သီတင်းကျွတ်လပြည့်နေ့ ၊ အဘိဓမ္မာ အခါတော်နေ့ ၊ ပဝါရဏာပွဲ ၊ မီးမြင့်မိုရ်ပွဲ
" သီတင်းကျွတ်လပြည့်နေ့ ၊ အဘိဓမ္မာ အခါတော်နေ့ ၊ ပဝါရဏာပွဲ ၊ မီးမြင့်မိုရ်ပွဲ ''
မြတ်စွာဘုရားက တာ၀တိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စား ထားခဲ့ပြီး အဘိဓမ္မာ တရားတော် အကျယ်ကို ဝါတွင်း သုံးလ ပတ်လုံး ဟောကြားတော်မူပြီး တရား စစ်သူကြီး ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တစ်ချိန် တည်းမှာ ဟောကြားသင်ပြတော်မူပြီး သီတင်းကျွတ် လပြည့်နေ့မှာ လူ့ပြည်ကို ပြန်ဆင်းခဲ့တဲ့ အထိမ်းအမှတ် အနေနဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့အဖြစ် သတ်မှတ် ခေါ်ဝေါ် ခဲ့ကြပါသည်။
အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန်ရှည်လျား များပြားတဲ့အတွက် ဝါတွင်း သုံးလပတ်လုံး မရပ်မနား ဟော ကြားမှ ပြီးပြည့်စုံအောင် ဟောကြား နိုင်မှာဖြစ်လို့ လူ့ပြည်မှာ တစ်ထိုင်တည်း တနေရာတည်း ဆက်တိုက်နာကြား နိုင်တဲ့သူမရှိလို့ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စားထား ဟောကြား ရတာဖြစ်ပြီး လူသားဖြစ်တဲ့ မြတ်စွာဘုရား ကိုယ်တော်တိုင်ကတော့ လူ့ပြည်ဆင်းပြီး ဣရိယာပုဒ် လေးပါး ညီညွတ် မျှတအောင် စံပ္ပါယ်ရင်း တရားစစ်သူကြီး ဖြစ်ရုံမက အဘိဓမ္မာ တရားတော်မှာ အထုံ ပါရမီပါသူ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို ဟောပြတော်မူပါတယ်။
ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက တစ်ဆင့်တစ်ခြား သာ၀ကငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောပြ သင်ကြား ပေးခဲ့ပါတယ်။ ဒီအထိမ်းအမှတ် အနေနဲ့ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့လို့ ခေါ်ဆိုခြင်း ဖြစ်ပါသည်။
သီတင်းကျွတ် လပြည့်နေ့မှာ ကျင်းပလေ့ ရှိတဲ့ ပွဲများကတော့.........
ပဝါရဏာပွဲ ။ ။ ပဝါရဏာ ရဲ့ အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်း တို့ဖြစ်လေ
သည်။ သာသနာ့၀န်ဆောင် ရဟန်းတော် များဟာ ဝါကျွတ်တာနဲ့ သီတင်းကျွတ် လပြည့်နေ့မှာ “အရှင် ဘုရားတို့။ တပည့်တော်သည် သံဃာကို ဖိတ်ကြား ပါ၏။
တပည့်တော်၏ အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော် လည်းကောင်း၊ သံသယ ရှိလျှင် သော်လည်းကောင်း တပည့်တော်အား သနားသောအားဖြင့် ပြောဆို သတိ ပေးကြပါ။ အပြစ်ကို ကုစားပါမည်" ဟု ဖိတ်ကြား တိုက်တွန်းပြီး ရဟန်းများက မိမိရဲ့ အပြစ်များကို အခြားတစ်ပါးထံမှာ မိမိရဲ့သဘောဆန္ဒအလျောက် ဖွင့်ဟ ပြောဆိုပြီး ၀န်ချတောင်းပန် ကြသလို သာသနာတော် သန့်ရှင်း တိုးတက် ရေးအတွက် အပြုသဘောဆောင်ပြီး ဝေဖန် သုံးသပ်ကြသည့် ပွဲလဲဖြစ် ပေသည်။ အလွန်ပင် ဒီမိုကရေစီ နည်းလမ်း ကျန စည်းစနစ် ကောင်းလှသော ပွဲပါပေ။
မီးမြင့်မိုရ် ပွဲ ။ ။ သီတင်းကျွတ် လပြည့်နေ့ ညနေမှာ နတ်ပြည်ကနေ လူ့ပြည် ကို ဆင်းအလာ လပြည့်၀န်းနဲ့အတူ ကောင်းကင်မှာ တင့်တယ်စွာ ဖူးမြင်ရတဲ့ မြတ်စွာဘုရားကို နတ်လူ အများက ပူဇော်တဲ့အနေနဲ့ ဆီမီးများနဲ့ပူဇော် ကြတဲ့ အထိမ်းအမှတ်အနေနဲ့ အိမ်၊ ကျောင်း၊ တန်ဆောင်းများမှာ ဆီမီး၊ မီးပုံးများ ထွန်းညှိ ပူဇော်ကြသလို ဘုရားစေတီ များမှာလဲ ပွဲများပြုလုပ်ပြီး မီးမြင့်မိုရ်ပွဲများ ပြုလုပ်ကြပါသည်။
