ကိုယ်ကျင့်တရား

 " ကိုယ်ကျင့်တရား "

 ဘုန်းကံဟူသည် အဘယ်နည်း.... မင်္ဂလာရှိသောနေ့သစ်များကို မည်သည့်အရာက မွေးဖွားဖန်တီးပေးနိုင်ပါသနည်း။ 

 မိမိဘဝသည် မိမိ မျှော်လင့်သလို ဖြစ်မလာခြင်း အတွက် မည်သူတွင် တာဝန်ရှိပါသနည်း။

 အတွေးဆိုးဝင်လာလျှင် မည်သို့ နှိပ်ကွပ်ဖယ်ရှား မည်နည်း။


ဘုန်းကံ

 ဘုန်းကံ ဟူသည် အကျင့်စရဏနှင့်အလုပ်၌သာ တည်သည်။ ကိုယ်ကျင့်သိက္ခာကောင်းမွန်သော်       ဘုန်းကံ ကြီးမားမည်။ ကုသိုလ်မှုပြုသော် ဘုန်းကံ ကြီးမားမည်။ မင်္ဂလာရှိမည်။ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်း သော် ဘုန်းကံနိမ့်မည်။ အကုသိုလ်မှုပြုသော် ဘုန်းကံ နိမ့်မည်။ အမင်္ဂလာဖြစ်မည်။


မိမိ၌သာ တာဝန်ရှိ

 လူသည် မိမိနှလုံးသားထဲက စေတနာ၊ကံ၊ဥာဏ်၊ ဝီရိယတို့ကို အားကိုးရပေလိမ့်မည်။ မိမိ၏ဘဝကို မိမိ ကိုယ်တိုင်ဖန်တီးသည်။ မိမိ၏ဘဝသည် မိမိမျှော်လင့် ထားသလိုမဖြစ်ခြင်းအတွက် မိမိ၌သာ တာဝန်ရှိပါ၏။


မင်္ဂလာရှိသောနေ့သစ်


 နေ့သစ်တစ်ခုကို အစပျိုး, အိပ်ရာမှ နိုးသည်နှင့် ဤတစ်နေ့တာအတွင်း စိတ်ကောင်းနှင့် ယှဉ်၍ ကြံ တွေးမည်၊ ပြောဆိုမည်၊ ပြုလုပ်မည်ဟုအဓိဋ္ဌာန်ချမှတ် ၍ ယင်းအဓိဋ္ဌာန်အတိုင်း ကာယကံ၊ ဝစီကံ၊ မနောကံ တို့ကို ဖြစ်ပွားခွင့်ပြုလျှင် ယင်းနေ့သစ်သည် မင်္ဂလာ အပေါင်း ခညောင်းကာ ကျက်သရေရှိသောအချိန်အခါ ကောင်း ဖြစ်ပါ၏။ ကောင်းသောကံသုံးပါးကသာလျှင် မင်္ဂလာရှိသောနေ့သစ်များကို မွေးဖွားစေပါလိမ့်မည်။


အတွေးဆိုးဝင်လာလျှင်


 မိမိ၏စိတ်အတွင်းသို့ ညစ်နွမ်းသောအတွေးများဝင် လာလျှင် ညစ်နွမ်းမှန်းသိပါစေ။ မှားယွင်းသောအတွေး များ ဝင်လာလျှင် မှားယွင်းမှန်း သိပါစေ။ မကောင်း သောအတွေးများ စိတ်အတွင်း၌ အုံကျင်းဖွဲ့စçပြုသည် နှင့် သတိç ပညာဖြင့် မောင်းနှင်ထုတ်ပါ။

 ယင်းအတွေးဆိုးç အတွေးမှားများမှသည် ကာယကံ ဆိုး၊ ဝစီကံဆိုးများအဖြစ် အရောက်မခံခြင်းသည် ဗုဒ္ဓ ဓမ္မကို လက်တွေ့ကျင့်သုံးနေခြင်းဖြစ်ပါ၏။ တရားနှင့် အညီ နေထိုင်နေခြင်းဖြစ်ပါ၏။


အခြေခံကိုယ်ကျင့်တရား


 မိမိကိုအကြောင်းပြု၍ သူတစ်ပါးကို မထိခိုက်, မနစ်နာစေလိုသော စေတနာ နှလုံးသားဝယ် တည်ကိန်း စွဲမြဲနေလျှင် ငါးပါးသီလစောင့်ထိန်းရန် မခဲယဉ်းတော့ပါ။ မိမိကြောင့် သူတစ်ပါးတို့ နှလုံးစိတ်ဝမ်း ရွှင်လန်း      ချမ်းမြေ့ပါစေဟူသော စေတနာကောင်းအရင်းခံဖြင့် ပြောဆိုဆက်ဆံလုပ်ကိုင်ခြင်းသည် ကိုယ်ကျင့်တရား ပင်ဖြစ်ပါ၏။ ငါးပါးသီလဟူသော အခြေခံနိစ္စဓူဝ ကိုယ်ကျင့်သီလကိုမှ မြဲမြံစွာ စောင့်ထိန်းနိုင်ခြင်း မရှိလျှင် ဝိပဿနာဘာဝနာပွားများခြင်းဟူသော အထက်အဆင့် ဘာသာရေးကျင့်စဉ်ကို အကျိုးရှိအောင် ဆောင်ရွက်နိုင် မည်မဟုတ်ပါ။

