ့ အမှု့သည်ရဲ့ ဆန့်ကျင်ဘက်အမှု့သည်က လာငှားရင်လဲ (ရှေ့နေကျင့်ဝတ်အရ) လက်မခံရတော့ဘူး။ မလိုက်ရတော့ဘူးတဲ့ (ကိုယ့်ကိုမငှားလို့/ တစ်ဘက် လူငှားလို့ လိုက်တာလို့ပြောလို့မရဘူး)ရှေ့နေနှစ်ခါနစ်နာတတ်တယ်တဲ့။ ဒါကြောင့် တောင်းကြ ရတာပါဗျာ)
ကိုဖြူ။ အမှု့သည်တွေကလည်း ကိုယ်မငှားဘဲနဲ့ ဘာလို့ ရှေ့နေထံသွားပြီးတိုင်ပင်ကြတာလဲ။
ယူတီကေ။ လူနာကအထူးကုဆရာဝန်ကြီးရဲ့ ဆေးခန်းကိုသွားပြီး ကိုယ်ရဲ့ ရောဂါလက္ခဏာတွေ ပြောပြမယ်။ ဆရာဝန်ကြီးက ဘာကုထုံး (ဆေးတိုက်/ဆေးထိုး/ခွဲစိတ်)နဲ့ကုမယ်ဆိုတာကို မေးမယ်။ လူနာက မကြိုက်ရင် မကုတော့ဘူးဗျာလို့(တစ်ပြားမှမပေးဘဲ)ပြန်ထွက်လာမယ်ဆိုရင် ရပါ့မလား။ ကိုဖြူ (အဲ) ဒါပေမဲ့ ရှေ့နေကို တိုင်ပင်ရင်တော့ ဒီလိုပြောလို့ရတယ်။ အမှု့သည်ကရှေ့နေထံကို လာပြီးတိုင်ပင်တယ်။
“ဆရာနဲ့လာပြီး တိုင်ပင်ရုံပါ။ ဆရာကူညီနိုင်မလား/လုပ်ပေးနိုင်မလား သိချင်လို့ပါ။ ဆရာရဲ့ အရည်အသွေး၊ ပေါက်ရောက်မှု့၊ ကျွမ်းကျင်မှု့၊ အဆက်အသွယ်လမ်းကြောင်း မေးကြည့်ချင် လို့ပါ။ ကျွန်တော်အမှု့ဆရာလိုက်ပေးလို့ နိုင်မလားသိချင်လို့လာပြီးစူးစမ်းကြည့်တာပါ၊ ကြိုက်ရင် ငှားမယ်။ မကြိုက်ရင်ဒီတခါ တိုင်ပင်ပြီးရင် လှည့်တောင်မကြည့်တော့ပါဘူး၊ ဒါပါပဲ ဆရာ”လို့ ထုတ်ဖော်ပြီး မပြောပေမဲ့ စိတ်ထဲမှာ ဒီအတိုင်းသဘောထားကြပြီး တိုင်ပင်ကြတာပါ။ ကိုဖြူ-ဒါကြောင့်ကိုယ့်ကို တိုင်ပင်ပေမဲ့ ကိုယ်ကိုငှားလိမ့်မယ် /အမှု့အပ်လိမ့်မယ်လို့တစ်ထစ်ချ မမှတ်ယူနိုင်ပါဘူး။ မြည်းကြည့်ရုံသက်သက်ပဲလို့ ရှေ့နေများက သဘောထားကြပါတယ်။ ဒါ့ကြောင့်တိုင်ပင်ခ တောင်းရတာပါဗျာ။
ကိုဖြူ ။ ဆရာတို့ထံလာ တိုင်ပင်တာနဲ့ တိုင်ပင်ခငွေတောင်းယူတော့ ဆရာတို့မှာ ဘာတွေများ ပွန်းပဲ့၊ ကုန်သွားလို့လဲ ဆရာရယ်။
ယူတီကေ။ (အချိန်ကုန်-လေကုန်)
(ဆက်ပါဦးမည်)
ယူတီကေ (စိတ်၊ လိပ်၊ ဥ၊ တု)
_ Credit … http://crimenews-journal.com

Comments
Post a Comment