ပုဂံမြို့ မြင်းကပါ ဂူပြောက်ကြီးဘုရားက ပန်းချီကားတွင် ဗုဒ္ဓမြတ်စွာဘုရား တာ၀တိံသာမှ သင်္ကသနဂိုရ် ပြည်သို့ သက်ဆင်းပုံ ပန်းချီကိုတွေ့ရသည့် အတွက် မီးမြင့်မိုရ်ပွဲကို ပုဂံခေတ် တည်းက ကျင်းပခဲ့သည်ဟု ယူဆ နိုင်ပေသည်။
ဘုရားပွဲတော်၊ နိဗ္ဗာန်စျေးပွဲတော်များ၊ သက်ကြီးပူဇော်ပွဲနှင့် ဆရာကန်တော့ပွဲများ စသည်တို့ ကိုလည်း မြန်မာနိုင်ငံ တစ်ဝှမ်း ကျင်းပလေ့ရှိကြ သည်မှာ ယနေ့တိုင် ဖြစ်လေသည်။
သီတင်းကျွတ်လကို တူရာသီဟု ခေါ်ပြီး ချိန်ခွင်ရုပ် သဏ္ဍာန် နက္ခတ် ထွန်းပ လေသည်။ ထိုမျှမက ၁၂ လ ရာသီတွင် နေ့တာ နဲ့ ညတာ တူညီသော တစ်ခုတည်းသော လလဲ ဖြစ်လေသည်။ ထို့ကြောင့် ကင်း၀န်
မင်းကြီးက “ သီတင်းကျွတ်ပြီ တူရာသီ အာသ၀ဏီ ရှိန်ဝါရွှန်း၊ ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟို အချာထွန်း” ဟု ဖွဲ့ဆို ခဲ့လေသည်။
… ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ …
သီတင်းကျွတ်လ သည် မြန်မာတို့၏ ၁၂ လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ဝါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။
ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿ၀တီကြယ် နှင့် လမင်း တို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်။
ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်ပါသည်။ ယင်းတို့ကိုပင် မနုဿဗေဒ (Athropology) သဘောအရ လူ့ယဉ်ကျေးမှု သမိုင်းကြောင်းတစ်ခု အဖြစ် မြင်နိုင်ကြပါသည်။
သီတင်းကျွတ်လ ကို ရှေးမြန်မာ ကျောက်စာများ၌ `သန ္တူလ´ ဟုရေးထိုး ကြသည် ။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့ စုဝေးသော မိုးကာလဟုလည်းကောင်း၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသော စပါးပင်များ သန်စွမ်းစွာ ထောင်မတ်သောလ ဟုလည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။
မြန်မာတို့သည် စိတ်ရင်း ရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့် အညီ စစ်မှန်သော ဗုဒ္ဓ သာသနာတော်ကို လွန်ခဲ့သောနှစ်ပေါင်း များစွာကပင် သိက္ခာကာမ၊ ဂန္ထကာရက၊ ပရိယတ္တိဝိသာရဒ၊ လဇ္ဇီပေသလ စသည့်တစ်ဖြာ ဂုဏ်ဝြေဖာသည့် သာသနာပြု ရဟန်းတော်များနှင့် တိုင်းချစ် ပြည်ချစ် မင်းတရားစစ်တို့ကြောင့် သက် ၀င်ယုံကြည် ဆည်းကပ် ကိုးကွယ်ခွင့် ရကြပြန်သော အခါ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ တရားတော်များနှင့် လိုက်လျော ညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှု ဘ၀များဖြင့် လောကဓံ တရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော၊ ရောင့်ရဲ တင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ် အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြသည်။
ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီ ရှိသည့် အနက် လပြည့် လကွယ် နေ့တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူ အတန်းများ၊ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြသည်။
သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသော ပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော် စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ် အခါကပင် ဖြစ်ပါသည်ဟု ပြောဆိုနိုင်ကောင်းပါသည်။
အဘယ်ကြောင့် ဆိုသော် ယခုကျင်းပသည့် သီတင်းကျွတ်လ မီးထွန်းပွဲတော် အစဉ်အလာများသည် ယင်းမှတစ်ဆင့် ကူးစက် ဆင့်ပွားလာခြင်း ကြောင့် ဖြစ်ပါသည်။ ယင်းခေတ် အခါနှင့် ယခုခေတ် အခါတို့မတူသော် ငြားလည်း ရည်ရွယ်ချက်များ တူညီနိုင်ကြမည်ပင်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက် ဝါကို တာ၀တိ ံသာ နတ်ပြည်၌ ဝါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအား အမှုးပြု၍ စကြ၀ဠာနေရာ အနှံ့မှ နတ်ဗြဟ္မာ အပေါင်းတို့အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည်။
သီတင်းကျွတ် လပြည့်နေ့ ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း များဖြင့် စီချယ် အပ်သော ရတနာစောင်းတန်းဖြင့် လူ့ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ပြန်လည် ဆင်းသက်ကြွမြန်းတော်မူသည်။ ဟု ဗုဒ္ဓဘာသာစာပေ အဋ္ဌကထာများ က ဆိုကြပါသည်။
ထိုအခါ သမယတွင် ပြည်သူပြည်သား အပေါင်းတို့က မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ဆွမ်းပန်းရေချမ်း များဖြင့် ကပ်လှူပူဇော်ကြသည်။ တာ၀တိ ံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့လွှတ်တင် ပူဇော်ကြ သည်။ ထိုကဲ့သို့ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ခေတ် အခါ တိုင်အောင် မြန်မာတစ်နိုင်ငံ လုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည်ဟု မှတ်သားရပါသည်။
ဗုဒ္ဓ ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို သည် အသက် ဂုဏ် ဝါကြီးသူ၊ မြင့်မြတ်သူတို့အပေါ်တွင် ငယ်သူ၊ နိမ့်ကျ သူတို့က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ ရှိကြသည့်အတိုင်း ဝါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ဖြင့် သက်ကြီးဝါကြီးများ၊ မိဘဆရာများကို ပူဇော် ကန်တော့ကြသည့် ဓလေ့များကိုလည်း တွေ့မြင်ကြရပါသည်။
ထို့အပြင် ဤအချိန်ကာလသည် မြန်မာတို့၏ တစ်ဦးကို တစ်ဦး ရိုသေလေးစားတတ်သော သဘော၊ မာန်မာန ကို နှိမ့်ချတတ်သော သဘော၊ အပြန်အလှန် မေတ္တာစေတနာ ထားတတ်သော သဘော စသည့် အမျိုးကောင်း သားသမီး တို့၏ ယဉ်ကျေး သိမ်မွေ့သော စိတ်နေစရိုက်ကို ဖော်ကျူးပြသနေသော အမျိုးဂုဏ် ကို မြှင့်တင်ပေးနေသည့် ရိုးရာ အစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့် အညီ အစ်ကို၊ အစ်မများ ညီငယ် ညီမငယ်များ အားလုံးတို့သည်လည်း လောကသာရ ရခိုင်သူမြတ် ရေးသည့် ဆုံးမစာ အတိုင်း `ကောင်းသောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး´ တို့ဖြင့် သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါ၀င်ဆင်နွဲ နိုင်ကြပါစေဟု ဤစာ၏ နိဒါန်း အချီ အနေဖြင့် ဆုတောင်း ဆန္ဒပြုလိုက်ပါသည်။