 

မှန်ကန်သောသဘောတရား


 ဗုဒ္ဓဝါဒ၌ အမျှော်ဖြင့် မြှူဆွယ်မှု၊ အကြောက်ဖြင့် ခြောက်လှန့်မှုတို့အတွက် နေရာမရှိပါ။ မိမိလုပ်သော အလုပ်၊ မိမိ၏စေတနာ၊ မိမိ၏အပြုအမူဆောင်ရွက်ချက် တို့ဖြင့်သာ မိမိ၏ဘဝကို ကောင်းအောင် ဆိုးအောင် လုပ်နိုင်စွမ်းရှိသည်ဟူသောသဘောတရားကား တရား  မျှတ၏။ရိုးစင်းဖြောင့်မတ်၏။စိတ်ကောင်းနှလုံးကောင်း ရှိသော လူသားတိုင်း လက်ခံနိုင်သောသဘောတရား လည်း ဖြစ်၏။


ဦးနှောက်နှင့်နှလုံးသား


 လူသည် နှလုံးသားလည်း လှရမည်။ ဦးနှောက် လည်း မြင့်မားရမည်။ သို့မှသာ မိမိအကျိုး၊ သူတစ်ပါး အကျိုးကိုဆောင်ရွက်နိုင်သော လူတော်လူကောင်းဖြစ် ပေမည်။ ထိုနှစ်ခုတွင် တစ်ခုသာရွေးချယ်ရမည်ဆိုလျှင် မူ နှလုံးလှခြင်းကိုသာ တန်ဖိုးထားသင့်ပါ၏။


သိမှုနှင့်ရှိမှု


 ဓမ္မကို သိမြင်မှုဖြင့် လောဘကို မထိန်း ချုပ်နိုင်သော် ရှိမှုတွေနောက် မောပန်းတကြီးလိုက်ရင်း လိုက်၍ မဆုံးစဉ်မှာပင် ဘဝနိဂုံး အဆုံးသတ်ရတတ်ပါ၏။ ရှိမှုတွေနောက်ကိုလိုက်ရင်း သိမှုမဲ့ဖြင့် ချုပ်ငြိမ်းရ သောဘဝသည် တန်ဖိုးရှိပါမည်လော။


လမ်းကောင်းလမ်းမှန်


 မည်သည့်ဆင်းရဲဒုက္ခနှင့်ကြုံဆုံစေ၊ မိမိ၏ရုပ်နာမ် ခန္ဓာကို ရတနာ သုံးပါးအား အပ်နှင်းလျက် သီလကို စွဲမြဲစွာ ဆောက်တည်ပြီး မိမိ၏ လုံ့လဝီရိယနှင့် ဥာဏ် အားကို အစွမ်းကုန် အသုံးချလျက် ဆင်းရဲဒုက္ခမှ     လွတ်မြောက်အောင် အားထုတ်ကြိုးပမ်းသွားခြင်းသည် လမ်းကောင်းလမ်းမှန်ဖြစ်ပါ၏။ မမြဲသောသင်္ခါရ လောကဝယ် အခက်အခဲများ၊ ဆုံးရှုံးမှုများ၊ ဆင်းရဲဒုက္ခ တွေ့ကြုံမှုများသည်လည်း အမြဲမရှိတတ်ပါချေ။


ကာကွယ်ရေးတာဝန်


 မကောင်းသော ကာယကံ၊ ဝစီကံ၊ မနောကံမှုတို့ ကို မပြုဖြစ်အောင် သတိဖြင့်ရှောင်ကြဉ်ခြင်းသည် မိမိ ကိုယ်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သလို သူတစ်ပါး တို့ကိုလည်း ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်ပါ၏။လူသားမှန်သမျှ မိမိကိုယ်ကို ကာကွယ် စောင့်ရှောက် ရန်တာဝန်ရှိသကဲ့သို့ မိမိ၏အပြုအမူကြောင့် သူတစ်ပါး တို့ စိတ်ဒုက္ခမရောက်စေရန် စောင့်စည်းရမည့် တာဝန် လည်းရှိပါ၏။

-

-

မင်းနန်(မော်ကျွန်း)

ဓမ္မလမ်းညွှန်စာစုမွန် မှ ကူးယူဖော်ပြပါသည်။




Comments

Popular posts from this blog

အဘိဏှသုတ် (ပါဠိ - မြန်မာ)

တာ၀တိံသာ နတ်ပြည်မကြွခင် အခြေအနေများ