လိပ်ခေါင်းရောဂါ (Piles)
လိပ်ခေါင်းရောဂါ (Piles)
၂၁ ရာစုမှာ အထိုင်များလာတဲ့ နေထိုင်မှုပုံစံက ဝမ်းချုပ်၊ လေချုပ်ဖြစ်ကာ လိပ်ခေါင်းဖြစ်စေလွယ်တယ်။ အဓိက လိပ်ခေါင်းနှစ်မျိုးရှိပါတယ်။ အပြင်လိပ်ခေါင်းနဲ့ အတွင်းလိပ်ခေါင်းဖြစ်တယ်။ အပြင်လိပ် ခေါင်းရှိရင် စအိုနားတစ်ဝိုက်မှာ ရောင်ရမ်း နေပြီး လက်ချောင်းတွေနဲ့ ထိတွေ့ စမ်းသပ် လို့ရတယ်။ အတွင်းလိပ်ခေါင်းက စအိုကို ထောက်မထားဘဲ တစ်သျှူးအစုအပုံအနေ နဲ့ တည်ရှိပြီး အလွယ်တကူစမ်းသပ်လို့မရပါဘူး။
လိပ်ခေါင်းအမျိုးအစားနှစ်ခုလုံးဟာ သွေးကြောတွေဖောင်းလာခြင်း၊ ထုံးလာခြင်းကြောင့် ဖြစ်ရပါတယ်။ စအိုမြောင်းရဲ့ သွေးလွှတ်ကြောတွေမှာ ကျုံ့နိုင်ဆန့်နိုင် အား လျော့နည်းလာခြင်းနဲ့ ဝမ်းခေါင်းတွင်း မှာ သွေးဖိအားများလာရင် သွေးကြောထုံး လာတတ်ပါတယ်။ သွေးဖိအားများရခြင်း မှာ မတ်တတ်ရပ်တဲ့အချိန်၊ ထိုင်တဲ့အချိန် ကြာမြင့်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွား ခြင်းနဲ့ ရေရှည်ဝမ်းချုပ်ခြင်းတို့ကြောင့် ဖြစ် တယ်။
လိပ်ခေါင်း (Piles) ရဲ့လက္ခဏာတွေ က စအိုနားတစ်ဝိုက်ပြည့်တင်းနေတတ် ခြင်း၊ မသက်မသာဖြစ်ခြင်း၊ ယားယံခြင်း၊ တစ်ခါတစ်ရံသွေးထွက်ခြင်း၊ ဝမ်းသွားရာ မှာ နာကျင်ခြင်းတို့ဖြစ်တယ်။ လိပ်ခေါင်း ဟာ အပြင်ဘက်မကျွံကျရင် အန္တရာယ်မရှိပါဘူး။ အပြင်ဘက်ကျွံကျရင်တော့ စအိုကြွက်သားတွေထဲရောက်ရှိသွားပြီး အထဲကိုပြန်သွင်းဖို့ ခဲယဉ်းတတ်ပါတယ်။ကျွံကျလာတဲ့လိပ်ခေါင်းကို စမ်းသပ်လို့ရပြီး အကျိအချွဲအနေနဲ့ အပြင်ဘက်ကို ထွက်လာတတ်ပါတယ်။
အပျော့စားလိပ်ခေါင်းကတော့ ကျွံကျခဲပြီး ကျွံကျခဲ့ရင်လည်း အလွယ်တကူ ပြန် သွင်းလို့ရပါတယ်။ ဝမ်းမချုပ်အောင် ဂရုစိုက်ဖို့ပဲလိုပြီး အခြားဆေးဝါးကုသမှု ခံယူစ ရာမလိုပါဘူး။ အပြင်ဘက်ကို ကျွံကျလာတဲ့ လိပ်ခေါင်းအတွက် စအိုတွင်းထည့် ဆေးတောင့်သွင်းပြီး ကုသနိုင်တယ်။ ဒါ့အပြင် ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်း သက် သာအောင် ထုံဆေးပါတဲ့လိမ်းဆေး လိမ်းပေးနိုင်တယ်။ လိပ်ခေါင်းက အရမ်းနာကျင် လာပြီဆိုရင် ခွဲစိတ်ဖြတ်တောက်သင့်ပါတယ်။