မြတ်စွာဘုရားရှင် အလောင်းတော်ကို မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ တွင် မိခင် မာယာဒေဝီ မှ ဖွားမြင်တော်မူခဲ့ပါသည်။ ဖွားမြင်တော်မူပြီးသည့်နောက် (၁၆)နှစ် အရွယ်မှာ ယသော်ဓရာ နှင့် ထိမ်းမြား လက်ထပ်တော်မူခဲ့ပါသည်။
အသက် (၂၉)နှစ်မှာ သားတော် ရာဟုလာ ကို ဖွားမြင်သော ညမှာပင် ကာမဂုဏ်၏ အပြစ် တို့ကိုတွေ့ပြီး ငြီးငွေ့တော် မူသဖြင့် နန်းစည်စိမ်နှင့်တစ်ကွ အားလုံးကို စွန့်လွှတ်ပြီး ဥရုဝေလတော ကို၀င်ခဲ့ပါသည်။
ဥရုဝေလမှာ ပင်ပန်းဆင်းရဲသော ဒုက္ကရစရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံး ကျင့်ခဲ့ပါသည်။ ဘုရား အလောင်းတော်သည် မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့် သဗ္ဗညုတ ဉာဏ်တော် အတွက် မည်သို့မျှ အထောက်အကူ မပြုသော ထို အကျင့်များကို စွန့်လွှတ်ပြီး မဇ္စျိမပဋိပဒါ ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်ကို ကိုယ်တော်တိုင် ကျင့်သုံးတော်မူခဲ့ပါသည်။
ထို မဂ္ဂင်ရှစ်ပါး အကျင့်ဖြင့် ဂေါတမ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ကဆုန် လပြည့်နေ့ မှာ
သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့ပါသည်။ ဘုရားဖြစ်ပြီးနောက်-
(၁) ပလ္လင်္က သတ္တာဟ ။ ။ဘုရားဖြစ်သော ဗောဓိပင်ရင်းနေရာ (ပလ္လင်) ထက်တွင် ကဆုန် လပြည့်ကျော် (၁) ရက်နေ့မှ (၇) ရက်နေ့ အထိ ဝိမုတ္တိသုခ (သံသရာမှ လွတ်မြောက်ခြင်းချမ်းသာ) ကို ခံစားလျှက် သီတင်း သုံးတော် မူခဲ့ပါသည်။
(၂) အနိမိသ သတ္တာဟ ။ ။ ဗောဓိပင်၏ အနီး အရှေ့မြောက်အရပ် တည့်တည့် (၁၄) လံ အကွာ နေရာမှာ ကဆုန် လပြည့် ကျော် (၈) ရက်နေ့မှ (၁၄) ရက်နေ့ အထိ (၇) ရက် ထပ်မံ သီတင်းသုံးတော်မူခဲ့ပါသည်။
ငါသည် ပါရမီများ ဖြည့်ခဲ့သောကြောင့် ဤ ပလ္လင်ထက်မှာ မာရ် (၅) ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ ဟု
ဆင်ခြင်ကာ ဖြောင့်ဖြောင့် မတ်မတ် ရပ်နေတော်မူကာ အပရာဇိတပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇) ရက်လုံး ကြည့်ရှု ၀မ်းမြောက်နေတော် မူခဲ့ပါသည်။ (အ= မ။ နိမိသ= မျက်စိမှိတ်သည်။ အနိမိသ= မျက်စိမမှိတ်ပဲ)
(၃) စင်္ကမ သတ္တာဟ ။ ။ ကဆုန် လကွယ်နေ့မှ နယုန် လဆန်း (၆) ရက်နေ့ အထိ (၇) ရက်တွင် ဗောဓိပင်
ပလ္လင် နဲ့ အနိမိသ သတ္တာဟ အကြား စင်္ကြ ံလျှောက်တော်မူကာ (၇) ရက် ထပ်မံ သီတင်းသုံးတော်မူခဲ့ပါသည်။
ယင်းနေရာမှာ နတ်တို့က “ ရှင်ဂေါတမသည် ဗောဓိ ပလ္လင်၌ တပ်မက်နေသေးသည်၊ ဘုရား စင်စစ် မဖြစ်သေး” ဟု ယုံမှား သံသယဖြစ်ကြသည်။ ထို ယုံမှားပျောက်စေရန် ရေ အစုံ၊ မီး အစုံ ယမကပြာဋိဟာ ပြတော်မူခဲ့ပါသည်။ စင်္ကြ ံ ကြွရင်း တရားဆင်ခြင်၊ ဖလသမပတ် ၀င်စားသောကြောင့် စင်္ကမ သတ္တာဟ ဟုခေါ်ပါ သည်။
(၄) ရတနာဃရ သတ္တာဟ ။ ။ ဗောဓိပင်၏ အနောက်မြောက် (၁၀) လံ အကွာတွင် နတ်များ ဖန်ဆင်း ပူဇော်သော ရတနာ ရွှေအိမ်ထက်၌ နယုန် လဆန်း (၇) ရက်နေ့မှ (၁၃) ရက် အထိ အဘိဓမ္မာ တရားတော်ကို ဆင်ခြင်တော်မူပါသည်။ အဘိဓမ္မာ ရှေးဦး (၆) ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ။ နောက်ဆုံး ပဋ္ဌာန်းဒေသနာ တော်ကြီးကို ဆင်ခြင် သုံးသပ်တော်မူသော အခါမှသာ ရောင်ခြည်တော် (၆) သွယ် ကွန့်မြူး ထွက်ပေါ်လာခဲ့ပါသည်။
(၅) အဇပါလ သတ္တာဟ ။ ။ ဒီနေရာကို ဆိတ်ကျောင်းသမားတွေ နေတဲ့ ညောင်ပင် လို့ ဆိုပါတယ်။ ဗောဓိ ပင် ရဲ. အရှေ.ဘက် (၃၂) လံ အကွာမှာ နယုန် လဆန်း (၁၄) ရက်နေ့မှ နယုန်လပြည့်ကျော် (၅) ရက် အထိ (၇) ရက် သီတင်းသုံးတော် မူပါတယ်။ ဒီနေရာမှာပဲ မာရ်နတ် ရဲ. သမီး (၃) ယောက် ဖြစ်တဲ့ (တဏှာ၊ အရတီ၊ ရာဂါ) တို့က ဘုရားရှင်ကို မိန်းမ မာယာဖြင့် ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ သို့ပေးမယ့် ဘုရားရှင်က တုန်လှုပ်ခြင်း မရှိခဲ့ပါဘူး။
(၆) မုစလိန္ဒ သတ္တာဟ ။ ။ ဗောဓိပင် ၏ အရှေ.တောင်ဘက် (၁၅) လံ အကွာ၊ မုစလိန္ဒာအိုင် အနီး ကျဉ်းပင်အောက်မှာ နယုန် လပြည့်ကျော် (၆) ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂) ရက်နေ့ထိ (၇) ရက် သီတင်းသုံးတော် မူခဲ့ပါသည်။ ထိုနေရာကို သီတင်းသုံးစဉ်မှာ အခါမဲ့ မိုးရွာခဲ့သောကြောင့် မုစလိန္ဒာအိုင် နဂါးမင်း သည် တန်ခိုး နဲ့ လိုတာကို ဖန်ဆင်းနိုင်သော်လည်း သူ၏ ပကတိ ကိုယ်တော်နှင့်သာ ပါးပြင်း မိုးပြီး ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါသည်။
(၇) ရာဇာယတန သတ္တာဟ ။ ။ ဗောဓိပင်၏ တောင်ဘက် (၄၀) လံ အကွာ လင်းလွန်းပင်ရင်း မှာ နယုန် လပြည့်ကျော် (၁၃) ရက်မှ ဝါဆိုလဆန်း (၄) ရက်နေ့ အထိ (၇) ရက် ပတ်လုံး ဖလသမာပတ် ၀င်စားပါတယ်။(၇) ရက်ပြည့်တဲ့နေ့ ဘုရားရှင် အစာအာဟာရ မှီဝဲရန် လိုအပ်နေချိန်မှာ ရာမညတိုင်း၊ ဥက္ကလာဇနပုဒ်၊ ပေါက္ကရ၀တ္တီဇနပုဒ်မှ ကုန်သည် ညီနောင် တဖုဿ၊ ဘလ္လိက တို့က ဘုရားရှင်ကို မုန့်ကျစ်ဆုပ် ဆပ်ကပ်ခဲ့ပါသည်။
ယင်း ကုန်သည်ညီနောင်ကို သံဃာ မရှိသေးသည့်ကာလဖြစ်သည့် အတွက် ဒွေဝါစိက သရဏဂုံ (၂) ပါးကိုသာချီးမြှောက်ခဲ့ပါသည်။ ဆံတော် (၈) ဆူ စွန့်တော်မူပါတယ်။ ယင်း ဆံတော်တို့ကို သူတို့၏ အရပ်ပြန်ရောက်သောအခါ စေတီထဲမှာ ဌာပနာပြုခဲ့ကြောင်း မှတ်သားရပါသည်။
ဗုဒ္ဓစာပေများ အရ မြတ်စွာဘုရားသည် ပထမ ဝါကို မိဂဒါဝုန် မှာ ဝါကပ်တော်မူပြီး ဒုတိယဝါ၊ တတိယဝါ၊ စတုတ္ထဝါ တို့ကို ရာဇဂြိုဟ်ပြည် ဝေဠု၀န်ကျောင်း၊ ပဉ္စမဝါ ကို ဝေသာလီပြည်၊ ဆဋ္ဌမဝါ ကို မကုဠတောင် စသော နေရာဌာနများမှာ ဝါကပ်တော်မူခဲ့ပါသည်။ သတ္တမဝါကို တာ၀တိံသာနတ်ပြည်မှာ ဝါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သား ကို အမှူးထားကာ တာ၀တိံတာ နတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် အဘိဓမ္မာ ဒေသနာတော် ကို ဝါတွင်းသုံးလ ပတ်လုံး အသံမစဲ ဟောတော်မူခဲ့ပါသည်။ မယ်တော် မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ ဟုလည်း ရှေးလူကြီးသူမများ ပြောဆိုရေးသားခဲ့ကြပါသည်။
၀ါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ် လပြည့်နေ့ အထိ ရက်ပေါင်း (၉၀) ၊ ဝါတွင်း (၃) လ - မှာ
၁။ ဓမ္မသင်္ဂဏီကျမ်း ကို (၁၂) ရက်
၂။ ဝိဘင်းကျမ်း ကို (၁၂) ရက်
၃။ ဓာတုကထာကျမ်း ကို (၆) ရက်
၄။ ပုဂ္ဂလပညတ်ကျမ်း ကို (၇) ရက်