နည်းနည်းပြင်းထန်တဲ့ လိပ်ခေါင်းတွေ ကိုတော့ လိပ်ခေါင်းထဲက သွေးကိုခဲစေခြင်းနည်းနဲ့ ကုသနိုင်တယ်။ အတွင်းဘက်က သွေးခဲသွားပြီး လိပ်ခေါင်းကြွေကျတဲ့နည်းပဲဖြစ်တယ်။ အပြင်ကနေ ရော်ဘာကွင်းနဲ့ သေနတ်လိုပစ်ကာ ခေါင်ကိုစည်းနှောင်မိရင် လိပ်ခေါင်းကုသချက်ပြီးပြီဖြစ်တယ်။ ခိုက်အတန့် နာပါတယ်။ အပူပေးခြင်း ၊ ရော်ဘာကွင်းပစ်ခြင်း၊ သွေးခဲစေခြင်း နဲ့ ဆေးထိုးသွင်းခြင်းတို့ပါဝင်တယ်။ထပ်တလဲလဲ ပြန်ဖြစ်တတ်တဲ့လိပ်ခေါင်း အမျိုးအစားလည်း ရှိတတ်ကာ လိုအပ်ပါက ခွဲစိတ် ဖယ်ရှားပစ်သင့်တယ်။ နာကျင်မှုရှိပေမဲ့လည်း နောက်ထပ်ပြန်မဖြစ်စေလို့ စိတ်ချရ တဲ့ ကုသနည်းပဲဖြစ်တယ်။
လိပ်ခေါင်းဟာ တစ်နည်းဆိုရရင် အ စာဟောင်းအိမ်အောက်ပိုင်းမှာ ဖြစ်ပေါ်တဲ့ စအိုအသားနု စူထွက်လာခြင်းဖြစ်တယ်။ လိပ်ခေါင်းဖြစ်စေတဲ့ အကြောင်းရင်းမှာ ဝမ်းချုပ်သူများ၊ စအိုနဲ့ မစင်အိမ် ပုံမှန်မဟုတ်သူများ၊ စအိုထိန်းကြွက်သား အား နည်းသူများ၊ ရေဖျဉ်းစွဲသူများ၊ သားအိမ် အလုံးအကျိတ်၊ သားဥအိမ်အလုံးအကျိတ်၊ ဆီးအိမ် ကင ဆာ၊ အောက်ပိုင်းသေရောဂါသည်တွေမှာ တွေ့ရပါတယ်။
ဖြစ်နိုင်ခြေရှိသူများမှာ ကိုယ်ဝန်ဆောင်များ၊ အဝလွန်သူများ၊ ထိုင်အလုပ် လုပ်ရသူများ၊ ဝမ်းချုပ်တတ်သူများ၊ ဝမ်းလျှောလွန်ခြင်း၊ အစားအသောက်ပုံစံမမှန် သူများ၊ အဆီနည်းတဲ့ အစာ၊ စပ်တဲ့အစာ အစားများသူ၊ အရက်သောက်များသူမှာ တွေ့ရတယ်။
ရောဂါလက္ခဏာတွေမှာ သွေးဝမ်းသွားခြင်း၊ အရိအချွဲသွားခြင်း၊ တစ်ဆို့ဆို့ ဖြစ်ခြင်း၊ နာကျင်ခြင်း၊ ဝမ်းသွားချိန် လိပ်ခေါင်းထွက်ခြင်း၊ အပြင်မှာ လိပ်ခေါင်း အမြဲရှိခြင်း ၊ စအိုဝ ယားယံခြင်း၊ စအိုမလုံဘဲ အရည်စိမ့်ထွက်ခြင်း၊ ဝမ်းသွားပြီး သန့်စင်ရခက်ခြင်း ၊ သွေးအားနည်းခြင်းတို့ တွေ့ရတတ်တယ်။

လိပ်ခေါင်းရဲ့နောက်ဆက်တွဲဆိုးကျိုးမှာ လိပ်ခေါင်း အပြင်မှာထွက်ပြီး စအိုဝနဲ့ ညှပ်မိကာ မာခဲသွားခြင်း၊ လိပ်ခေါင်းမှာ အနာဖြစ်လာခြင်း၊ လိပ်ခေါင်းပုပ်သွားခြင်း၊ ရောဂါပိုးများ သွေးအတွင်းဝင်ခြင်း၊ သွေးဆိပ်တက်ခြင်း ဖြစ်တယ်။ ကုသနိုင်တဲ့နည်းလမ်းက စားသောက်မှုပုံစံပြောင်းကာ ဟင်းသီးဟင်းရွက်များများစားသင့်တယ်။ ဆေးဝါးအနေနဲ့ နေ့စဉ် ဝမ်းပျော့ဆေးကျွေးကာ ကုသနိုင်တယ်။ မခွဲစိတ်ရတဲ့နည်း ရော်ဘာကွင်း သေနတ်နဲ့ပစ်တဲ့နည်း အသုံးပြုနိုင်တယ်။ အပြင်ဘက် ထွက်ကျ ခြင်း၊ အနာဖြစ်ခြင်းတို့မှာ ခွဲစိတ်ကုသခြင်း နည်းနဲ့ ကုသသင့်ပါတယ်။