၅။ ကထာ၀တ္ထုကျမ်း ကို (၈) ရက်
၆။ ယမိုက်ကျမ်း ကို (၂၀) ရက်
၇။ ပဋ္ဌာန်းကျမ်း ကို (၂၅) ရက် ဟောတော်မူခဲ့ပါတယ်။
အဘိဓမ္မာ တရား ဒေသနာတော်ကို နည်း (၃) နည်း ဖြင့် ဟောကြားခဲ့ပါသည်။
(၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း)
ဗုဒ္ဓမြတ်စွာသည် မယ်တော်ကို ကျေးဇူး ဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တဝါတို့ နားလည်စေလိုခြင်း ၊ အဘိဓမ္မာ တရားကို အစအဆုံး တစ်ထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တစ်ထိုင်တည်းဟောမှ နာကြားရသော တရားနာသူတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်၀န်း နက်နဲမှုကို သိစေလိုခြင်း၊ လူတို့ သက်တမ်းနှင့် သုံးလလောက် ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့် အတွက် လူတို့့ ဣရိယာပုထ် ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာ၀တိ ံ သာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါသည်။
(၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း)
မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့် အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုး သန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတ ရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာ စန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော်မူပါတယ်။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရား အား ၀တ်ကြီး ၀တ်ငယ် ပြုစု ခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာ အား အဘိဓမ္မာ တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါသည်။
(၃) နာတိ ဝိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်း မကျယ်နည်း)
အရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်း ငါးရာတို့အား မကျဉ်း မကျယ် နည်းဖြင့် ပြန်လည် ဟောတော်မူပါသည်။ နောက်တစ်နေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရာကို ဟောကြားသော အဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရား ထံမှောက်၌ ပြန်လည် တင်ပြ အ စစ်ဆေး ခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံ အတည်ပြု တော်မူခဲ့ ပါသည်။
ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ဝါဆို လပြည့်ကျော် (၁) ရက် မှ သီတင်းကျွတ် လပြည့်နေ့ အထိ (၃) လ အတွင်း နည်း (၃) နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တစ်ပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာ ဒေသနာတော်ကို ဟောကြားပြီး တာ၀တိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည် သို့ သီတင်းကျွတ် လပြည့်နေ့တွင် ဆင်းသက်တော် မူခဲ့သဖြင့် ထူးမြတ်သောနေ့ အဖြစ်သတ်မှတ်ကြပါသည်။
ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သော အားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲ ကျင်းပသော အစဉ်အလာသည် ရှေး ဘိုးဘေးဘီဘင်များ လက်ထက် ကပင် ရှိခဲ့ပါသည်။ ထို့အပြင်ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို တာ၀တိံသာ နတ်ပြည်၌ အဘိဓမ္မာ ခုနှစ်ကျမ်း ကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော် မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “ အဘိဓမ္မာ အခါတော်နေ့ ” ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ် ပူဇော်ပွဲများလည်း
ကျင်းပကြပါသည်။
တစ်နည်း ဆိုလျှင် သီတင်းကျွတ် လပြည့်နေ့ကို “ ဘုရားဆုပန်နေ့ ” ဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။ ဘုရား
ရှင် တာ၀တိံသာမှ ဆင်းသက်တော် မူသောအခါ လကျာင်္ဘက် ရွှေစောင်းတန်းက နတ်ဒေ၀တာများ၊ လက်ဝဲဘက် ငွေစောင်းတန်း က ဗြဟ္မာများ ခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်း တန်းဖြင့် ဆင်းသက်တော်မူပါသည်။
ထိုသို့ နတ်ဗြဟ္မာများ ခြံရံလိုက်ပါ၍ ဆင်းသက်တော် မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ် မရှိ တင့်တယ်ပြည့် စုံသော အသရေ တော်ကို ဖူးမြင်ကြရသောအခါ (၃၆) ယူဇနာ အတွင်းရှိသော ပရိသတ် အားလုံး ဘုရားကို အားကျ၊ ဘုရားဖြစ်ချင် စိတ်တွေ ပေါ်လာကာ ဘုရားဆု ကို တောင်းကြပါသည်။ ထို့အတွက်ကြောင့် “ ဘုရားဆု ပန်နေ့” ဟုခေါ်ဆို ထိုက်ပါသည်။
သီတင်းကျွတ် လပြည့်နေ့တွင် ဝါတွင်းသုံးလ ကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ဝါဆိုတော် မူကြ ကုန်သော သံဃာတော် အရှင်မြတ်တို့ လွတ်လွတ် ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါသည်။ ထိုနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန် အကျိုးထူးသော ကထိန် အလှူကို ခံယူထိုက်သော အခွင့်အရေး လည်းရရှိကြပါသည်။
အချုပ်အားဖြင့် ဆိုရသော် ...
သီတင်းကျွတ် လပြည့်နေ့သည် ရဟန်းတော်များ ဝါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်း ဖိတ်ပန် အမှုပြုကြသော ပဝါရဏာနေ့၊ ဘုရားရှင် တာ၀တိံသာ နတ်ပြည်၌ အဘိဓမ္မာ တရားတော်ကို ဟော ကြားပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာ အခါတော်နေ့၊ နတ်ဗြဟ္မာ အပေါင်းခြံရံလျက် တာ၀တိံသာမှ သင်္ကဿနဂိုလ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ ဘုရားရှင် ဆင်းသက် တော်မူသည်ကို
ရည်စူး ပူဇော်သော အားဖြင့် ဆီးမီး စသည့် ထွန်းညှိ ပူဇော်သောနေ့၊ ဗြဟ္မာနတ် လူ သုံးဘုံ သူတို့ ဘုရားရှင်အား အတူတစ်ကွ ကြည်ဖြူပူဇော်သောနေ့၊ နတ်လူ အများ ဘုရားဆု ပန်သောနေ့ စသော ဂုဏ်ထူးဝိသေ သ အဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ် ပင် ဖြစ်ပါသည်။
ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ ဓမ္မမိတ်ဆွေ သူတော်ကောင်းများ အားလုံး သတိပဋ္ဌာန် တရားတော်များကို နာယူကျင့်ကြံ အားထုတ်နိုင်ကြသဖြင့် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ အမြိုက် နိဗ္ဗာန် ကို ရနိုင်ကြပါစေဟု ဆုတောင်းပြီး ဤဆောင်းပါးကို နိဂုံး ချုပ်လိုက်ရပါသည်။
_
အသျှင်ဉာဏုတ္တရ (သီရိလင်္ကာ)
ဓမ္မ ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
Comments
Post a Comment