လိပ်ခေါင်းဖြစ်ရတဲ့ အကြောင်းရင်းမှာ ဝမ်းချုပ်ခြင်းနဲ့ ကိုယ်အလေးချိန်များလွန်း ခြင်းတို့ကြောင့်ဖြစ်တယ်။ဝမ်းချုပ်ခြင်းကြောင့် အူလမ်းကြောင်းလှုပ်ရှားမှုများ အားစိုက်ရလွန်းခြင်းက ဝမ်းဗိုက်ထဲမှာ ဖိအားပိုများစေတယ်။ စအိုဝန်းကျင် သွေး ကြောတွေကို ရောင်ရမ်းစေတယ်။ ဝမ်းချုပ်ခြင်းဟာ အမျှင်ဓာတ် စားသောက်မှု နည်းပါးတဲ့ ပုံစံကြောင့်ဖြစ်တယ်။ အမျှင်များတဲ့ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်စားသင့်တယ်။ ကိုယ်အလေးချိန်များခြင်းဟာ သွေးကြောတွေကို ဖိထား သလို ဖြစ်တတ်တာကြောင့် ကိုယ် အလေး ချိန် လျှော့ချသင့် ပါတယ်။ ဘီအမ်အိုင် ၁၈.၉- ၂၄.၉ အတွင်းရှိသင့်တယ်။

သစ်သီးများ လတ်ဆတ်ရင် အခွံမခွာဘဲစားတာ ပိုကောင်းတယ်။ ကုလားပဲ၊ ပဲနီလေး၊ ဘိုစားပဲ၊ အုတ်ဂျုံနဲ့ ပြုလုပ်ထားတဲ့ယာဂု၊ နို့နဲ့ တွဲဖက်စားရတဲ့ ကောက်နှံ၊ အခွံမာသီး၊ သစ် သီးခြောက်ပါတဲ့စားစရာ၊ ဘီစကစ်မုန့်စားသင့်တယ်။ ဟင်းသီး ဟင်းရွက်နဲ့ သစ်သီးစားခြင်းက ဗီတာမင်စီရရှိသလို အစေ့အ ဆန်၊ အခွံမာသီး၊ ဂျုံနဲ့ ပြုလုပ်တဲ့ အစားအစာ စားသုံးပေးခြင်းဟာ ဗီတာမင်အီး ရရှိစေတယ်။ ကစီဓာတ်၊ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်များများစားကာ အဆီ၊ သကြားနဲ့ ပြုပြင်စီမံထားတဲ့အစာတွေ လျှော့စားခြင်း စတဲ့ စားသောက်မှုပုံစံ ပြင်သင့်ပါတယ်။
နေ့စဉ်ရေ ၂့  ၅ လီတာအထက် သောက်ပေးသင့်တယ်။ ရေများများ သောက်ပေးခြင်းဟာ အူလမ်းကြောင်း သန့် စင်စေပါတယ်။ ရေဆာရင် ရေပဲ သာက်သင့်တယ်။ ဘီယာ၊ အချိုရည် မသောက်သင့်ဘူး။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေ အစာခြေအင်္ဂါ အဖွဲ့ အစည်းထဲ အလွယ်တကူဝင်ရောက်နိုင်ဖို့ ရေများများ သောက်ဖို့လိုတယ်။ လက်ဖက်ရည်နဲ့ ကော်ဖီက ဝမ်းချုပ်စေလို့ မသောက်သင့်ဘူး။
ကုလားပဲအပါအဝင် ပဲအမျိုးမျိုး စားသုံးသင့်တယ်။ ခြောက်သွေ့တဲ့ ပဲကို ရွေးချယ် ဝယ်ယူသင့်ပြီး မချက်ပြုတ်ခင်မှာ ရေစိမ်ထားသင့်တယ်။စည်သွတ်ထားတဲ့ပဲတွေ မှာ အာဟာရတန်ဖိုးနည်းသွားလို့ မစားသုံးသင့်ပါဘူး။ ဝမ်းနုတ်ဆေး နေ့စဉ် မစားသင့်ဘူး။ ဝမ်းပျော့ဆေး အမ်အိုအမ် (Milk of Magnisia ) နေ့စဉ် သုံးပြားစားပေးရင် ဝမ်းမှန်မှန်သွားစေပါ တယ်။
_
TAGS: လိပ်ခေါင်းရောဂါ (Piles)
Author: ဒေါက်တာလွင်သန့်

Comments
Post a Comment